အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ရွေးကောက်ပွဲဝင်မည့် အမတ်ဟောင်း ၃ ဦး အပါအဝင် ပါတီဝင် ၂၀ ကို ထုတ်ပယ်ကြောင်း NLD ကြေညာ

သန်းစိုး(ဘောဂဗေဒ)ဟုလည်း လူသိများသော အမျိုးသားလွှတ်တော် အမတ်ဟောင်း ဦးသန်းစိုး၊ ရန်ကုန်တိုင်းလွှတ်တော်အမတ်ဟောင်းများဖြစ်ကြသည့် ဦးသောင်းထွဋ် နှင့် ဒေါက်တာဖြူဖြူခိုင်တို့ကို စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်မှုဖြင့် ပါတီမှထုတ်ပယ်ကြောင်း NLD ကကြေညာလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  NLD ပါတီသည် ၎င်းတို့၏လွှတ်တော်အမတ်ဟောင်း သုံးဦးအပါအဝင် ပါတီ၏အောက်ခြေခေါင်းဆောင် ၂၀ ဦးကို စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် အားပေးကူညီခြင်းတို့ လုပ်ဆောင်နေကြောင်း စွပ်စွဲပြီး ပါတီဝင်အဖြစ်မှထုတ်ပယ်သည်ဟု ယမန်နေ့က ကြေညာလိုက်သည်။

ထုတ်ပယ်ခံခဲ့ရသူများထဲတွင် သန်းစိုး(ဘောဂဗေဒ)ဟုလည်း လူသိများသော အမျိုးသားလွှတ်တော် အမတ်ဟောင်း ဦးသန်းစိုး၊ ရန်ကုန်တိုင်းလွှတ်တော်အမတ်ဟောင်းများဖြစ်ကြသည့် ဦးသောင်းထွဋ်နှင့် ဒေါက်တာဖြူဖြူခိုင်တို့ပါဝင်သည်။ 

၎င်းတို့သုံးဦးလုံးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်များထဲသို့ ရောက်သွားခဲ့ကြသည့် NLD ၏အမတ်ဟောင်းများဖြစ်ကြသည်။ 

ထိုသုံးဦးသည် NLD အနိုင်ရခဲ့ပြီး စစ်တပ်ကလက်မခံဘဲ ပယ်ချခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့ခြင်း မရှိခဲ့ပါ။ သို့သော်လာမည့် တနင်္ဂနွေနေ့တွင်စတင်မည့် စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲတွင် ၎င်းတို့သုံးဦးလုံး ဝင်ပြိုင်မည်ဖြစ်သည်။

ဦးသန်းစိုးသည် အမျိုးသားလွှတ်တော်၊ ရန်ကုန်-မဲဆန္ဒနယ် အမှတ် (၄) နှင့် ဦးသောင်းထွဋ်သည် ရန်ကုန်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တို့တွင် ပြည်သူ့ပါတီ (PP) ကိုယ်စားပြုပြီး စစ်တပ်၏ ရွေးကောက်ပွဲဝင်မည်ဖြစ်သည်။ 

ပြည်သူ့ပါတီသည် ၁၉၈၈ ကဖြစ်ပွားခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုမှတဆင့် လူသိများလာသည့် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးတည်ထောင်ထားသည့် ပါတီဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သော ထိုပါတီသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမတ်လောင်း ၁၅၀ ကျော်ဝင်ပြိုင်ခဲ့သော်လည်း နေရာအားလုံးတွင် ရှုံးနိမ့်ခဲ့သည်။ ထို့နောက်အာဏာသိမ်းစစ်တပ်ထံ ပါတီမှတ်ပုံပြန်တင်ပြီး ၂၀၂၅ ခုနှစ် စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ပြိုင်ရန်စာရင်းပေးထားသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ NLD ၏ အမျိုးသားလွှတ်တော် အမတ်ဟောင်း ဦးသန်းစိုး။ (ဓာတ်ပုံ – MOI)

နောက်ထပ် ရန်ကုန်လွှတ်တော်၏ NLD အမတ်ဟောင်းတစ်ဦးဖြစ်သည့် ဒေါက်တာဖြူဖြူခိုင်သည် အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီမှတဆင့် ရန်ကုန်လွှတ်တော် ဒဂုံမြို့သစ်ဆိပ်ကမ်းမဲဆန္ဒနယ်အတွက် ဝင်ပြိုင်မည်ဖြစ်သည်။ 

