မိတ္ထီလာ – မဲရုံစတင်ဖွင့်လှစ်ချိန် နံနက် ၆ နာရီ မထိုးမီကပင် မိတ္ထီလာမြို့ခံအများအပြားက စာသင်ကျောင်းများတွင် ဖွင့်ထားသော မဲရုံများရှေ့သို့ ကြိုရောက်ပြီး တန်းစီနေကြသည်။
မိတ္ထီလာသည် လွန်ခဲ့သည့် ၂ နှစ်က ဘာသာရေးပဋိပက္ခကြောင့် လူအများအပြား သေဆုံး၊ နေအိမ်များ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာဒေသဖြစ်သည်။
မဲဆွယ်ကာလအတွင်း မိတ္ထီလာရှိဘာသာရေး၊ နိုင်ငံရေး ဟောပြောပွဲတချို့တွင် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မည့် ပါတီကိုသာ မဲထည့်ရန် ထည့်သွင်းပြောဆိုခဲ့ကြသည်ဟု သိရသည်။
ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုအထိ အမျိုး၊ ဘာသာ၊ သာသနာအရေး စိတ်အားထက်သန်သူ မြို့ခံတချို့က တရားပွဲများ ပြုလုပ်ရာ သွားရောက်သူ အနည်းအကျဉ်းသာ ရှိသည်ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးလွင်မောင်မောင်က ဆိုသည်။
“ဘာသာရေးကို အသုံးချ မဲဆွယ်နေတာတွေကို ကျွန်တော်တို့ဒေသခံတော်တော်များများက သဘောပေါက်လာကြပါပြီ” ဟု သူကပြောသည်။
အကဲဆတ်သည့် ကာလ မဲဆွယ်စည်းရုံးများတွင် ဘာသာရေးမှိုင်းတိုက်မှုများ ရှိခဲ့သော်လည်း ဘာသာရေးအဓိကရုဏ်းများကြောင့် အကြီးအကျယ် အထိနာခဲ့သည့် မိတ္ထီလာမြို့ကြီးသည် ရွေးကောက်ပွဲနေ့တွင် တည်တည်ငြိမ်ငြိမ် ရှိနေသည်။
တပ်မြို့
မိတ္ထီလာတွင် တပ်မတော်(ကြည်း)နှင့် တပ်မတော်(လေ) အခြေစိုက် စခန်းများလည်း ရှိပြီး ဒေသတွင်း မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၂၆ဝ,ဝဝဝ ကျော်ထဲတွင် တပ်မတော်သား ၂ဝ,ဝဝဝ နီးပါး ပါဝင်နေသည်။
မိတ္ထီလာထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် မဲဆန္ဒနယ်တွင် တာဝန်ကျသော ဒေသခံ ကော်မရှင်ရုံးခွဲမှ အတွင်းရေးမှူး ဦးအောင်စိုးဦးက “ဖိအားတွေ ရင်ဆိုင်ရတာတော့ မရှိပါဘူး။ တပ်ကလည်း ကူညီပါတယ်” ဟု ဆိုသည်။
တပ်မတော်ခေါင်းဆောင်များက မည်သို့သော ပါတီများကို မဲပေးရမည်ဆိုသည့် အရိပ်အမြွက် ပြောကြားထားပြီဖြစ်ပြီး တပ်မတော်၏ ထုံးစံအရ အထက်၏ ညွှန်ကြားချက်ကို လိုက်နာလေ့ရှိသည်။
အောက်တိုဘာ ၂ဝ ရက်နေ့က နေပြည်တော်တွင် တပ်မတော်အရာရှိ ရာပေါင်းများစွာနှင့် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် မိသားစုများအနေဖြင့် တပ်မတော်အပေါ် နားလည်နိုင်သည့်၊ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်သည့်၊ ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများ၏ သြဇာခံမဟုတ်သည့် သူများကိုသာ ရွေးကောက်ပွဲတွင် မဲပေးရန် မိန့်ခွန်းခြွေခဲ့သည်။
