စီးပွားရေးသတင်း

တော်လှန်ရေးနယ်မြေများတွင် ရတနာတူးဖော်ရန် ရုရှားကို စစ်ကောင်စီဖိတ်ခေါ်

TNLA ထိန်းချုပ်မြို့ မိုးကုတ်၊ KIA နှင့် NUG တို့ ထိန်းချုပ်ရန် ကြိုးစားနေသည့် ဖားကန့်၊ ခန္တီး၊ တနိုင်း၊ မိုးညှင်းတို့တွင် ကျောက်မျက်လုပ်ကွက်များချပေးမည်ဟု စစ်ခေါင်းဆောင်က ရုရှားကို ကမ်းလှမ်းထားသည်။

တအာင်းတပ် TNLA ထိန်းချုပ်ထားသည့် နိုင်ငံအလယ်ပိုင်းမှ မိုးကုတ်မြို့၊ ကချင်တပ် KIA နှင့် NUG တို့ ထိန်းချုပ်ရန် ကြိုးစားနေသည့် နိုင်ံမြောက်ပိုင်းမှ ဖားကန့်၊ ခန္တီး၊ တနိုင်း၊ မိုးညှင်း စသည့်မြို့များတွင် ရုရှားတို့အတွက် ကျောက်မျက်နှင့်ဓာတ်သတ္တုတူးဖော်ရေးလုပ်ကွက်များ ချပေးမည်ဟု စစ်ခေါင်းဆောင်က  မော်စကိုခရီးစဉ်အတွင်း ရုရှားအစိုးရနှင့်စီးပွားရေးသမားများကို  ကမ်းလှမ်းလိုက်သည်။

စစ်ကောင်စီသည် အဆိုပါကမ်းလှမ်းမှုများကို ပြီးခဲ့သည့်မတ်လ ၅ရက်နေ့က မော်စကိုတွင်ကျင်းပသည့် မြန်မာ-ရုရှားစီးပွားရေးဖိုရမ်တွင် ရုရှားဘက်သို့ ချပြခဲ့ခြင်းဖြစ်ကြောင်း ထိုပွဲအကြောင်း သိသူတစ်ဦးက ဆိုသည်။

ဆွေးနွေးပွဲအတွင်း ရုရှားစီးပွားရေးသမားများခြေချရန် မဲဆွယ်သည့်အထဲတွင် ရခိုင်တပ် AA ထိန်းချုပ်ထားသည့် နိုင်ငံအနောက်ပိုင်းဒေသကို  ချန်လှပ်ခဲ့သည်။

ထိုသို့ချန်လှပ်ထားမှုက စစ်ကောင်စီနှင့် ရုရှားတို့အကြား သဘောတူထားသည့် မြန်မာ-ရုရှား ငပလီကမ်းခြေအိမ်ရာ စီမံကိန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားခြင်းနှင့် ဆက်စပ်နိုင်ကြောင်းလည်း ၎င်းကဆိုသည်။

မိုးကုတ်မြို့နယ်တွင်းရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းခွင် တစ်ခုကို ၂၀၁၉ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − AFP)

မြန်မာ-ရုရှားစီးပွားရေးဖိုရမ်

မတ်လ ၃ ရက်နေ့ကစတင်ပြီး သီတင်းတစ်ပတ်ကြာမြင့်ခဲ့သည့် စစ်ခေါင်းဆောင်၏ ရုရှားနှင့်ဘယ်လာရုစ် ခရီးစဉ်အတွင်း  မြန်မာ-ရုရှားစီးပွားရေးဖိုရမ်ကို မတ်လ ၅ရက်နေ့က မော်စကိုတွင် ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို မော်စကိုရှိ စစ်ကောင်စီသံရုံး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် Myanmar Airways International (MAI)တို့က စစ်ကောင်စီဘက်က ပူးပေါင်းခဲ့ကြသည်။ UMFCCI ဆိုသည်က ၂၀၂၁ အာဏာသိမ်းပြီးချိန်ကတည်းက စစ်ခေါင်းဆောင်ကို သစ္စာခံပါမည်ဟု ကတိပေးခဲ့သည့် စီးပွားရေးသမားများဦးဆောင်သည့် အဖွဲ့အစည်းဖြစ်သည်။

