
တပ်မတော်က အာဏာသိမ်းပြီး ၄၅ ရက်အကြာ ယနေ့ (မတ် ၁၇) တွင် မြန်မာနိုင်ငံ၌ လွတ်လပ်သည့် ပုဂ္ဂလိကသတင်းစာများအားလုံး ထုတ်ဝေခြင်းမရှိဘဲ ရပ်နားလိုက်ရသည့်နေ့အဖြစ် မှတ်တမ်းဝင်သွားပြီသည်။
ပြည်တွင်းရှိ ပုဂ္ဂလိကသတင်းစာများဖြစ်သည့် The Myanmar Time၊ The Voice၊ 7Day News နှင့် Eleven သတင်းစာတို့မှာ ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ထုတ်ဝေခွင့်ရပ်နားထားရာမှ နောက်ဆုံး လက်ကျန်အဖြစ် ဆက်လက်ထုတ်ဝေနေသော စံတော်ချိန်သတင်းစာသည်လည်း ယနေ့တွင် ရပ်နားလိုက်ခြင်းဖြစ်သည်။
အရပ်သားတစ်ပိုင်း အစိုးရဟုခေါ်သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ဧပြီ ၁ ရက်တွင် ပုဂ္ဂလိက သတင်းစာများ စတင်ထုတ်ဝေခဲ့ပြီးနောက် ရှစ်နှစ်အကြာတွင် အားလုံးရပ်နားခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် လက်ရှိတပ်မတော်က အာဏာသိမ်းထားသည့်ကာလတွင် ပြည်တွင်းရှိ ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေနိုင်ခြင်း မရှိတော့ဘဲ အွန်လိုင်းမှတစ်ဆင့် ဖော်ပြနေသည့် သတင်းမီဒီယာများသာ ကျန်ရှိတော့သည်။
“သတင်းမီဒီယာလွတ်လပ်ခွင့်ကတော့ အင်တာနက်တွေပါ ဖြတ်လိုက်ဆိုတော့ ပိုဆိုးလာဖို့ပဲရှိပါတယ်” ဟု နိုင်ငံရေးဆောင်းပါးသုံးသပ်ရေးသားနေသူ ဦးစည်သူအောင်မြင့်က ပြောသည်။
ထို့အပြင် ဒီမိုကရေစီမရှိသည့် တိုင်းပြည်တစ်ခုဖြစ်သွားပြီး အနည်းငယ်မျှပင် လွတ်လပ်ခွင့်မရှိတော့ဟု ပြောရမည်ဖြစ်ကြောင်းလည်း ၎င်းက ဖွင့်ဟသည်။
သတင်းမီဒီယာများကို အာဏာသိမ်းစစ်ကောင်စီက စတင်ဖိနှိပ်
အာဏာသိမ်းစစ်ကောင်စီအဖွဲ့က သတင်းမီဒီယာများ သတင်းရေးသားဖော်ပြရာတွင် အာဏာသိမ်းအစိုးရဟု သုံးနှုန်းရေးသားခြင်းမပြုရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကနဦး အကြောင်းကြားစာပေးပို့ခဲ့သည်။
အဆိုပါ အကြောင်းကြားစာတွင် သတင်းမီဒီယာကျင့်ဝတ်ဖြင့် ရေးသားရန်နှင့် သတင်းမီဒီယာဆိုင်ရာ ဥပဒေပုဒ်မများကို ကိုးကားပြီး အာဏာသိမ်းအစိုးရဟု သုံးနှုန်းရေးသားခြင်း မပြုလုပ်ကြရန် ပြန်ကြားရေးဝန်ကြီးဌာနက အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အကြောင်းကြားစာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းပြီး ဆောင်ရွက်နေမှုကို အာဏာသိမ်းအစိုးရဟု မမှန်မကန် ရေးသားသုံးနှုန်းခြင်းအပါအဝင် သတင်းမီဒီယာကောင်စီကျင့်ဝတ်နှင့်အညီ မညီမညွတ်ဆောင်ရွက်မှုများ ဖော်ပြနေခြင်းကို အချို့သော သတင်းစာ၊ ဂျာနယ်၊ သတင်းမီဒီယာဝက်ဘ်ဆိုက်နှင့် အွန်လိုင်းမီဒီယာများတွင် တွေ့ရှိရသည်ဟု အာဏာသိမ်းအစိုးရက သတင်းမီဒီယာကောင်စီသို့ ပေးပို့သည့်စာတွင် ရေးသားထားသည်။