မျိုးစောင့်ဥပဒေနှင့် နိုင်ငံရေးသမား
အထင်ကရ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်ကလည်း မိတ္ထီလာမဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။
မိတ္ထီလာမဲဆန္ဒနယ်ကို ရွေးချယ်ရခြင်းမှာ ဤဒေသတွင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ များပြားသောကြောင့်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။
ဒေါ်ခင်ဝိုင်းကြည်သည် အငြင်းပွားဖွယ်ရာ မျိုးစောင့်ဥပဒေကို အမျိုးသားလွှတ်တော်တွင် ပထမဆုံးတင်သွင်းခဲ့သူလည်း ဖြစ်သည်။
“ ကျွန်မဟာ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်တဲ့လူဖြစ်တယ်လို့ လက်ခံထားတဲ့လူတွေကတော့ ကျွန်မကိုပဲ မဲပေးမှာပါ” ဟု သူက ညာဘက်နဖူးပေါ်ကျလာသည့် ငွေရောင်ဆံပင်များကို ပင့်ရင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။
လူ့အခွင့်အရေးရှုထောင့်မှ မဲဆွယ်စည်းရုံးမှုများကို ဒေါ်ခင်ဝိုင်းကြည်က ပြင်းပြင်းထန်ထန်ဝေဖန်သည်။
“လူ့အခွင့်အရေးနဲ့ အမျိုးသားရေး အံဝင်ခွင်ကျဖြစ်တဲ့ဟာကိုပဲ ကျွန်မက လက်ခံတယ်၊ မဖြစ်တဲ့ဟာကိုတော့ လက်မခံနိုင်ဘူး၊ လူ့အခွင့်အရေးလို့ သေအောင်အော်နေပါစေ၊ အဲဒါကို လက်မခံနိုင်ဘူး” ဟု ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။ ပြောဆိုနေစဉ် ဒေါသထွက်လာသဖြင့် သူ့အသံမှာ တုန်ယင်နေသည်။
ဘာသာရေးနှင့် ရွေးကောက်ပွဲ
NLD ပါတီမှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းစိုးဦးက ဘာသာရေးအသုံးချ မဲဆွယ်စည်းရုံးမှုများ ရှိခဲ့လင့်ကစား မဲမသမာမှုများသာ မပေါ်ပေါက်လျှင် ရွေးကောက်ပွဲရလဒ်အပေါ် စိုးရိမ်ပူပန်စရာလိုမည်မဟုတ်ဟု ပြောသည်။
ဘာသာရေးကို နိုင်ငံရေးလက်နက်တစ်ခုအနေဖြင့် အသုံးချမဲဆွယ်မှုမှာ အလွန်တရာအကဲဆတ်သည်ဟု သူက သုံးသပ်သည်။
“ဘာသာရေးအသုံးချ မဲဆွယ်မှုကတော့ အောက်တန်းအကျဆုံးနိုင်ငံရေးပဲ။ နိုင်ငံရေးသမားတစ်ယောက်ဟာ နိုင်ငံအပေါ်မှာ တကယ်ကို တိုးတက်စေချင်တယ်ဆိုရင် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတဲ့ကိစ္စကို မလုပ်ရဘူး။ ဒါဟာ နိုင်ငံတစ်ခုအတွက် အရမ်းအန္တရာယ်များတဲ့ ကိစ္စတစ်ခုပါ” ဟု သူက ပြောသည်။
အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည့် ဦးကျော်ဇင်က ရွေးကောက်ပွဲလွန်ကာလတွင် အပြောင်းအလဲ ကြီးကြီးမားမားဖြစ်လာမည်ဟု မျှော်လင့်မထားကြောင်း ပြောသည်။
“ကျွန်တော်တို့ကတော့ အများကြီး မမျှော်လင့်ထားပါဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့ ပေးသင့်တယ်ထင်လို့ ပေးတာပါ” ဟု ၎င်းကပြောသည်။
