အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

တိုက်ခိုက်မှု၊ ဖိအားပေးမှုများကြားမှ  ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပ

နိုင်ငံအနှံ့ တိုက်ပွဲများကြားမှ စစ်တပ်က ရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပခဲ့ ပြီး ၎င်း၏အာဏာစက် မကင်းသည့်နေရာတွင် ရှိနေသော ဝန်ထမ်းများ၊ အရပ်သားများ က သွားရောက်မဲပေးခဲ့ကြသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က  ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပသည့်မြို့နယ်တချို့တွင်  တော်လှန်ရေးတပ်ဖွဲ့တချို့၏  ပစ်ခတ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရလင့်ကစား စစ်တပ်က ရွေးကောက်ပွဲ လူစည်ကားများပြားကြောင်း ဝါဒဖြန့်နေသည်။

စစ်ဗိုလ်ချုပ်ကြီးများ အခြေစိုက်ရာ နေပြည်တော်တွင်   စစ်တပ်ထိပ်ပိုင်းအရာရှိများ မဲပေးကြသည်ကို တွေ့ရသလို   ဝန်ကြီးဌာနအချို့၌ ဝန်ထမ်းများ မဲပေးပြီးကြောင်း အထက်ကို အစီရင်ခံရသည်ဟု  သိရသည်။

“မဲပေးပြီးပြီဆိုတာကို သက်သေပြတဲ့ လက်မှင်ပေနေတဲ့ပုံ၊ တန်းစီးနေတဲ့ပုံ၊ အဲဒါတွေကို သက်ဆိုင်ရာ ဌာနကသူတွေဆီ သက်သေခံအနေနဲ့ ပို့ပေးရတယ်” ဟု နေပြည်တော်ရှိ အမည်မဖော်လိုသည့် ဦးစီး အရာရှိတစ်ဦးက ပြောသည်။

ထိုသို့ သက်သေပြရသည့်အထဲတွင် ကျေးလက်ဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ ပါဝင်ကြောင်း   Myanmar Now က စုံစမ်းသိရသည်။

ဇဗ္ဗူသီရိမြို့နယ်သည် ဌာနဆိုင်ရာဝန်ထမ်းများ အများဆုံးနေထိုင်သည့် မြို့နယ်ဖြစ်သည့် အတွက် မဲရုံ များတွင် မဲပေးရန် ရာနှင့်ချီ စောင့်ဆိုင်းနေသည့် ဝန်ထမ်းများကို တွေ့မြင်ရပြီး ရုံးကားများနှင့် အကြိုအပို့ လုပ်ပေးကြသည်ဟု မြင်တွေ့ရသူများက ပြောသည်။

“ဌာနတိုင်းတော့မဟုတ်ဘူး၊ ကိုယ်ဌာနကသူ မဲ…မပေးတာတွေရှိရင်  အကြိတ်ခံရမှာဆိုတော့ အချို့ လူကြီးတွေက သူ့ဘာသာ လုပ်ကြတာ” ဟု နေပြည်တော် ဝန်ကြီးဌာနရုံးတစ်ခုမှ အရာရှိတစ်ဦးက ဆိုသည်။

ဝန်ထမ်းနှင့် စစ်တပ်မိသားစုဝင်များ အများဆုံးနေသည့် ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိမြို့နယ်များ ရှိ  မဲရုံများသည် ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးမြို့များထက် ပိုစည်ကားသည်၊ မဲပေးရန် ရာနှင့်ချီ တန်းစီနေသည်ကို တွေ့မြင်ရသည်ဟု နေပြည်တော် ဒေသခံများက ဆိုသည်။

