အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးမြို့နယ်တွင် စားသောက်ဆိုင်တန်း ဗုံးကြဲ၊ပစ်ခတ်ခံရပြီး ၉ ဦးသေ

လမ်းကြောပိတ်နေသဖြင့် ဆီကားများ၊ ကုန်ကားများ ရပ်နားစောင့်ဆိုင်းနေသည့် စားသောက်ဆိုင်တန်း တစ်ခုကို ဒရုန်းဖြင့်ကင်းထောက်၍ တိုက်လေယာဉ်က လာရောက်ဗုံးကြဲပြီးနောက် ရဟတ်ယာဉ်က ပစ် ခတ်ခဲ့စဉ်အတွင်း လူအများအပြား သေဆုံး၊ ဒဏ်ရာရသွားကြသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်  ပြီးခဲ့သည့်ရက်ပိုင်း လေကြောင်းမှ တိုက်ခိုက်ခံထားရသည့်နေရာ အနီး စားသောက်ဆိုင်တန်းတစ်ခုကို ယမန်နေ့  (ဒီဇင် ဘာလ ၂၇ ရက်နေ့) က စစ်လေယာဉ် နှစ်စီးက ဗုံးကြဲ၊ ပစ်ခတ်ခဲ့ရာ လူ ကိုးဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ခင်ဦးမြို့နယ်၊ မြေနီလျှိုကျေးရွာအရှေ့ဘက် ကုန်တင်ယာဉ်နှင့် ဆီသယ်ယာဉ်များ ရပ်နားလေ့ရှိသည့် စားသောက်ဆိုင်တန်းရှိ စတားလင့်အင်တာနက် အသုံးပြုသောနေရာနှင့် စားသောက်ဆိုင်တစ်ခုတို့ကို ဦးတည်ကာ မွန်းတည့် ၁၂ နာရီကျော်အချိန်၌ တိုက်လေယာဉ် တစ်စီး၊ MI 35 ရဟတ်ယာဉ် တစ်စီး တို့ဖြင့် အကြိမ်ကြိမ် ပစ်ခတ်၊ ဗုံးကြဲခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) က ပြောသည်။

“ရွှေဘို-မြစ်ကြီးနားလမ်းကြောကို ပိတ်ထားတဲ့အခါမျိုးမှာ ဆီကားတွေ၊ ကုန်ကားတွေ နားတဲ့ ဆိုင်တန်း ပေါ့။ အခု ရက်ပိုင်းကလည်း ကန့်ဘလူဘက်ခြမ်းက စကစ တပ်တွေက လမ်းကြော ပိတ်ထားလို့ ဆီဘောက်ဆာတွေ ရပ်နေတဲ့အချိန်မှာ အခုလိုလုပ်သွားတာပါ” ဟု မြို့နယ် ပအဖ တာဝန်ခံက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စားသောက်ဆိုင်တွင် ရှိနေသူများ၊ ယာဉ်မောင်းသူများ အပါအဝင် ကိုးဦး သေဆုံးခဲ့ပြီး၊ နောက်ထပ် ၁၀ ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

လေကြောင်းတိုက်ခိုက်မှု မလုပ်မီ မိနစ်အနည်းငယ်စော၍ အဆိုပါနေရာကို စစ်တပ်ဒရုန်းများက ကြိုတင် ကင်းထောက်ပြီးနောက် လေယာဉ်များက လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးဒေသခံတို့က ပြောသည်။

“လေယာဉ်မလာခင်မှာ ဒီအပေါ်မှာ ဒရုန်းတစ်စီးက ပတ်ဝဲနေတာ။ ဒရုန်းဝဲပြီးလို့ ၁၀ မိနစ်လောက် ဖြစ်မယ် ။ လေယာဉ်လာတော့တာပဲ။ လေယာဉ်က ဗုံးကြဲတယ်။ လေယာဉ်လည်းပြီးရော MI 35 ရောက်လာတာ၊ 35 က ရော့ကတ်တွေနဲ့ပစ်၊ စက်သေနတ်တွေနဲ့ ပတ်ပြီးပစ်တာ”ဟု အခင်းဖြစ်နေရာ အနီးနေထိုင်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၁၈ ရက်နေ့ကလည်း ယခုဗုံးကြဲခံရသည့်နေရာ၏ အနောက်ဘက်တွင်ရှိသည့် ခင်ဦးလမ်းဆုံ (ရွှေဘို-မြစ်ကြီးနားလမ်းနှင့် ခင်ဦးကားလမ်းဆုံရာ) နေရာတစ်လျောက်ကို တိုက်လေယာဉ်များ၊ ဂျိုင်ရို ကော်ပတာများဖြင့် ဗုံးကြဲခဲသည့်အတွက် စက်သုံးဆီအရောင်းဆိုင်တစ်ခုပေါ်ကျရောက်ပေါက်ကွဲခဲ့သလို၊ ကားလမ်း လမိးပိတ်နေသည့်အတွက် ရပ်နားနေသည့် ကုန်တင်ယာဉ်နှင့် ဆီဘောက်ဆာများကို ထိမှန် ပျက်စီးခဲ့သေးသည်။

“ကျွန်တော်တို့မြို့နယ်အတွင်းမှ ဒီလအတွင်းဖြစ်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သား ပြည်သူတွေရှိတဲ့နေရာတွေကို ရွေးပြီးလုပ်နေတယ်လို့ ယူဆရပါတယ်။  ဧရာဝတီမြစ်ကမ်းဘေးနေရာ၊ ခင်ဦးလမ်းဆုံတို့ အခုနေရာတို့မှာဆိုတာ အရပိသားတွေ၊ ကားသမားတွေပဲရှိတဲ့နေရာတွေပါ”ဟု ပအဖ တာဝန်ခံက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးနေသော ကားဆရာတစ်ဦး။ (ဓာတ်ပုံ-ခင်ဦးပအဖ)