မော်စကိုခရီးစဉ်တွင် စစ်ခေါင်းဆောင်နှင့်အတူ လေယာဉ်တစ်စီးထဲလိုက်ပါသွားသော UMFCCI ဥက္ကဋ္ဌဦးအေးဝင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လူမျိုးစုလက်နက်ကိုင်တပ်များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် သယံဇာတတူးဖော်ရန် ရုရှားတို့အတွက်လမ်းဖွင့်ထားကြောင်း ကမ်းလှမ်းခဲ့သည်။

UMFCCI ဥက္ကဋ္ဌဦးအေးဝင်းကို  စစ်ခေါင်းဆောင်၏ ခရီးစဉ်အတွင်း တွေ့ရစဉ်။  (ဓာတ်ပုံ – စစ်ကောင်စီ)

 သူ၏ကမ်းလှမ်းချက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်တွင် ပတ္တမြား၊ နီလာ၊ ‘အညံ့ပန်း’ ဟုခေါ်သည့် ပတ္တမြားနှင့်ဆင်တူသော Spinel ကျောက်အပါအဝင် အခြားကျောက်မျက်ရတနာများ တူးဖော်ရေး ပါဝင်သည်။

ထို့အပြင် ကချင်တပ် KIA နှင့် NUG တို့ ထိန်းချုပ်ရန် ကြိုးစားနေသည့် နိုင်ငံမြောက်ပိုင်းမှ ဖားကန့်၊ ခန္တီး၊ တနိုင်း၊ မိုးညှင်း စသည့်ဒေသများတွင် ကျောက်စိမ်း၊ ပယင်း နှင့် ‘မိုးညှင်းနီလာ’ ဟုခေါ်သည့် Kyanite ကျောက်တွင်းများ အကြောင်းကိုလည်း UMFCCI ဥက္ကဋ္ဌက မိတ်ဆက်ခဲ့သည်။

ထိုဒေသများသည် စစ်ကောင်စီ၏အာဏာသက်ရောက်မှု လုံးဝမရှိသည့်နယ်မြေများ၊ တစိတ်တပိုင်းသာ ထိန်းချုပ်နိုင်သော နေရာများဖြစ်နေသည့်အတွက် ရုရှားဘက်က စိုးရိမ်မှုများရှိနေသည်။

အစည်းအဝေးတွင် ထိပ်ဆုံးခုံတန်းတွင်ထိုင်ခဲ့သည့် စစ်ခေါင်းဆောင်က ရုရှားတို့၏စိုးရိမ်ပူပန်မှုကို နှစ်သိမ့်ခဲ့ပြီး စီးပွားရေး လုပ်ချင်ကိုင်ချင်စိတ်သာ အရေးကြီးကြောင်း ချွေးသိပ်ခဲ့သည်။

“လက်ရှိကြုံတွေ့နေရတဲ့ တချို့သော အခက်အခဲတွေကို ခင်ဗျားတို့ခေါင်းထဲမှာ သိပ်မထည့်ပါနဲ့၊ ဒါ တဒင်္ဂသာ ဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်က ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး နှင့် လုပ်ငန်းရှင်များကို ပြောကြားခဲ့ကြောင်း စစ်တပ်ပိုင်သတင်းဌာနများကထုတ်လွှင့်ခဲ့သည်။

 NUG နှင့် EAOs ထိန်းချုပ်နယ်မြေများတွင် ရတနာသိုက်များရှိကြောင်း UMFCCI ဥက္ကဋ္ဌက ရုရှားတို့ကို ရှင်းပြရာတွင် အသုံးပြုခဲ့သည့် ရုပ်ပုံကားချပ်တစ်ခု။ 