” ပျဉ်းမနားမှာကတော့ လူသိပ်မရှိဘူး။ အတော်နည်းတာ၊ ဝန်ထမ်းအိမ်ရာဘက်က မဲရုံတွေကတော့ ရာနဲ့ချီ တန်းစီနေကြတာ”ဟု ယင်းမြို့နယ်များသို့ သွားရောက်ခဲ့သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နေပြည်တော် ရှစ်မြို့နယ်၌ မဲပေးခွင့်ရှိသူ ကိုးသိန်းကျော်ရှိကြောင်း စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ဇဗ္ဗူသီရိမြို့နယ်၊ အောင်ဇဗ္ဗူရပ်ကွက် မဲရုံတစ်ခုတွင် အမည်စာရင်း ရှာမတွေ့ခြင်း၊ မဲစာရင်းနံပါတ် မှားယွင်းနေခြင်းနှင့် ကြုံတွေ့ရသူများရှိသည်ဟု သိရသည်။

“မဲစာရင်းနံပါတ်နဲ့လွဲနေတာလည်း  ကူညီမဲ့သူ တစ်ယောက်မှမရှိဘူး” ဟု ဇဗ္ဗူသီရိမြို့နယ် ဒေသခံ တစ်ဦး က အဆိုပါအခြေအနေကို ပြောပြသည်။

နေပြည်တော်မဲရုံတို့တွင် ပြည်သူ့စစ်၊ ရဲ၊ ယာဉ်ထိန်းတပ်ဖွဲ့ များအပါအဝင်  အင်အား ၁၀ ဦးထက်မနည်းဖြင့်လုံခြုံရေး ယူထားကြသည်။

စစ်ရုံးချုပ် တည်ရှိသည့် ဇေယျာသီရိမြို့နယ်တွင်   စစ်ကား၊ ရဲကားများ လှည့်လည်နေသည်ကို တွေ့မြင်ရကြောင်း နေပြည်တော်ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ၅ နှစ်အတွင်း ပြည်သူများကို ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများအတွက် တာဝန်အရှိဆုံး ဖြစ်သော အာဏာသိမ်းစစ်ခေါင်းဆောင်က မဲရုံသို့ ရောက်လာစဉ် ရွေးကောက်ပွဲသတင်းရယူခွင့်ပြုထားသည့် သတင်းထောက်များနှင့် ခေတ္တ တွေ့ဆုံခဲ့သည်။  

“ကျွန်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံ့ ဝန်ထမ်း၊ ကျွန်တော် ဘာမှ လုပ်ချင်ပါတယ်၊ ပြုချင်ပါတယ် ပြောလို့မရဘူး။ နိုင်ငံရေးပါတီ ခေါင်းဆောင် မဟုတ်ဘူး။ ပြီးတော့ လွှတ်တော်ခေါ်တဲ့အခါကျမှ လွှတ်တော်ကနေပြီးတော့ သမ္မတရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ Process လေး ရှိပါတယ်။ အဲဒီကြမှ လုပ်ပါ၊ အဲဒီမှ ပြောဖို့သင့်မယ် လို့ ယူဆပါတယ်” ဟု  သူက ဆိုသည်။

စစ်တပ်က ရွေးကောက်ပွဲကို သီတင်းပတ် နှစ်ပတ်စီခြား၍ အပိုင်း သုံးပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်ပြီး  အပိုင်း(၁)တွင်    ၁၀၂မြို့နယ် ပါဝင်သည်။    ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀၊    ဇန်နဝါရီလ ၂၅ ရက်တွင် ၆၃ မြို့နယ်တို့တွင် ဆက်လက် ကျင်းပသွားမည်ဟု ကြေညာထားသည်။


ရွေးကောက်ပွဲတွင် ပါဝင်နေသည့် နိုင်ငံရေးပါတီ ၅၇ ခု အနက် ခြောက်ပါတီသာ တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန် ၅၁ ပါတီသည်  ပြည်နယ်နှင့်တိုင်း လွှတ်တော်များအတွက်သာ ဝင်ပြိုင်မည်ဖြစ်သည်။


ဒီဇင်ဘာ ၂၈ နံနက်က တွေ့ရသော နေပြည်တော် မဲရုံတစ်ခု။ (ဓာတ်ပုံ- ပေးပို့)