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းနှင့် ခင်ဦးမြို့ အမှတ် (၃) လမ်းမကြီး တို့ ဆက်သွယ်ထားသည့် လမ်းဆုံနေရာကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်မှစပြီး တိုက်လေယာဉ် လေးစီး၊  ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့်အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ဒေသခံ တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိကြောင်း၊ ဆီပီပါ ၃၀၀ ခန့် ပျက်စီးကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) နှင့် ဒေသခံရင်းမြစ်များထံက သိရသည်။

“ပထမဆုံး တစ်စီးစကြဲကတည်းက လမ်းဆုံနေရာက ဆီခြံ(စက်သုံးဆီဖြန့်ဝေရေးနေရာ) တစ်ခု ပေါ်ကို တည့်တည့်ကျတယ်၊ ချက်ချင်းပဲ မီးတွေလောင်ပြီး မည်းတက်လာတာပဲ။ အဲ့ဒီကနေ ဆက်တိုက်ကို ဗုံးကြဲတာ” ဟု ခင်ဦးလမ်းဆုံအနီးနေထိုင်သူ ဒေသခံအမျိုးသားတစ်ဦးက ထိုစဉ်က ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း လမ်းဆုံအနီးရှိ ဈေးဆိုင်များမှ အရပ်သားများ၊ စက်သုံးဆီ ရောင်းဝယ်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် ပကဖ တာဝန်ခံက ပြောထားသည်။

“ထိခိုက်သူတွေကတော့ အရပ်သားပြည်သူတွေချည်းပဲ၊ ဈေးဆိုင်တွေနဲ့ ဆီဆိုင်တွေများတဲ့နေရာ ဖြစ်တော့ သူတို့ချည်းပဲ ထိတယ်”ဟု ထိုသူက ဆိုသည်။

အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ခင်ဦးမြို့နယ်မှ လှေဆိပ်ကို တိုက်လေယာဉ် တစ်စီးဖြင့်  သုံးကြိမ်၊ ၁၀ နာရီခွဲခန့်တွင် နောက်ထပ် တိုက်လေယာဉ်တစ်စီးဖြင့် ခုနစ်ကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်ကိုဖြတ်ကူးကာ စစ်ဘေးရှောင်နေကြရသည့်  စစ်ဘေးဒုက္ခသည် အနည်းဆုံး ခုနစ်ဦး သေဆုံးခဲ့ပြီး၊ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကားနှစ်စီးလည်း မီးလောင်ပျက်စီးခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်ကလည်း ခင်ဦးမြို့နယ်အရှေ့နှင့် ရွှေဘိုနယ်ကို ဆက်သွယ်ထားသော ရွှေဘိုမြို့နယ် မှ ခရိုင်ချင်းဆက်လမ်းမပေါ်မှ စစ်ဘေးရှောင် ကားတန်းများနှင့် လှေဆိပ်တစ်ခုကို လေယာဉ်၊ ဂျိုင်ရို ကော်ပတာများဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါးနှင့် အရပ်သား သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိ ခဲ့သည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်းအတွင်း စစ်ရေးပြင်းထန်နေသဖြင့် သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူးဒေသများမှ ဒေသခံ သောင်းနှင့်ချီသည် မြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်းအ တွင်း ရွှေဘို၊ ခင်ဦး၊ ဝက်လက်ဒေသများသို့ ထွက်ပြေးခိုလှုံနေကြခြင်း ဖြစ်သည်။

ထိုသို့တိမ်းရှောင်လာသူများအား စစ်တပ်က ပစ်မှတ်ထားကာ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက် နေရာ မန္တလေးတိုင်း မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှ စစ်ကိုင်းတိုင်း ဝက်လက်၊ ရွှေဘို၊ ခင်ဦးမြို့နယ်တို့ကို ယခုလအတွင်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေသည်။

ယခုလအတွင်း ဒီဇင်ဘာလဆန်းမှ ၁၈ ရက်နေ့အထိ သေဆုံးသူ ၆၀ နီးပါးရှိပြီး အများစုသည် အရပ်သားများဖြစ်ကြသည်။

စစ်ကော်မရှင်က မန္တလေးတိုင်း စဉ့်ကူးမြို့အား ပြန်လည်သိမ်းပိုက်နိုင်ကြောင်း ဒီဇင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ထားစဉ် ပြည်သူ့ကာကွယ်ရေးတပ် လက်နက်ကိုင်များက ဧရာဝတီမြစ် အနောက်ဘက် ဆုတ်ခွာ ထွက်ပြေးကြောင်း မြေပြင်၊ဝေဟင် လိုက်လံချေမှုန်းလျက်ရှိကြောင်း မြစ်အနောက်ကမ်း စစ်ကိုင်းတိုင်း အတွင်း ကားများ၊ မြစ်ဆိပ်များကို ပစ်ခတ်ဗုံးကြဲထားသည့် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ 

ရွေးကောက်ပွဲနီးကပ်လာချိန်တွင် စစ်တပ်က အရပ်သားပြည်သူများကိုတိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုမြင့်တက်လာပြီး နိုဝင်ဘာလအတွင်း စစ်တပ်လေကြောင်း တိုက်ခိုက်မှု ၁၈၄ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၁၃၀ ဦး သေဆုံးကာ ၂၆၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းနှင့် ခင်ဦးမြို့ အမှတ် (၃) လမ်းမကြီး တို့ ဆက်သွယ်ထားသည့် လမ်းဆုံနေရာကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဗုံးကြဲခဲ့စဉ်။ (ဓာတ်ပုံ-မိုးဦး/ Myanmar Now) 

Related Articles

Back to top button