မိုးကုတ်ပတ္တမြားမြေတွင်  စစ်ခင်းမည့် TNLA နှင့်စစ်ကောင်စီ

အရည်အသွေးကောင်း ကမ္ဘာ့ထိပ်တန်း ပတ္တမြားများထွက်ရှိရာ   မိုးကုတ်တွင် ရုရှားတို့ ကျောက်မျက်လာတူးမည်ဆိုပါက စစ်ကောင်စီခွင့်ပြုသည့်တိုင် မြို့ကိုထိန်းချုပ်ထားသည့်  TNLA  ၏ သဘောထားလည်းလိုအပ်မည်ဖြစ်သည်။

မိုးကုတ်ကို TNLA နှင့် မဟာမိတ်တို့က ပြီးခဲ့သည့်နှစ်ဇူလိုင်တွင် စစ်တပ်လက်ထဲမှ တိုက်ခိုက်သိမ်းပိုက်ပြီး ထိုမြို့ရှိစစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့မိတ်ဆွေများပိုင်ဆိုင်သည့် ကျောက်တွင်းများအပါအဝင် နှစ်စဉ်အမေရိကန် ဒေါ်လာသန်းထောင်နှင့်ချီဝင်ငွေရှိသည့်  ပတ္တမြားလုပ်ကွက်များကိုလည်း သိမ်းပိုက်ထားသည်။

မိုးကုတ်မြို့ထဲသို့ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ဝင်ရောက်လာသည့် TNLA နှင့် မဟာမိတ်တပ်များကို ဒေသခံလူထုက ကြိုဆိုနေပုံ။

TNLA ပြောခွင့်ရအရာရှိ လွေးယေဦးက ၎င်းတို့ထိန်းချုပ်နယ်မြေထဲတွင် စီးပွားရေးလုပ်ကိုင်ပါက TNLA ၏ခွင့်ပြုချက်ရယူရန်လိုအပ်ပြီး အခွန်ပေးဆောင်ရန်လည်းလိုကြောင်း Myanmar Now ကိုပြောသည်။

သို့သော်ချွင်းချက်အနေဖြင့်  “စစ်ကောင်စီကို အားပေးတဲ့ကိစ္စမျိုးမဟုတ်ဘူးဆိုရင် (ခွင့်ပြုဖို့) စဉ်းစားပေးမယ်” ဟု ၎င်းကဆိုသည်။

·   TNLA လက်အောက်ရောက် စစ်တပ်နှင့် အပေါင်းပါများ၏ မိုးကုတ်ပတ္တမြားလုပ်ကွက်များအကြောင်း အပြည့်အစုံဖတ်ရန်

စစ်ကောင်စီကိုထောက်ခံကြောင်း လူသိရှင်ကြားပြောဆိုထားသည့် ရုရှားတို့ဘက်က မိုးကုတ်တွင် ပတ္တမြား လာတူးရန် ၎င်းတို့ထံဆက်သွယ်အကြောင်းကြားခြင်းမရှိသေးဟုလည်း TNLA ပြောခွင့်ရ အရာရှိကဆိုသည်။

မိုးကုတ်ကျောက်တွင်းများက အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီသည့်တန်ကြေးရှိပြီး ၂၀၂၀ မတိုင်ခင် တနှစ်လျှင် ပျမ်းမျှ ကန်ဒေါ်လာ ၃၄၆ သန်းမှ ၄၁၅ သန်းအထိ တန်ဖိုးရှိကြောင်း သယံဇာတထုတ်လုပ်ရေး လေ့လာစောင့်ကြည့်သည့် ဗြိတိန်အခြေစိုက် Global Witness ၏ ပဋိပက္ခပတ္တမြားများအမည်ရ ၂၀၂၁ ဒီဇင်ဘာထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုထဲမှအကျိုးအမြတ်အများစုကို စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏မိတ်ဆွေလုပ်ငန်းရှင်များက ရရှိနေသည်။

ရုရှားတို့ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ TNLA က မိုးကုတ်တွင် ခံစစ်စတင်ပြင်ဆင်နေသည်။