NLD မပါသော ရွေးကောက်ပွဲ

စစ်တပ်၏ ရွေးကောက်ပွဲကို အင်အားကြီးပါတီများဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုပေ။ 

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ အတွင်းရေးမှူး  ဦးအောင်ကြည်ညွန့် က  NLD အနိုင်ရခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ သည် ပြည်သူလူထုကိုယ်တိုင်  တက်ကြွစွာ မဲပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“၂၀၂၀ ရွေးကောက်ပွဲရလဒ်က NLD က နိုင်ခဲ့လို့ ဆိုတာထက် ပြည်သူတွေကိုယ်တိုင်က လွတ်လပ် ပွင့်လင်းပြီးတော့ အားလုံးသန့်ရှင်းတဲ့ မဲဆန္ဒကို ပေးနိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းကြောင့်ပင်လျှင် ၂၀၂၀ ရွေးကောက်ပွဲရဲ့ရလဒ်ကို အဓိကတန်ဖိုးထားပြီး ပြောချင်တယ်” ဟု ဆိုသည်။

စစ်ကော်မရှင်ရွေးကောက်ပွဲသည် တရားဝင်သော ရွေးကောက်ပွဲ မဟုတ်သလို နယ်မြေအားဖြင့်လည်း အနည်းအကျဉ်းသာ လုပ်နိုင်ကြောင်း ဆိုသည်။ 

“ အခုဆောင်ရွက်နေတဲ့ အနေ အထားမျိုးတွေ ကြည့်လိုက်ရင် ဥပဒေလို ဟန်ဆောင်ထားတဲ့၊ ဖိနှိပ် အုပ်ချုပ်တဲ့ အမိန့်တွေနဲ့ သေနတ်ကို အားကိုးပြီးလုပ်တဲ့နေရာမှာတောင်မှ တကယ်တမ်း နယ်မြေဧရိယာ အားဖြင့် ၂၀ ရာခိုင်နှုန်းလောက်လေးပဲ လုပ်နိုင်တဲ့ အခြေအနေမျိုးဖြစ်ပြီး အင်မတန်မှ ရှက်ဖွယ်လိလိ အတုအယောင်ရွေးကောက်ပွဲဆိုတာကို ရှင်းရှင်းလင်းလင်းပြောလိုက်ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ ပါတီကတော့ ပြည်သူရှိနေသရွေ့ ပါတီရှိမယ်။ ပြည်သူတွေရဲ့ အနေအထားတဲ့ တစ်ထပ်တစ်သားတည်း ကျနေသရွေ့ ကာလပတ်လုံး NLD ပါတီဟာ ရှိနေမှာဖြစ်ပြီးတော့ ပြည်သူနဲ့အတူ ရပ်တည်နေမှာပဲ”

ပါတီဝင်အချို့က  ရွေးကောက်ပွဲဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။

NLD က ၎င်းတို့၏လွှတ်တော်အမတ်ဟောင်း သုံးဦးအပါအဝင် ပါတီ၏အောက်ခြေခေါင်းဆောင် ၂၀ ဦး ကို စစ်တပ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် အားပေးကူညီခြင်းတို့ လုပ်ဆောင်နေသဖြင့် ပါတီဝင်အဖြစ်မှထုတ်ပယ်သည်ဟု ဒီဇင်ဘာလ ၂၅ ရက်နေ့က ကြေညာသည်။ 

ထုတ်ပယ်ခံခဲ့ရသူများထဲတွင် သန်းစိုး(ဘောဂဗေဒ)ဟုလည်း လူသိများသော အမျိုးသားလွှတ်တော် အမတ်ဟောင်း ဦးသန်းစိုး၊ ရန်ကုန်တိုင်းလွှတ်တော်အမတ်ဟောင်းများဖြစ်ကြသည့် ဦးသောင်းထွဋ်နှင့် ဒေါက်တာဖြူဖြူခိုင်တို့ပါဝင်သည်။ 

