သတင်း

“ကာကွယ်​ရေးဆိုင်ရာအစီအမံများ အမြန်အ​ကောင်အထည်​ဖော်မည်ဟု ခေတ္တသမ္မတတိုက်တွန်း “

ပြည်သူလူထု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာအစီအမံများ အမြန်ဆုံးဖော်ဆောင်မည် ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း လူတစ်စု၏ အကျိုးစီးပွားကို သစ္စာစောင့်ခြင်းမဟုတ်ဘဲ နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားများကိုသာ သစ္စာစောင့်သိကြရမည်ဖြစ်ကြောင်း ခေတ္တဒုသမ္မတ မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်း၏ နိုင်ငံတော်အခြေပြမိန့်ခွန်းအပြည့်အစုံမှာ ​အောက်ပါအတိုင်းဖြစ်သည်။

“လေးစားရပါသော သွေးချင်းညီအစ်ကိုမောင်နှမ နိုင်ငံသူနိုင်ငံသားအပေါင်းတို့ခင်ဗျာ။ ယနေ့အချိန်အခါဟာ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအတွက် အလွန်အရေးကြီးပြီး နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် လမ်းဆုံလမ်းဂွကို ရောက်ရှိနေတဲ့ အချိန်အခါ ဖြစ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ ကျွန်တော့်ကို နိုင်ငံတော်ရဲ့ ခေတ္တဒုတိယသမ္မတအဖြစ် ခန့်အပ်ပြီး အင်မတန်ကြီးလေး အရေးပါတဲ့ နိုင်ငံတော်သမ္မတရဲ့ တာဝန်တွေကိုပါ ယုံယုံကြည်ကြည်နဲ့ အပ်နှင်းလိုက်တဲ့အတွက် ပေးအပ်လိုက်တဲ့ တာဝန်တွေကို နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတို့ အပေါ် သစ္စာစောင့်သိ ရိုသေပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ထမ်းရွက်ပါမယ်လို့ ပထမဦးစွာ ကတိသစ္စာပြုလိုပါတယ်။

ပြည်သူများ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်စတင်တက်ရောက်ကြ မယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အာဏာလောဘရမ္မက်ကြီးသူတစ်စုက သိမ်းယူခဲ့ပါတယ်။

စစ်အာဏာရှင်တွေရဲ့ နိုင်ငံတော်အပေါ် တရားမဲ့ပြုကျင့်တာကို လက်သင့်မခံကြတဲ့ ကျွန်တော်တို့ရဲ့ လူငယ်လူရွယ်တွေဟာ လမ်းမတွေထက်မှာ အာဏာရှင်ကို အန်တုနေကြပါတယ်။ ကြွေးကြော်သံကိုယ်စီ သံပြိုင်အော်ရင်း သူတို့ရဲ့ အနာဂတ်ကို အမှောင်မချဖို့ တိုက်ပွဲဝင် တောင်းဆိုနေကြပါတယ်။

စာသင်ခန်းတွေထဲမှာ သိပ္ပံ၊ ဝိဇ္ဇာဘာသာရပ်တွေကို ဆည်းပူးရင်း မိမိတို့ ဝါသနာပါရာ ကဏ္ဍအသီးသီးမှာ စျာန်ဝင်စားရင်း လူငယ်ဘဝကို ဖြတ်သန်းကြမယ့် လူငယ်လူရွယ်တွေဟာ သေနတ်ပြောင်းဝရှေ့ကို ရင်ကော့ချီတက်ရင်း သူတို့ရဲ့ အနာဂတ်အတွက် အနိုင်မခံစိတ်ဓာတ်နဲ့ တိုက်ပွဲဝင်နေကြပါတယ်။

နိုင်ငံတော်နဲ့ နိုင်ငံသနိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေကြတဲ့ နိုင်ငံ့ဝန်ထမ်းများဟာလည်း ပြည်သူ့အာဏာဖီဆန်ရေးနည်းလည်း Civil Disobedience Movement နဲ့ အာဏာရှင်ယန္တရား ရပ်တန့်အောင် တိုက်ပွဲဝင်နေကြပါတယ်။
ထိုနည်းတူပဲ ပြည်သူလူထုကြီးကလည်း လူမျိုးဘာသာ အသက်အရွယ် အရပ်ဒေသ နောက်ခံမရွေး ရှိသမျှ အင်အားတွေကို အသုံးပြုပြီး အာဏာရှင်တွေ ကျရှုံးဖို့အတွက် ကျရာကဏ္ဍကနေ တိုက်ပွဲဝင်နေကြပါတယ်။
ဒါတွေကို ကြည့်ရင် ကျွန်တော်တို့ရဲ့ ပြည်သူလူထုကြီးဟာ စစ်အာဏာရှင်စနစ်ကို လုံးဝ မလိုလားကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်မှာ ဖြစ်ပါတယ်။

အာဏာရှင်တို့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရိုက်နှက်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ လူမဆန်စွာ ပြုကျင့်မှုတွေကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ ရဲဝံ့မှု၊ နိုင်ငံတော်အပေါ် သစ္စာရှိမှုတွေအတွက် အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုလိုပါတယ်။