လူဦးရေ ၁သိန်း၈သောင်းခွဲကျော်နေထိုင်သည့် မိုးကုတ်ကိုကာကွယ်ရန် “မြို့စောင့်တပ်”ဖွဲ့စည်းမည်ဟု TNLA ခန့်ထားသည့် အုပ်ချုပ်ရေးမှုးများက မြို့ခံများကို  မတ်လ ၆ ရက်နေ့တွင် အသိပေးခဲ့သည်။

“မြို့စောင့်တပ်” အတွက် အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသမီး၊ အမျိုးသားများ  တစ်အိမ်တစ်ယောက် စစ်မှုထမ်းရမည်ဟု TNLA ဘက်က အကြောင်းကြားထားကြောင်း၊ ထိုသတ်မှတ်ချက်ကို  ကန့်ကွက်သူများလည်း ရှိကြောင်း ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီက ပတ္တမြားထွက်ရာ နောက်ထပ်တစ်မြို့ဖြစ်သည့် ရှမ်းပြည်တောင်ပိုင်းမှ မိုင်းရှူးမြို့တွင်လည်း ကျောက်လုပ်ကွက်များချပေးမည်ဟု ရုရှားတို့ကို ကမ်းလှမ်းထားသည်။

KIA, NUG ထိန်းချုပ်နယ်မြေများသို့ ရုရှားများကို ခေါ်သွင်းခြင်း

စစ်ကိုင်းအထက်ပိုင်းမှ ခန္တီး နှင့် တနိုင်း၊ ကချင်ပြည်နယ်မှ ဖားကန့် နှင့် မိုးညှင်း စသည့်ဒေသများသည် ကျောက်စိမ်း၊ ပယင်း နှင့် ‘မိုးညှင်းနီလာ’ ဟုခေါ်သည့် Kyanite  အများအပြားထွက်ရှိရာ ဒေသများဖြစ်သည်။

မိုးကုတ်နည်းတူ စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့မိတ်ဆွေများ၏ ကျောက်တွင်းများရှိရာ ထိုဒေသကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ထိန်းချုပ်နိုင်ရန် အပြင်းအထန်ကြိုးစားနေသည်။

ယင်းဒေသများသို့ ရုရှားများကိုဖိတ်ခေါ်ထားသည့် စစ်ကောင်စီ၏ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး  ဗဟိုကော်မတီဝင်များ အကြားဆွေးနွေးပြီးမှ မှတ်ချက်ပေးနိုင်မည်ဟု KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

KIA နှင့်နီးစပ်သည့် Myanmar Now ၏ သတင်းအရင်းအမြစ်က မြန်မာ-တရုတ်နယ်စပ်အခြေစိုက် ကချင်တော်လှန်ရေးတပ်သည် ရုရှားကိုအားကိုးသည့် စစ်တပ်၏ခြေလှမ်းများကို သတိဖြင့်စောင့်ကြည့်နေသည်၊ စစ်တပ်၏ကမ်းလှမ်းမှုများနှင့် ပတ်သက်ပြီး ရုရှား၏ တုံ့ပြန်မှုကို လေ့လာနေသည်ဟုဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာကျေးရွာရှိ စစ်လေယာဉ်ပျက်အနီး  KIA တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၄ ဇန်နဝါရီ နောက်ဆုံးပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-မြတ်ပန်း /Myanmar Now)

စစ်ကိုင်းအထက်ပိုင်းမှ ခန္တီးမြို့ကို ၂၀၂၁ စစ်တပ်အာဏာသိမ်းကာစတွင်  KIA က ထိုးစစ်ဆင်ခဲ့ဖူးသည်။ မြို့ကိုစစ်တပ်က ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်သည်။

ခန္တီးနှင့် ကီလိုမီတာ ၁၁၀ (မိုင် ၇၀) ခန့်ဝေးသည့် စစ်ကိုင်းနှင့်ကချင် နယ်စပ်မှ ရွှေမှော်၊ ပယင်းမှော်များပေါများရာ တနိုင်းကိုမူ KIA က ဆက်လက်ထိုးစစ်ဆင်နေသည်။ 