၂၀၂၀ ရွေးကောက်ပွဲ၌ NLD အနိုင်ရပြီးနောက် ရန်ကုန် NLD ရုံးချုပ်တွင် အောင်ပွဲခံနေသော NLD ထောက်ခံသူများ။ 

ရန်ကုန်မြို့ ရွေးကောက်ပွဲ အခြေအနေ

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဲရုံများတွင် နံနက် ၁၀ နာရီခန့်က မဲလာပေးသူ နည်းပါးနေပြီး မဲရုံတွင် လုံခြုံရေးချထားသူအရေအတွက်က  မဲလာပေးသူထက် ပိုများနေသည်ဟု မဲရုံရောက်သူတို့က ပြောသည်။ 

သင်္ဃန်းကျွန်းမြို့နယ်၊ အထက (၂) ပြည်သာယာလမ်းမပေါ်ရှိ မဲရုံတွင်   လူရှင်းနေသည်ကို တွေ့ရပြီး မဲရုံထဲမှ လူ တစ်ဦးစ နှစ်ဦးစသာပြန်ထွက်လာသည်ကို တွေ့ရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ မဲရုံအပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းနေတဲ့ လူကို မတွေ့ရဘူး၊ ကျောင်းရှေ့အပြင်ဘက်မှာ ရဲကားတစ်စီး ရပ်ထားတယ်။ အရပ်ဝတ်နဲ့လူတချို့ စောင့်ကြည့်နေတာကို တွေ့ရတယ်” ဟု သူက ဆိုသည်။

ရန်ကုန်မြို့လယ်တွင်လည်း မဲရုံရှိသည့်လမ်းက လူရှင်းနေပြီး မဲရုံမရှိသည့်လမ်းက စည်ကားနေသည်ဟု မြို့ခံအချို့က ဆိုသည်။ 

သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းပေါ်ရှိ အ.ထ.က (၁)  ကျောင်းတွင်လည်း မဲလာပေးသူ အနည်းငယ်သာရှိသည်၊ သို့သော် မဲရုံရှေ့ဘက် လမ်းတစ်ဖက်ခြမ်းတွင် ပုံမှန်သွားလာလှုပ်ရှားနေသည့်လူအများအပြားရှိနေသည်ဟု သိရသည်။ 

“ (မဲ) လာပေးတဲ့သူတွေတချို့တော့ ရှိတယ်။ ကျွန်တော်တို့တော့ မပေးဖြစ်ဘူး “ဟု အဆိုပါမဲရုံ အနီး နေထိုင်သူ သင်္ဃန်းကျွန်းမြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ 

သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘဟန်လမ်းပေါ်ရှိ လေ့ကျင့်ရေးဒီကရီ တက္ကသိုလ်မဲရုံ အမှတ် (၂)  တွင်လည်း နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က မဲပေးသူမရှိသလောက်နည်းသည်ကို တွေ့ရသည်ဟု မြို့ခံအခြားတစ်ဦးက ဆိုသည်။  

ဗိုလ်တထောင်မြို့နယ်၊ အထက (၄) အနီး ၄၅ လမ်းအတွင်း ကားဖြတ်သန်းသွားလာမှုများကို ပိတ်ထားပြီး မဲရုံအတွင်း လူမရှိသလောက်ခြောက်ကပ်နေသည်။  

“မဲရုံထဲကို ဝင်သွားတာ နှစ်ယောက်၊ သုံးယောက်လောက်ပဲ တွေ့တယ်၊ အထဲမှာ လူတွေ စည်မနေဘူး”  ဟု ထိုမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့လယ်  ကျောက်တံတားမြို့နယ်  အနော်ရထာလမ်းမပေါ်တွင် ရဲတို့က ကား၊   ဆိုင်ကယ်များဖြင့် လှည့်လည်နေကြသည်၊  မဲရုံများအနီးဝန်းကျင်ရှိ လမ်းများကို  ကြိုးနီများတားကာ ကားအဝင်အထွက် ပိတ်ထားသည်။ 

ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းရှိ  အောင်ဓမ္မာရုံ မဲရုံတွင်လည်း မဲပေးသူမရှိသလောင် နည်းပါးနေပြီး အနီးပတ်ဝန်းကျင် ဖြတ်သန်းသွားလာသူများသာ ရှိနေသည်။ 

ဆူးလေဘုရားအနီးရှိ မဲရုံအမှတ် (၁) တွင် အလားတူပင် ဖြစ်သည်ဟု သိရသည်။ 

“ မဲရုံမှာထက် အနားမှာရှိတဲ့ သွင်ရုပ်ရှင်ရုံရှေ့မှာ (ရုပ်ရှင်)လက်မှတ်ဝယ်နေသူတွေက ပိုများဦးမယ်”ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတစ်ဦးက မှတ်ချက်ပေးသည်။ 

ချင်းပြည်နယ်တွင်လည်း လူထုစိတ်ဝင်စားမှုနည်းပါး 

ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် တိုက်ပွဲပြင်းထန်ခဲ့သည့် ချင်းပြည်နယ်၊ ဟားခါးမြို့တွင်လည်း   ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှုနည်းပါးခဲ့ကြောင်း သိရသည်။ 

ရွေးကောက်ပွဲနေ့တွင် အိမ်ထဲတွင် နေထိုင်ပြီး အသံတိတ်သပိတ်တွင် ပါဝင်ကြရန် ချင်းတော်လှန်ရေး အင်အားစုက တိုက်တွန်းထားပြီး လူထုကလည်း   ပါဝင်ခဲ့ ကြောင်းသိရသည်။ 

“ပြည်သူတွေဘက်ကတော့ Silent strike အသံတိတ်သပိတ်လုပ်နေတုန်းပဲ။ မဲရုံက သုံးနေရာဆိုတဲ့ အခါကျတော့လေ။ သုံးနေရာထဲမှာ အထက (၂) မှာထားတဲ့ မဲပုံးကတော့ ပြည်သူတွေလည်း လေး၊ ငါး ယောက်လောက်တော့ မဲသွားထည့်တယ်။ ပြီးတော့ အစိုးရဝန်ထမ်းတွေ အဓိကအားဖြင့်တော့ ပညာရေးဝန်ထမ်းတွေပေါ့၊ မနေ့ကတော့ သူတို့ကို စုပေါင်းရုံးမှာ အိပ်ခိုင်းပြီးမှ အတင်းအဓမ္မ မဲထည့် ခိုင်းတယ်”ဟု အခြေအနေသိရှိသည့် ဒေသခံတစ်ဦးက နံနက်ပိုင်း၌ ပြောသည်။ 

မြို့တော်ဟားခါးတွင် အခြေစိုက်သည့် အမှတ် (၂၆၆) ခြေလျင်တပ်ရင်း (ခလရ ၂၆၆) ကို တော်လှန် ရေးအင်အားစုက  ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အနီးရှိ ရုပ်မြင်သံကြားအသံလွှင့် (တာဝါတိုင်)ကုန်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း  စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရ သည်။ 

ဟားခါးမြို့အနီးတိုက်ပွဲများ၌ နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း ချင်းစစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။ 

ယမန်နေ့ ညတွင် ဟားခါးမြို့တွင် စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်မှုအချို့ရှိခဲ့သော်လည်း ယနေ့ နံနက်တွင် တိုက်ပွဲငြိမ်နေကြောင်း ဒေသခံများထံက သိရသည်။ 

ဟားခါးမြို့၌ ယနေ့ မဲလာရောက်ပေးနေကြသူများ။ (ဓာတ်ပုံ- MOI)

ချင်းပြည်နယ်တွင် မြို့နယ် ၉ ခုအနက် စစ်တပ်က ဟားခါး၊တီးတိန် မြို့ပေါ်နှင့် ထန်တလန်တို့ တစိတ် တပိုင်းသာ ခြေကုပ်ယူထားပြီး  မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ ပလက်ဝ နှင့် တွန်းဇံတို့ကို ချင်းတော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားသည်။ 