ထို့အပြင် သတင်းမီဒီယာသမားများနှင့် သတင်းမီဒီယာ အဖွဲ့အစည်းများအနေဖြင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား အာဏာသိမ်းအစိုးရဟု မမှန်မကန် သုံးနှုန်းခြင်းမျိုးအပါအဝင် လူထုဆူပူအုံကြွမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်ပေးသည့် လုပ်ဆောင်မှုများ မပြုလုပ်ကြရန် ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာကောင်စီသို့ ပေးပို့သည့် အကြောင်းကြားစာတွင် ဖော်ပြခဲ့ သည်။
ထိုသို့ ပထမဆုံးကြောင်းကြားစာပေးပို့ပြီး ၁၁ ရက်အကြာ ဖေဖော်ဝါရီ ၂၂ ရက်တွင် သတင်းမီဒီယာများ အနေဖြင့် ‘အာဏာသိမ်းအစိုးရ’ သုံးနှုန်းခြင်းမပြုရန်နှင့် ဆက်လက်သုံးစွဲနေပါက ထုတ်ဝေခွင့်ပိတ်ခွင့် ပိတ်သိမ်း သည်အထိ အရေးယူသွားမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတိပေးခြိမ်းခြောက် ခဲ့သည်။
သို့သော် အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်နေသော်လည်း လက်ရှိဖြစ်ပေါ်နေသော အခြေ အနေများနှင့် စပ်လျဉ်း၍ ပကတိအတိုင်းလွတ်လပ်စွာ ဆက်လက်ရေးသားထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် မီဒီယာ ၅၀ ကျော်က ဖေဖော်ဝါရီ ၂၅ တွင် ထုတ်ပြန်ခဲ့သည်။
သတင်းထောက်များကို စတင်ဖမ်းဆီး
ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၂၇ ရက်က အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြိုခွင်းစဉ် ပကတိအခြေ အနေများကို မှတ်တမ်းရယူနေသည့် သတင်းထောက်ငါးဦးကို စစ်သားနှင့်ရဲများက ဖမ်းဆီးသွားပြီးနောက် နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားရန်လှုံ့ဆော်ခြင်းဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားသည်။
စမ်းချောင်းမြို့နယ်တွင် သတင်းယူခဲ့သည့် မကေဇွန်နွေး(Myanmar Now)၊ လှည်းတန်းအနီးတွင် သတင်းရ ယူနေသည့် ကိုအောင်ရဲကို (7Day News) ၊ ကိုရဲမျိုးခန့် (Myanmar Pressphoto Agency – MPA)၊ ကိုသိန်းဇော် (AP) ၊ ကိုဟိန်းပြည့်ဇော် (ဇီးကွက်မီဒီယာ)တို့ကို လွန်ခဲ့သည့်သုံးရက်က ဖမ်းဆီးကာ အင်းစိန် ထောင်တွင် ချုပ်နှောင်ထားခဲ့ပြီး ၎င်းတို့ကို သက်ဆိုင်ရာတရားရုံးအသီးသီးတွင် ရုံးထုတ်ရမန်ယူထားသည်/
စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် မတ် ၈ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ဝရမ်းထုတ်ခံရ သည့် သတင်းမီဒီယာသမား ၃၃ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
သတင်းဌာနများကို ပိတ်သိမ်းအရေးယူ
အာဏာသိမ်းစစ်အုပ်စုက မတ်လ ၈ ရက်တွင် ပုဂ္ဂလိကသတင်းစာတစ်စောင်ဖြစ်သော 7Day News၊ Mizzima၊ DVB၊ ခေတ်သစ်နှင့် Myanmar Now သတင်းဌာနတို့ကို ထုတ်ဝေခွင့်ရုပ်သိမ်းကြောင်း စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီးဌာနမှတစ်ဆင့် ကြေညာခဲ့သည်။