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အခြေစိုက်သည့် အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီသည် စစ်တပ်၏ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဝင်ပြိုင်ရန် ၂၀၂၃ ခုနှစ် တွင်ဖွဲ့စည်းခဲ့သည်။ ထိုပါတီကို ဒေါ်ဝင်းကေခိုင်အေးက ဦးဆောင်သည်။ ဒေါ်ဝင်းကေခိုင်အေးသည် ပါတီအသစ်မတည်ထောင်မီ စစ်တပ်နှင့်ကြံ့ခိုင်ရေးပါတီက ကျောထောက်နောက်ခံပေးထားသည့် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီတွင် ဒုဥက္ကဋ္ဌ ဖြစ်သည်။

ဒေါက်တာဖြူဖြူခိုင်နှင့် အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ ဥက္ကဌ ဒေါ်ဝင်းကေခိုင်အေး။

NLD ၏ထုတ်ပယ်သည့် စာရင်းတွင်ပါဝင်သည့် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ချိုနွယ်ဦးသည်လည်း ပြည်သူ့လွှတ်တော်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလအမတ်အဖြစ် ရွေးကောက်ပွဲဝင်မည်ဟု စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည်။ 

ထို့အပြင် ပါတီဝင်အဖြစ်မှ ထုတ်ခံလိုက်ရသည့် မြို့နယ်နှင့်ရပ်ကွက်အဆင့် ခေါင်းဆောင်များဖြစ်သော  ဦးစိန်မြိုင်နှင့် ဦးဌေးမြင့်တို့သည် ပြည့်သူ့ပါတီ (PP) ကိုယ်စားပြုဝင်ပြိုင်မည်ဖြစ်သလို ဦးညီညီထွန်းသည် မြန်မာနိုင်ငံတောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဝင်ပြိုင်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ဗဟန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ရေတာရှည် အနောက်ရွှေဂုံတိုင်ရပ်ကွက်ရှိ မဲဆန္ဒရှင်များတွေ့ဆုံပွဲတွင် တွေ့ရသည့် ရန်ကုန်တိုင်းလွှတ်တော်၊ ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးသောင်းထွဋ်။ (ဓာတ်ပုံ – Bahan Township Info Committee NLD’s Facebook)

ထုတ်ပယ်သည့် ပါတီဝင် ၂၀ စာရင်းတွင် ပါဝင်သည့် နောက်ထပ်ပါတီဝင် ၁၃ ဦးသည် စစ်တပ်၏ရွေးကောက်ပွဲကို ကူညီ ခြင်းကြောင့် ဖြစ်ကြောင်း NLD ပါတီ စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ ဒုတိယဥက္ကဌ ဦးဘိုဘိုဦးကပြောသည်။

“အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို တစ်နည်းမဟုတ် တစ်နည်း ပံ့ပိုးကူညီသူတွေ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ 

NLD ပါတီသည် စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ငြင်းဆန်သည့် မူချထားကြောင်း ၎င်းက ဆိုသည်။ 

ပါတီ၏ မူကို သွေဖည်၍ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခြင်းနှင့် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်ခြင်းသည် ပါတီစည်းကမ်းချိုးဖောက်ရာရောက်ကြောင်း၊ ပါတီစည်းကမ်းချိုးဖောက်သူများကို ထုတ်ပယ်ခြင်းဖြစ်ကြောင်း ဦးဘိုဘိုဦးက မှတ်ချက်ပေးသည်။

NLD ၏ကြေညာချက်အတွက် Myanmar Now သည် အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးသန်းစိုးထံ ဖုန်းနှင့် Facebook တို့မှတဆင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိသေးပါ။ အခြားသူတို့ထံမှလည်း သဘောထားမှတ်ချက်များတောင်းခံရန် ဆက်သွယ်နေဆဲဖြစ်သည်။

NLD ဗဟိုအလုပ်ကော်မတီသည် စစ်တပ်လုပ်သည့် ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်သူများကို အရေးယူမည်ဟု စက်တင်ဘာလ ၁၄ ရက်တွင် ကြေညာချက်ထုတ်ခဲ့ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပရန် သုံးရက် အလိုတွင် အရေးယူမှု ထုတ်ပြန်လာခြင်းဖြစ်သည်။

Related Articles

Back to top button