စစ်တပ်က ၎င်းတို့ထိန်းချုပ်ထားသည့် ဟားခါး၊ တီးတိန်အပြင် ၎င်းတို့အပြည့်အဝမထိန်းချုပ်နိုင် သည့် ဖလမ်း၊ တွန်းဇံ နှင့် ထန်တလန်တို့တွင်လည်းရွေးကောက် ပွဲကျင်းပမည်ဟု ကနဦး လျာထားကာ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခဲ့သော်လည်း ဖလမ်း၊ တွန်းဇံနှင့် ထန်တလန်တို့ တွင်  ကျင်းပနိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

ကျင်းပသည့် ဟားခါးနှင့် တီးတိန်တွင်လည်း ကျေးလက်ဒေသများတွင် မဲပုံးမထောင်နိုင်ခဲ့ကြောင်း သိရသည်။ 

“လူထုက ပေးတယ်ဆိုတာထက် ဝန်ထမ်းတွေက ပေးတယ်” ဟု တီးတိန်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ 

တီးတိန်မြို့ပေါ်နှင့် ဒေသတွင်းရှိ ပြည်သူများအနေဖြင့် ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အတွင်း အပြင် ထွက်ခြင်း၊ ခရီးသွားလာခြင်းမလုပ်ရန် ချင်းတော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် PDF Zoland က ထုတ်ပြန်ထားသည်။  

ရွေးကောက်ပွဲနေ့ ကလေးမြို့နယ် အခြေအနေ

စစ်တပ်အခြေစိုက်တပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်ရာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်လည်း ရွေးကောက်ပွဲတွင် လူထုပါဝင်မှုနည်းပါးပြီး လမ်းပေါ် လူသူကင်းရှင်းနေကြောင်း ဒေသခံများထံက သိရသည်။

“ မြို့ထဲမှာ ဆိုင်တော်တော်များများ မဖွင့်ကြဘူး။ ပြည်သူလူထုအသွားအလာ တအားနည်းတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ရွေးကောက်ပွဲ မအောင်မြင်ဘူး။ မဲ ..မပေးကြဘူးဆိုတာသိသာတယ်။ ဘာလို့လဲ ဆိုတော့ မဲပေးရင်တော့ လမ်းပေါ်မှာ ရှုပ်ယှက်ခတ်နေမှာပေါ့။ လုံးဝမဲသွားပေးကြတာမရှိဘူး။ တကယ့် Silent strike (အသံတိတ်သပိတ်) ပုံစံအတိုင်းပဲပေါ့ လမ်းပေါ်တွေမှာ”ဟု ကလေးမြို့နယ် ဒေသခံတစ်ဦး က ပြောသည်။

ကလေးမြို့ပေါ်တွင် စစ်တပ်က ရွေးကောက်ပွဲမတိုင်မီ ၂ ရက်ခန့်ကစပြီး စစ်ကားများဖြင့် မြို့ပေါ်တွင် အင်အားပြ လှည့်လည်ခဲ့ပြီး မဲရုံများအနီးတွင်လည်း လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများထံက သိရသည်။

“သူတို့ကတော့ လုံခြုံရေးတင်းကျပ်ထားတယ်။ မဲရုံတဝိုက်တွေရော အရင်နေ့တွေကစ လက်နက်ကိုင် စစ်သားတွေ အနည်းဆုံး ၁၀ ယောက်၊ အယောက် ၂၀ အဲ့လိုမျိုး စောင့်ကြတာ တွေရှိတယ်”ဟု အထက်ပါ ကလေးဒေသခံက ဆက်ပြောသည်။

တော်လှန်ရေးအင်အားစုများနယ်မြေစိုးမိုးမှုအားကောင်းသည့် ကလေးမြို့နယ်တွင် ရပ်ကွက်အချို့ တွင်သာ  ကျင်းပနိုင်ပြီး တာဟန်း၊ စမ်းမြို့၊ တောင်ဖီလာ၊ တောင်ဇလပ်၊ ကြို့သုံးပင်၊ လှိုင်သာယာ၊ မြို့လှ၊ အင်ဒိုင်းကုန်း ရပ်ကွက်များတွင် ရွေးကောက်ပွဲ လုပ်နိုင်ခြင်း မရှိပေ။