ပြီးခဲ့သည့်နှစ် မတ်လအတွင်းက စီးပွားရေးအရ အရေးကြီးသည့် တနိုင်းမြို့နယ်ထဲမှ နမ်ဗျူစခန်းကို  သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ပြောခွင့်ရအရာရှိက Myanmar Now ကို အတည်ပြုခဲ့ဖူးသည်။

–   ရွှေမှော်၊ ပယင်းမှော်များရှိရာ တနိုင်းမြို့နယ်မှ အရေးကြီး စစ်စခန်းကို KIA ပြန်သိမ်း

‘မိုးညှင်းနီလာ’ ဟုခေါ်သည့် Kyanite ကျောက်များထွက်ရာ ကချင်ပြည်နယ်မိုးညှင်းကိုလည်း KIA နှင့်မဟာမိတ်တို့က ထိန်းချုပ်နိုင်ရန်ကြိုးစားနေပြီး  တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

လူဦးရေ ၂သိန်း၂သောင်းနီးပါးနေထိုင်သည့် ထိုဒေသတွင် စစ်ကောင်စီ၏မဟာမိတ် လူမျိုးစုလက်နက်ကိုင်တပ် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) က စစ်တပ်နှင့်အတူ KIA ၏ ထိုးစစ်ကို  ခုခံနေသည်။ လက်ရှိအချိန်အထိ မြို့သည် စစ်ကောင်စီနှင့် SNA ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။

ရှမ်းနီအမျိုးသားများ ကာကွယ်ရေးတပ်(SNA) တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − SNA)

ကမ္ဘာကျော် ကျောက်စိမ်းများထွက်ရှိရာဖားကန့်မြို့ကို ထိန်းချုပ်ရန်  စစ်ကောင်စီနှင့် ကချင်တပ် KIA တို့က   ကြိုးစားနေပြီး ယင်းဒေသတွင်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။ နှစ်ဖက်တပ်ဖွဲ့ပိုင် ကျောက်စိမ်းတွင်းများရှိသည့် ဖားကန့်ကို မည်သည့်တပ်ကမှ အလုံးစုံ မထိန်းချုပ်နိုင်သေးဘဲ အားပြိုင်နေဆဲဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ဖားကန့်မှတူးဖော်ရရှိသည့် ကျောက်စိမ်းအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ သွားနေကြောင်း သယံဇာတထုတ်လုပ်ရေး လေ့လာစောင့်ကြည့်သည့် ဗြိတိန်အခြေစိုက် Global Witness ၏ ၂၀၂၁ ခုနှစ်ထုတ်  အစီရင်ခံစာတွင် ရေးသားထားသည်။

ဖားကန့်ကျောက်စိမ်းလုပ်ငန်းမှ စစ်တပ်အပြင် KIA၊ ရခိုင်တပ် AA၊ ‘ဝ’ တပ် UWSA အပြင် နယ်စပ်ကုန်သွယ်ရေး ကို ထိန်းချုပ်ထားသည့် လူမျိုးစုလက်နက်ကိုင်များလည်း အကျိုးအမြတ်ရနေကြောင်း Global Witness ကဆိုသည်။

တရုတ်အစိုးရနှင့်နီးကပ်သည့်ဆက်ဆံရေးရှိသည့် ‘ဝ’ တပ် UWSA သည် စစ်ကောင်စီနှင့်  ပဋိပက္ခ  မဖြစ်သော်လည်း  စစ်ကောင်စီကိုတိုက်နေသည့် ကချင်တပ် KIA, ရခိုင်တပ် AA, ကိုးကန့်တပ် MNDAA, တအာင်းတပ် TNLA တို့နှင့် မဟာမိတ်ဆက်ဆံရေးရှိသည်။


–   ကျောက်စိမ်းလုပ်ငန်းမှ မင်းအောင်လှိုင်မိသားစု အကျိုးအမြတ်ရနေဟု Global Witness ထုတ်ဖော်

