အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး ဘုတလင်နယ်ကို လေကြောင်းမှ တိုက်ခိုက်

စစ်ကော်မရှင်က ၎င်းတို့ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲလုပ်နေသည့်နေ့မှာပင် လေကြောင်းပစ်ခတ် တိုက်ခိုက်မှုများ ရပ်နားခြင်းမရှိဘဲ ဘုတလင်နယ်အတွင်း ပစ်ခတ်တိုက်နေသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၈ ရက်နေ့)  ရွေးကောက်ပွဲစတင်နေချိန် မြောက်ဘက်ဘုတလင်နယ်အတွင်း လေကြောင်း တိုက်ခိုက်မှု များ၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

မုံရွာမြို့မြောက်ဘက် ကပ်လျှက်ရှိ ဘုတလင်မြို့နယ်အတွင်း နံနက် ၇ နာရီဝန်းကျင်ခန့်မှ စတင်ပြီး Y -12၊ အင်ဂျင်တပ်လေထီး (ပါရာမော်တာ)တို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် နမခ စစ်ဌာနချုပ်ထဲမှ ဘုတလင်နယ်ဘက်သို့ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေကြောင်း သိရသည်။ 

“ပါရာမော်တာရော၊  Y 12 ရောပါ (ဗုံး) ချနေတယ်။ ပါရာမော်တာက ခုထိဝဲတုန်း။ ပါရာမော်တာ နှစ်စီးနဲ့ လေးကြိမ်ချတာ။ Y 12 နဲ့က ခုနစ်ကြိမ်” ဟု ဘုတလင်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ဘုတလင်ဒေသခံ နောက်တစ်ဦးက “ ဆက်တိုက်လာနေတာဆိုတော့ ပုန်းခိုကျင်းထဲ ဝင်လိုက် ထွက်လိုက် နဲ့ပဲ”ဟု ယနေ့ နံနက် ဒေသတွင်းလေကြောင်းတိုက်ခိုက်မှုအခြေအနေကို ပြောပြသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်းထိခိုက်ဒဏ်ရာရရှိသည့်အခြေအနေများ မသိရသေးကြောင်း ဘုတလင်ဒေသခံတို့က ဆိုကြသည်။

ယနေ့ စတင်သည့် စစ်တပ်ရွေးကောက်ပွဲအပိုင်း (၁)တွင် စစ်ကိုင်းတိုင်းမှ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ကလေး၊ ကသာ၊ ကန့်ဘလူ၊ ခန္တီး၊ စစ်ကိုင်း၊ တမူး၊ မုံရွာ၊ ရွှေဘို၊ ဟုမ္မလင်းမြို့နယ်တို့ ပါဝင်သည်။

ရွေးကောက်ပွဲအပိုင်း (၁)တွင် မုံရွာမြို့နယ် ပါဝင်သော်လည်း အနီးဝန်းကျင်ရှိ ဘုတလင်၊ ချောင်းဦး၊ အရာတော်မြို့နယ်တို့မှာ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၂) တွင်ပါဝင်သည်။

ဘုတလင်၊ ချောင်းဦး၊ အရာတော်မြို့နယ်တို့မှာ တော်လှန်ရေးအင်အားစုများအားကောင်းရာဒေသဖြစ်ပြီး စစ်တပ်က မြို့ပေါ်ရပ်ကွက်များတွင်သာ နေရာယူနိုင်ပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးတပ် များက  နယ်မြေစိုးမိုးထားသည်။

စစ်မကော်မရှင်သည် ရွေးကောက်ပွဲနီးကပ်လာချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်ခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပရန် တစ်ရက်အလိုနှင့် ရွေးကောက်ပွဲကျင်းပသောနေ့ပါမချန် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေသည်။ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်း လေကြောင်းမှ တိုက်ခိုက်ခံထားရသည့်နေရာ အနီး စားသောက်ဆိုင်တန်းတစ်ခုကို ယမန်နေ့  (ဒီဇင်ဘာလ ၂၇ ရက်) က စစ်လေယာဉ် နှစ်စီးက ဗုံးကြဲ၊ ပစ်ခတ် ခဲ့ရာ ကိုးဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အလားတူ ဒီဇင်ဘာ ၂၇ ရက် ညနေက ကန့်ဘလူ-ကျွန်းလှ-တန့်ဆည်သုံးမြို့နယ် နယ်စပ် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲနေ့ ကလေးမြို့နယ် အခြေအနေ

စစ်တပ်အခြေစိုက်တပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်ရာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်လည်း ရွေးကောက်ပွဲတွင် လူထုပါဝင်မှုနည်းပါးပြီး လမ်းပေါ် လူသူကင်းရှင်းနေကြောင်း ဒေသခံများထံက သိရသည်။

“ မြို့ထဲမှာ ဆိုင်တော်တော်များများ မဖွင့်ကြဘူး။ ပြည်သူလူထုအသွားအလာ တအားနည်းတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ရွေးကောက်ပွဲ မအောင်မြင်ဘူး။ မဲ ..မပေးကြဘူးဆိုတာသိသာတယ်။ ဘာလို့လဲ ဆိုတော့ မဲပေးရင်တော့ လမ်းပေါ်မှာ ရှုပ်ယှက်ခတ်နေမှာပေါ့။ လုံးဝမဲသွားပေးကြတာမရှိဘူး။ တကယ့် Silent strike (အသံတိတ်သပိတ်) ပုံစံအတိုင်းပဲပေါ့ လမ်းပေါ်တွေမှာ”ဟု ကလေးမြို့နယ် ဒေသခံတစ်ဦး က ပြောသည်။

ကလေးမြို့ပေါ်တွင် စစ်တပ်က ရွေးကောက်ပွဲမတိုင်မီ ၂ ရက်ခန့်ကစပြီး စစ်ကားများဖြင့် မြို့ပေါ်တွင် အင်အားပြ လှည့်လည်ခဲ့ပြီး မဲရုံများအနီးတွင်လည်း လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများထံက သိရသည်။

“ သူတို့ကတော့ လုံခြုံရေးတင်းကျပ်ထားတယ်။ မဲရုံတဝိုက်တွေရော အရင်နေ့တွေကစ လက်နက်ကိုင် စစ်သားတွေ အနည်းဆုံး ၁၀ ယောက်၊ အယောက် ၂၀ အဲ့လိုမျိုး စောင့်ကြတာ တွေရှိတယ်”ဟု အထက်ပါ ကလေးဒေသခံက ဆက်ပြောသည်။

တော်လှန်ရေးအင်အားစုများနယ်မြေစိုးမိုးမှုအားကောင်းသည့် ကလေးမြို့နယ်တွင် ရပ်ကွက်အချို့ တွင်သာ စစ်တပ်ရွေးကောက်ပွဲကျင်းပနိုင်ပြီး တာဟန်း၊ စမ်းမြို့၊ တောင်ဖီလာ၊ တောင်ဇလပ်၊ ကြို့သုံးပင်၊ လှိုင်သာယာ၊ မြို့လှ၊ အင်ဒိုင်းကုန်း ရပ်ကွက်များတွင် ရွေးကောက်ပွဲ လုပ်နိုင်ခြင်း မရှိပေ။

ရွေးကောက်ပွဲနေ့ (ဒီဇင်ဘာ ၂၈ ရက်နေ့) တွင် ကလေးမြို့ပေါ် လမ်းများ ရှင်းလင်းနေစဉ်။  (ဓာတ်ပုံ – ပေးပို့)

Related Articles

Back to top button