နေပြည်တော်မဲရုံတစ်ခုတွင် မဲလာပေးသူတစ်ဦးက မဲပေးရန် လက်ကို မင်ရည်နှစ်နေစဉ်။ (ဓာတ်ပုံ- EPA) 

ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား

ရွေးကောက်ပွဲမတိုင်မီ နာရီပိုင်းအလိုတွင် မန္တလေးမြို့အတွင်းပေါက်ကွဲမှုဖြစ်ပြီး အရပ်သား နှစ်ဦး ဒဏ်ရာရသွားသည်။

ရွေးကောက်ပွဲမဲရုံများမဖွင့်မီ နာရီပိုင်းအလို ဒီဇင်ဘာ ၂၈ ရက်နံနက် တစ်နာရီကျော်တွင် မန္တလေးမြို့ ကျုံးအနောက်မြောက်ဘက် အောင်မြေသာစံမြို့နယ် ၈၆ လမ်းနှင့် ၅လမ်းထဲသို့ ရှော့တိုက်ဒုန်းကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ထိုသို့ပစ်ခတ်မှုဖြစ်ပြီးနောက် ယနေ့ နံနက်တွင် မန္တလေးမြို့၌ လုံခြုံရေး အထူးတင်းကျပ်ကာ မဲရုံများကို ဖွင့်လှစ်ခဲ့သည်ဟု မန္တလေးမြို့ခံများက ဆိုသည်။

စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲအတွက် မဲရုံများဖွင့်ရန် နာရီပိုင်းအလို ဒီဇင်ဘာ ၂၇ ရက် ည ၈ နာရီ ၄၀ ခန့်တွင် ထိုင်းနယ်စပ် မြဝတီမြို့မှ ကြံ့ခိုင်ရေးပါတီရုံး ဒရုန်းဗုံးသီးဖြင့် ကြဲချတိုက်ခိုက်ခံရသည်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးပါတီရုံးနှင့် ရတနာထွန်းစိန်ရွှေရတနာဆိုင်အပါအဝင် လူနေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးသွားသည်။  အနည်းဆုံးလူတစ်ဦးသေဆုံးသွားပြီး ၁၀ဦးခန့် ဒဏ်ရာရခဲ့သည် ဟု သိရသည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၈ ရက်နေ့)  ရွေးကောက်ပွဲစတင်နေချိန် မြောက်ဘက် ဘုတလင်နယ်အတွင်း လေကြောင်း တိုက်ခိုက်မှု များ၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

မုံရွာမြို့မြောက်ဘက် ကပ်လျက်ရှိ ဘုတလင်မြို့နယ်အတွင်း နံနက် ၇ နာရီဝန်းကျင်ခန့်မှ စတင်ပြီး Y -12၊ အင်ဂျင်တပ်လေထီး (ပါရာမော်တာ)တို့ဖြင့် သွားရောက်  တိုက်ခိုက်သည်၊   နမခ စစ်ဌာနချုပ်ဘက်မှ ဘုတလင်နယ်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း သိရသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှု အခြေအနေကို မသိရသေးဟု ဘုတလင်ဒေသခံတို့က ဆိုကြသည်။

ရွေးကောက်ပွဲနီးကပ်လာချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်ခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပရန် တစ်ရက်အလိုနှင့် ရွေးကောက်ပွဲကျင်းပသောနေ့တွင်ပါ   လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေသည်။ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်း လေကြောင်းတိုက်ခိုက်ခံထားရသည့်နေရာ အနီး စားသောက်ဆိုင်တန်းတစ်ခုကို ယမန်နေ့  (ဒီဇင်ဘာလ ၂၇ ရက်နေ့) က စစ်လေယာဉ် နှစ်စီးက ဗုံးကြဲ၊ ပစ်ခတ်ခဲ့ရာ လူ ကိုးဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံ များထံက သိရသည်။

ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ ဆန္ဒပြ

ရန်ကုန် အင်းစိန်ထောင်အပါဝင် အကျဉ်းထောင်အချို့တွင် နိုင်ငံရေးအကျဉ်းသားများက ရွေးကောက်ပွဲနေ့တွင် ထောင်က ပေးသည့် အစားအသောက်ကို ငြင်းပယ်ကြသည့်နည်းဖြင့်   ရွေးကောက်ပွဲကို ဆန့်ကျင် ဆန္ဒပြကြကြောင်း စုံစမ်းသိရသည်။

အင်းစိန်၊ အိုးဘို၊ သာယာဝတီ၊ သရက်၊ ဒိုက်ဦးနှင့် ကျိုက်မရောအကျဉ်းထောင်များတွင် နေ့လယ်စာ မယူခြင်းဖြင့် ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်ဟု အင်းစိန်ထောင်တွင်း သတင်းအရင်းမြစ် တစ်ဦးက ပြောသည်။

“နိုင်ငံရေးအကျဉ်းသားတွေက ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ထမင်းမစားတဲ့ သပိတ်လုပ်နေတယ်။  နေ့လယ်စာထမင်းက ၁၁ ခွဲ၊ ၁၂ လောက်မှရောက်တာ။ လောလောဆယ် နိုင်ငံရေးအကျဉ်းသားတွေက ထမင်းမယူဘူး။ ညနေ ၃နာရီလောက်မှ ထမင်းမယူမှ ရိုက်တာနှက်တာတွေ ဖြစ်နိုင်တယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးကလည်း  နိုင်ကျဉ်းတို့က ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှုကို အန္တရာယ်ကင်းကင်း ဖော်ဆောင်နိုင်ရန်  ထောင်အာဏာပိုင်တို့ပေးသည့် အစား အသောက်၊ အသုံးအဆောင်များ မယူဘဲ ဆန္ဒပြမည်ဟု ကြားသိရကြောင်း ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအဝှမ်းမှာ လူပေါင်း သုံးသောင်းကျော် ဖမ်းဆီးခံရပြီး ၎င်းအနက် နှစ်သောင်းကျော်မှာ အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းအရ သိရသည်။

စစ်ကော်မရှင်က ၎င်းတို့ရွေးကောက်ပွဲ ပထမပိုင်းတွင် နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေး အဖွဲ့ဝင် များနှင့် သံတမန်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၃၉ ဦး တက်ရောက်စောင့်ကြည့် လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲသည် ကျင်းပမည်ဟု ကြေညာထားသော မြို့နယ်အများအပြားအနက် စစ်ရေး ပြင်းထန်နေသော ဒေသအချို့တွင် ကျင်းပနိုင်မည် မဟုတ်ကြောင်း ဒီဇင်ဘာလအတွင်း နှစ်ကြိမ် ကြေညာထားရသည်။ 

ရွေးကောက်ပွဲနေ့မတိုင်မီ တစ်ရက်အလို ဒီဇင်ဘာ ၂၇ ရက်နေ့တွင်  ချင်း၊ ရခိုင်၊ စစ်ကိုင်း ဒေသအချို့တွင် ရွေးကောက်ပွဲ ပြုလုပ် နိုင်ခြင်း မရှိဟု စစ်တပ်က ကြေညာခဲ့သည်၊  အပိုင်း (၃) တွင် ရွေးကောက်ပွဲ မလုပ်နိုင်သော နယ်မြေများကိုပါ ကြိုတင် ကြေညာခဲ့သည်။


ရန်ကုန်မြို့ မဲရုံတစ်ခုတွင် မဲစာရင်း ရေတွက်နေစဉ်။ (ဓာတ်ပုံ- Myanmar now)

Related Articles

Back to top button