ယခင် ရွေးကောက်ပွဲများတွင် မဲပေးခဲ့ဖူးသည့် အသက် ၇ဝ အရွယ် ဦးကျော်ဝင်းက တင်းမာမှုများ မရှိစေလိုကြောင်း မှတ်ချက်ပေးသည်။
“ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးသွားစေချင်တယ်။ အကောင်းဆုံးကို မျှော်လင့်ထားပါတယ်” ဟု မဲပေးပြီးပြန်လာသည့် ဦးကျော်ဝင်းက ပြောပြသည်။
ယနေ့ခေတ်ပညာရေးစနစ် မကောင်းသည့်အတွက် ဘွဲ့ရသော်လည်း ပညာမတတ်သူ များပြားလာသည့်အချက်ကို ပြုပြင်စေလိုသည်ဟု သူက ဆိုသည်။
“ပညာရေးကောင်းလာရင် ကျန်တာတွေ ပြောစရာ သိပ်မလိုတော့ပါဘူး” ဟု သူက ဆက်ပြောသည်။
မဲဆန္ဒရှင် ၁,၃ဝဝ ကျော် မဲပေးနိုင်သော မင်းရပ်၊ မဲရုံအမှတ်(၁) တွင် နံနက်ရှစ်နာရီခွဲက အယောက် ၂ဝဝ ခန့် မဲပေးပြီးသွားပြီဟု သိရသည်။
ညနေ ၄ နာရီ မဲရုံပိတ်ချိန်တွင် သတ်မှတ်ထားသည့် အရေအတွက်အတိုင်း အားလုံး မဲပေးနိုင်ကြလိမ့်မည်ဟု အမှတ် (၁) မြို့မရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ခန့်မှန်းသည်။
ရွေးကောက်ပွဲအကြိုနှင့်အလွန်
ရွေးကောက်ပွဲကျင်းပရန် တစ်ရက်အလို မိတ္ထီလာမြို့၏နံနက်ခင်းမြင်ကွင်းများသည် ဒေသခံတို့၏သဘောထားကို ထင်ဟပ်လျက်ရှိသည်။
ရွေးကောက်ပွဲအကြိုရက်တွင် မိတ္ထီလာမှ ဂျာနယ်လက်ပွေ့ရောင်းသူတစ်ဦးကလည်း “အနီရောင်တွေလွှမ်းတော့မယ့် နိုဝင်ဘာလ” ဟု အော်ဟစ်ရင်း သူ့လက်ထဲတွင် ကိုင်ဆောင်ထားသော ဘောလုံးဂျာနယ်တစ်စောင်ကို ဝှေ့ယမ်းပြနေသည်။
ဂျာနယ်မျက်နှာဖုံးတွင်တော့ ဥရောပမှ ဘောလုံးအသင်းနှစ်သင်း ယှဉ်ပြိုင်မှုတွင် အနီရောင်ဝတ် ဘောလုံးအသင်း အနိုင်ရမည့်အကြောင်းကို ရေးသားထားသည်။
လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးတစ်ဦးက အလုပ်လုပ်နေရင်း NLD ပါတီ အောင်နိုင်ရေးသီချင်းတစ်ပုဒ် အော်ဆိုနေသည်ကို တွေ့ရသည်။ ထိုသီချင်းမှာ မဲဆွယ်ကာလ ဒေသအနှံ့တွင် ကြားရသည့် NLD မဲဆွယ်သီချင်းတစ်ပုဒ် ဖြစ်သည်။
NLD၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ဒေသတွင်း အဓိက ပြိုင်ဘက်များမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုတို့မှ ဖြစ်သည်။
မိတ္ထီလာတွင် ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားခဲ့သော်လည်း ယခုအခါ ဒေသခံတို့က အပြန်အလှန် နားလည်မှုဖြင့် နေထိုင်လျက်ရှိပြီး တည်ငြိမ်အေးချမ်းသည့် အခြေအနေကိုသာ လိုလားကြသည်ဟု NLD ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းစိုးဦးက ပြောသည်။
“တော်တော်ကိုစာမဖတ်တဲ့လူတွေလောက်နဲ့ တော်တော်ကို အကြားအမြင် ဗဟုသုတနည်းတဲ့လူတွေလောက်သာ သူတို့လုပ်တဲ့မှိုင်းမှာ ဝင်မှာပါ။ စိုးရိမ်စရာ အများကြီးတော့ မရှိပါဘူး” ဟု သူကပြောသည်။