အာဏာသိမ်းစစ်တပ်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ နှစ်ရက်အလို ချင်းပြည်နယ် မြို့တော် ဟားခါးအခြေစိုက် စစ်တပ်စခန်းကို ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) နံနက်မှ စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ချင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။
ဟားခါးမြို့အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာ အမှတ် (၂၆၆) ခြေလျင်တပ်ရင်း (ခလရ ၂၆၆) ကို ယနေ့ နံနက် ၆ နာရီခွဲ၌ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ကလည်း လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်နေကြောင်း ချင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“တိုက်ပွဲ အခုတော့ ငြိမ်တယ်။ တာဝါတိုင်ကုန်းကို သူတို့သိမ်းပြီးတဲ့နောက်ပိုင်းမှာ Y 12 ရော ဂျက်ဖိုက်တာရော အခုချိန်ထိဗုံးကြဲတိုက်ခိုက်တယ်။ မြို့ထဲမှာတော့ ဗုံးမကြဲသေးဘူး အခုချိန်ထိတော့။ အသေအပျောက်လည်း စစ်ကောင်စီဘက်က တော်တော်များတယ်လို့ပြောကြတယ်”ဟု အဆိုပါစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဟားခါးမြို့ တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ချင်းတော်လှန်ရေးအင်အားစုများဘက်ကရော၊ စစ်တပ် ဘက်ကပါ နေ့လယ်အထိ တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးပေ။ ထိုတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ -ဟားခါး (CDF- Hakha) ထံ Myanmar Now က ဆက်သွယ်မေးမြန်းရာ နောက်မှပြန်လည်ခေါ်ဆိုရန် တုံ့ပြန်သည်။
ဟားခါးမြို့နယ် ၊ကျေးရွာ အုပ်စု ၂၉ ခုနှင့် ဆူရ်ခွါးမြို့ပေါ်ရပ်ကွက် ၂ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဟု စစ်ကော်မရှင်၏ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့်အတွက် ဟားခါး မြို့ပေါ်ရပ်ကွက်တွင်သာ ကျင်းပနိုင်မည့်အခြေအနေဖြစ်သည်။
ထိုသို့ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို မြို့တော်ဟားခါးအနီး တိုက်ပွဲများကြောင့်ရွေးကောက်ပွဲ ကျင်းပနိုင်မည့်အခြေအနေသည် ပြည်သူလူထုအပေါ်တွင်သာ မူတည်ကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးစိုးထက်က ပြောသည်။
ချင်းပြည်သစ်ကွန်ဂရက်ပါတီသည် ချင်းပြည်နယ်တွင် ဒုတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီဖြစ်ပြီး လွှတ်တော်သုံးရပ်အတွက် နေရာ ၂၈ ခုအနက် ၂၆ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
“ဒီနေ့ ၂၆ ရက်နေ့ဆိုတော့ ၂၈ ရက်နေ့ အတွက် ဒါတော့ အခုတော့ ပြီးသွားပြီလို့တော့ပြောတယ်။ နောက်ဆက်တွဲ ဘယ်လို ဖြစ်လာမလဲတော့မသိဘူးပေါ့။ အဓိကတော့ ပြည်သူလူထုက (မဲ) ထည့်ဖို့ သွားရဲ မသွားရဲ အဲ့ဒီပေါ်မှာ မူတည်မယ်ထင်ပါတယ်”ဟု ဦးစိုးထက်က ဆက်ပြောသည်။
ယနေ့ ဖြစ်ပွားနေသော မြို့အနီးတိုက်ပွဲများကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း ရှိ မရှိ သိရှိနိုင်ရန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နှင့် ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်တို့ထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရပေ။
ချင်းပြည်နယ်တွင် မြို့နယ် ၉ ခုရှိသည့်အနက် တောင်ပိုင်းမှ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားရာ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ပလက်ဝမြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပနိင်ခြင်းမရှိဘဲ မြောက်ပိုင်းရှိ စစ်တပ်ခြေကုပ်ယူထားရာ ဟားခါး၊ တီးတိန်၊ စစ်တပ် တစ်စိတ်တစ်ပိုင်းထိန်းချုပ်ထားသည့် ထန်တလန်နှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဖလမ်းနှင့် တွန်းဇံတို့တွင် ရွေးကောက်ပွဲပြုလုပ်မည်ဟု စစ်တပ်က လျာထားခဲ့သည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်မည့် ရွေးကောက်ပွဲအပိုင်း (၁)ကို ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် တီးတိန်မြို့တို့တွင် ပြုလုပ်မည်ဖြစ်သည်။
သို့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ထားသည့် ဇန်နဝါရီလတွင် ကျင်းပမည့် အပိုင်း (၂) နှင့် အပိုင်း (၃)တွင် ချင်းပြည်နယ်မှမြို့နယ်များ ပါဝင်ခြင်းမရှိသည့်အတွက် ထန်တလန်၊ ဖလမ်းနှင့် တွန်းဇံ တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်မည့် အခြေအနေမရှိသည်ကို တွေ့ရသည်။
စစ်တပ်ပြုလုပ်သည့် ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သည့်အတွက် ဆန့်ကျင်ကန့်ကွက်ကြောင်း ချင်းတော်လှန်ရေးအင်အားစုများက ထုတ်ဖော်ပြောကြားထားပြီး ဟားခါးမြို့နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပုဂ္ဂိုလ်များနှင့် ပါတီများ၏ ပိုင်ဆိုင်မှုများအား ပြည်သူပိုင်သိမ်းဆည်းမည်ဟု ချင်းတော်လှန်ရေး အင်အားစုတစ်ခုဖြစ်သည့် Chinland Defense Force – Hakha Central Council က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ဟားခါးမြို့နယ်တွင် CDF ဟားခါးက ဇန်နဝါရီလကုန်ပိုင်းအထိ ည ၇ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲကျင်းပမည့်နေ့တွင်လည်း အပြင်မထွက်ဘဲ အသံတိတ် သပိတ်အဖြစ် ပါဝင်ရန် ထုတ်ပြန်ထားသည်။
စစ်ကော်မရှင် ရွေးကောက်ပွဲသည် အပိုင်း သုံးပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်ပြီး သီတင်းပတ် နှစ်ပတ်စီ ခြား၍ ကျင်းပသွားမည်ဖြစ်ရာ လာမည့်နှစ်ဇန်နဝါရီလ မကုန်မီ သုံးပိုင်းလုံးပြီးစီးရန် ရည်ရွယ်ထားသည်။
အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်၌ လည်းကောင်း၊ အပိုင်း(၂)ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ လည်းကောင်း ၊ အပိုင်း (၃) ကို ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက် တနင်္ဂနွေနေ့တွင် ၆၃ မြို့နယ်၌ လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။