ရုရှားတို့ကိုစစ်ကောင်စီက ဖိတ်ခေါ်ထားသည့် စစ်ကိုင်းအထက်ပိုင်းမှ ခန္တီး နှင့် တနိုင်း၊ ကချင်ပြည်နယ်မှ ဖားကန့် နှင့် မိုးညှင်း တို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သြဇာအာဏာသည် အကန့်အသတ်ဖြင့်သာ သက်ရောက်သည်။

KIA ၏  ထိုဒေသ ထိုးစစ်များတွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များက မဟာမိတ်အဖြစ် ပူးတွဲတိုက်ခိုက်နေသည်။

သို့သော် စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် စစ်ကိုင်း-ခန္တီးအကြား ချင်းတွင်းမြစ်တလျှောက်တွင်မူ NUG လက်အောက်ခံ PDF များနှင့် မည်သည့်တပ်ဖွဲ့အောက်မှမဝင်ဘဲ သီးခြားရပ်တည်နေသောဒေသတွင်း လက်နက်ကိုင်တပ်များအားကောင်းပြီး စစ်ကောင်စီတပ်များကို ပျောက်ကျားစစ်ဖြင့် တိုက်ခိုက်နေသည်။

KIA ၊ NUG နှင့် ပူးပေါင်းတပ်များ ၂၀၂၄ မတ်လ ၂၀ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သော ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ဘွမ်ရေဘွမ့်စခန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ − NUG)

ရခိုင်တွင် ဦးကျိုးသွားသည့် ရုရှားစီမံကိန်း

မြန်မာနိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရခိုင်-ဧရာဝတီနယ်စပ်အထိ ရခိုင်တစ်ပြည်နယ်လုံးနီးပါး သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် AA ၏ထိန်းချုပ်နယ်မြေများတွင် ရုရှားရင်းနှီးမြှုပ်နှံမှုများ ရောက်လာရန် စစ်ကောင်စီက မဲဆွယ်ခြင်းမပြုဘဲ ချန်လှပ်ထားသည်ဟု သိရသည်။

ထိုသို့ချန်လှပ်ထားမှုက စစ်ကောင်စီနှင့် ရုရှားတို့အကြား သဘောတူထားသည့် မြန်မာ-ရုရှား ငပလီကမ်းခြေ အိမ်ရာ စီမံကိန်းကို  AA  သိမ်းပိုက်ထားခြင်းနှင့် ဆက်စပ်နိုင်ကြောင်းလည်း ထိုပွဲအကြောင်း သိသူတစ်ဦးက ဆိုသည်။

 ရုရားအိမ်ရာစီမံကိန်းရှိရာ ငပလီကမ်းခြေကို သိမ်းပိုက်ထားသည့် AA တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၄ ဇူလိုင် ၁၁ ရက်က AA  ထုတ်ပြန်ထားသည့် ဓာတ်ပုံတစ်ပုံတွင် တွေ့ရစဉ်။ 

 စစ်ကောင်စီနှင့်ရုရှားတို့သည် ၂၀၂၃ ဖေဖော်ဝါရီလအတွင်းက ‘မြန်မာ-ရုရှား ငပလီကမ်းခြေအိမ်ရာစီမံကိန်း’ ဟုအမည်ပေးထားသည့် အိမ်ရာလုပ်ငန်းကို ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေတွင်တည်ဆောက်ရန် နားလည်မှုဆိုင်ရာ သဘောတူစာချုပ်(MoU) လက်မှတ်ထိုးခဲ့ကြသည်။

ယင်းစီမံကိန်းကို ရုရှားဘက်က ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးဆောင်ပြီး မြန်မာဘက်က Treasure of Ngapali Development နှင့် Shwin Pyaw Pyaw Trading တို့က ဦးဆောင်သည်။

စီမံကိန်းတန်ကြေး မည်မျှရှိသည်ကို အတိအကျမသိရသော်လည်း ထိုစီမံကိန်းသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ခွင့်ပြုချက်ဖြင့်ဆောင်ရွက်သည့် မြန်မာနိုင်ငံထဲမှ အကြီးဆုံးရုရှားရင်းနှီးမြှုပ်နှံမှုစီမံကိန်းဟု နားလည်ရသည်။