ထို့နောက် ဂျာနယ်ခေတ်မှသည် သက်တမ်း ၁၉ နှစ်ရှိ 7Day သတင်းစာတိုက်က ၎င်း၏ မီဒီယာပလက်ဖောင်း အားလုံးရပ်နားကြောင်း မတ် ၉ ရက်တွင် ကြေညာကာ သတင်းထုတ်ဝေခြင်းလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။
ထိုသို့ သတင်းဌာနငါးခုအား ထုတ်ဝေခွင့်ရုပ်သိမ်းကြောင်း ကြေညာအပြီး ၂ ရက်အကြာတွင် အင်အားကြီး သတင်းစာတိုက်တစ်ခုဖြစ်သည့် Eleven သတင်းစာသည်လည်း မတ်လ ၁၀ ရက်မှ ဧပြီ ၁၈ ရက်အထိ သတင်းစာ ထုတ်ဝေခွင့်ရပ်နားထားမည်ဟု ကြေညာခဲ့သည်။
ထိုမတိုင်မီက The Myanmar Time နှင့် The Voice သတင်းစာတို့သည် အကြောင်းအမျိုးမျိုးကြောင့် သတင်းထုတ်ဝေခြင်းလုပ်ငန်းများ ရပ်နားထားခဲ့ပြီးဖြစ်သည်။
မတ်လ ၁၀ ရက်နောက်ပိုင်းတွင် စံတော်ချိန်သတင်းစာသည်သာ တစ်စောင်တည်း ဆက်လက်ထုတ်ဝေနေခဲ့ ရာမှ ယနေ့တွင် ထုတ်ဝေခွင့် ရပ်နားခဲ့ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာများကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယ ဘာသာတွေနဲ့ ထုတ်ဝေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း အစိုးရတက်လာခဲ့ပြီး နောက်တွင်တော့ နေ့စဉ်ထုတ်သတင်းစာ တော်တော်များများကို အစိုးရက ထိန်းချုပ်ခဲ့သည်။ ၁၉၇၃ ခုနှစ် ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပြီးနောက်တွင်တော့ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာတွေ အားလုံး ရပ်ဆိုင်းသွား ခဲ့သည်။
ထို့ကြောင့် နှစ်ပေါင်း ၄၀ အကြာ ဦးသိန်းစိန်အစိုးရက ၂၀၁၂ နှစ်ကုန်ပိုင်းတွင် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေ ခွင့်ပြုခဲ့သည်။
“၈၈တုန်းက သတင်းထောက်မဖြစ်ခဲ့ပေမယ့် အခုလက်ရှိအခြေအနေကတော့ သတင်းထောက်လုပ်ခဲ့တဲ့ ၁၂ နှစ် ကျော် သက်တမ်းအတွင်းမှာ အဆိုးရွားဆုံးပဲ။ အခုက အပြင်ထွက်ပြီး သတင်းယူရမှာ ကြောက်ရတာထက် သတင်းသမားဖြစ်ရင်ကို အဖမ်းခံရတဲ့ခေတ် ပြန်ရောက်သွားတာ” ဟု အမည်အဖော်လိုသည့် သတင်းထောက် တစ်ဦးက ပြောသည်။
“အာဏာရှင်တွေ တိုင်းပြည်ကို အမှောင်ချပေမယ့် အမှောင်ကျသွားမှာတော့ မဟုတ်ပါ။ ပြည်သူတွေရဲ့ ရဲစွမ်း သတ္တိ ရှိမှု၊ အနစ်နာခံမှုတွေ၊ အာဏာရှင်တွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ ရာဇဝတ်မှုတွေ ပြည်တွင်းနဲ့ နိုင်ငံတကာက သိအောင် သတင်း မီဒီယာသမားတွေကို အကူအညီ ပေးကြပါ။ ကိုယ်တိုင်လည်း မှတ်တမ်း တင်ကြပါ”ဟု ဦးစည်သူအောင်မြင့်က ၎င်း၏လူမှုကွန်ရက်တွင် ယမန်နေ့က ရေးသားထားသည်။ သို့သော် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး ၎င်းက အောက်ပါအတိုင်းမှတ်ချက်ပြုသည်။
“သတင်းစာမရှိတဲ့တိုင်းပြည်ဆိုတော့ အမှောင်ခေတ်ကို ရောက်သွားပြီပေါ့”။