ရုရှားတို့၏ထိုစီမံကိန်းသည်   ပြီးခဲ့သည့်နှစ်အတွင်း  AA ၏ ထိုးစစ်ကြောင့် ငပလီကမ်းခြေနှင့်အနီးတဝိုက်မှ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားခြင်းနှင့်အတူ ပျောက်ကွယ်သွားသည်။

စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့မိတ်ဆွေများပိုင်ဆိုင်ကြသည့် ငပလီကမ်းခြေမှ ဇိမ်ခံဟိုတယ်များကို  AA က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ချိတ်ပိတ်သိမ်းယူလိုက်ကြောင်းဒေသတွင်းသတင်းဌာနများက  ဒေသခံများကို ကိုးကားပြီး ရေးသားကြသည်။

လက်ရှိအချိန်တွင် အာရက္ခတပ်တော် AA သည် ရခိုင်ပြည်နယ်ထဲမှ မောင်တော၊ ဂွ၊ သံတွဲ၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် ၊ ရမ်းဗြဲ၊ နှင့်  ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

–   “မြေတစ်ဧက လျော်ကြေး ကျပ် ၇၀၀၀”– ငပလီကို လက်ဝါးကြီးအုပ်ခဲ့သူများ (အပိုင်း ၁)

–   “မြေတစ်ဧက လျော်ကြေး ကျပ် ၇၀၀၀”– ငပလီကို လက်ဝါးကြီးအုပ်ခဲ့သူများ (အပိုင်း-၂)

သံယံဇာတထိုးစစ်ပြန်စမည့်စစ်ကောင်စီ

မတ်လ ၃ ရက်နေ့ကစတင်ပြီး သီတင်းတစ်ပတ်ကြာမြင့်ခဲ့သည့် ရုရှားနှင့်ဘယ်လာရုစ်ခရီးစဉ်အပြီး စစ်ကောင်စီသည် ထိုနှစ်နိုင်ငံ၏ နိုင်ငံရေးအရ ထောက်ခံမှုများရခဲ့ပြီး သယံဇာတတူးဖော်ရေးအတွက် အာရုံစိုက်မည်ဟုလည်း စစ်ခေါင်းဆောင်က လူသိရှင်ကြားထုတ်ပြောထားသည်။

စီးပွားရေးချဲ့ထွင်မှုကို “နောက်ကျပြီးကျန်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေအားလုံး”တွင် လုပ်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားသို့ခေါ်ဆောင်သွားသည့် သတင်းဌာနများနှင့် နေပြည်တော်အပြန်ခရီး လေယာဉ်ပေါ်တွင်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“…(သယံဇာတူးဖော်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေအတွက်)အလျင်မြန်ဆုံး ဆောင်ရွက်ပေးနိုင်မယ့်နိုင်ငံက ရုရှားနိုင်ငံဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်” ဟု စစ်ခေါင်းဆောင်ကဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း နိုင်ငံအတွင်းရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်  ၎င်းတို့ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတဆင့် ကြေညာခဲ့သည်။

၎င်းတို့ခွင့်ပြုချက်မရှိဘဲ ထိုသယံဇာတများကို ခိုးထုတ်နေကြသည်ဟု စစ်တပ်ကစွပ်စွဲခဲ့ပြီး ယင်းလုပ်ငန်းများမှ ရရှိသည့်ဝင်ငွေများဖြင့် စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများ ဆင်နွှဲနေသည်ဟုလည်း ဆိုသည်။

လူမျိုးစုလက်နက်ကိုင်တပ်များအပါအဝင် စစ်တပ်ထံအခွန်မဆောင်ဘဲ သယံဇာတတူးနေသူများကို “ဥပဒေမဲ့ခိုးထုတ်နေကြသူများ” ဟု စစ်ကောင်စီက တံဆိပ်ကပ်ထားပြီး တိုက်ခိုက်ခြေမှုန်းမည်ဟုလည်း ကြေညာခဲ့သည်။

Show More

Related Articles

Back to top button