သမီးတွေကို ဆုံးရှုံးခဲ့ရတဲ့ ဖခင်တွေ၊ အိမ်ပြန်မရောက်လာသေးတဲ့ သားတွေကို မျှော်နေတဲ့ မိခင်တွေ၊ အမှန်တရားအတွက် အသက်ပေးသွားရတဲ့ ပြည်သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ကြေကွဲခံစားရပါကြောင်း ပြောကြားလိုပါတယ်။

ချစ်ကြည်လေးစားရပါသော သွေးချင်းညီအစ်ကိုမောင်နှမ နိုင်ငံသူနိုင်ငံသားအပေါင်းတို့ခင်ဗျာ။

အခုအချိန်ဟာ ကျွန်တော်တို့ နိုင်ငံတော်ကြီးရဲ့ အမှောင်မိုက်ဆုံးအချိန်ဖြစ်သလို ရောင်နီလာတော့မယ့် အချိန်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ မှောင်မိုက်တဲ့ အချိန်တွေကို ဘယ်လောက် ကြံ့ကြံ့ခံနိုင်သလဲဆိုတာ ဆန်းစစ်ခံနေရတဲ့ အချိန်လည်းဖြစ်ပါတယ်။

ထို့အတူ ဒီအရေးတော်ပုံကြီးဟာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုမျိုးစုံကို ဆယ်စုနှစ်များစွာ ခံစားလာခဲ့ရတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးရဲ့ လိုလားတောင့်တချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်ရေးအတွက် ကျွန်တော်တို့အားလုံး အတူတကွလက်တွဲပြီး ကြိုးပမ်းဆောင်ရွက်နိုင်မယ့် အခွင့်အရေးတစ်ရပ်လည်းဖြစ်ပါတယ်။

နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ခင်ဗျာ။

ကျွန်တော်တို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်တာမှာ စည်းလုံးညီညွတ်မှုဟာ အခရာကျပါတယ်။ ကျွန်တော်တို့ အားလုံးဟာ အရင်က ဘယ်လိုပဲ ကွဲပြားမှုတွေရှိပါစေ ယခုအချိန်မှာ အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ဖို့ တစ်ဦးလက်ကို တစ်ဦး ကျစ်ကျစ်ပါအောင် တွဲထားကြရမှာပါ။

ကျွန်တော့်အနေနဲ့ ဒီအရေးတော်ပုံကြီးအတွင်းမှာ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ဖို့ တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်သွားပါမယ်။ ပြည်သူတွေ မိမိကိုယ်ကိုယ် ခုခံနိုင်ရေးအတွက် လိုအပ်တဲ့ ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားပြုထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ရေးဆွဲပြဋ္ဌာန်းပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စများကို ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကတစ်ဆင့် စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မတရားတဲ့အမိန့်တွေကို ဖီဆန်ပြီး Civil Disobedience Movement မှာ ပါဝင်ဆောင်ရွက်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ကျန်ရှိနေသေးတဲ့ နိုင်ငံ့ဝန်ထမ်းများအနေနဲ့လည်း လူတစ်စုရဲ့ အကျိုးစီးပွားကို သစ္စာစောင့်ခြင်းမဟုတ်ဘဲ နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားများကိုသာ စောင့်သိရမှာဖြစ်ကြောင်း သတိပေးလိုပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် သက်ဆိုင်တဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအားလုံးနဲ့ လက်တွဲကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အလေးအနက်ကတိပြု ပြောကြားလိုပါတယ်။

နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ခင်ဗျာ။

ကျွန်တော့်ကို ပေးအပ်ထားတဲ့ တာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကျေပွန်အောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ပြည်သူလူထုအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အစီအမံများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အလေးအနက်ပြု ထပ်လောင်းပြောကြားလိုပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ကျွန်တော်တို့ အားလုံးဟာ နိုင်ငံရေး လောကဓံရဲ့ ရိုက်ပုတ်ချက်တွေကို မည်မျှ ခံစားရသည်ဖြစ်ပါစေ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုတို့အတွက် နောက်မဆုတ်စတမ်း ချီတက်ကြမယ်ဆိုတာ ရဲရဲကြီး ယုံကြည်ပါတယ်။

ကျွန်တော်တို့ဟာ မတရားတဲ့ အာဏာရှင်စနစ်ကို ဘယ်တော့မှ လက်မြှောက်အရှုံးမပေးဘဲ ကျွန်တော်တို့ရဲ့ အနာဂတ်ကို စုပေါင်းအင်အားတွေနဲ့ ထုဆစ်ကြပါမယ်။

အနိုင်မခံစိတ်ဓာတ်တွေနဲ့ စည်းစည်းလုံးလုံး ဆက်ပြီးချီတက်မယ်ဆိုရင် ကျွန်တော်တို့ အားလုံးမျှော်မှန်းနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဟာ မဝေးတော့တဲ့ အနာဂတ်မှာ စောင့်ကြိုနေမယ်လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်

အရေးတော်ပုံ အောင်ရမည်” ။

Related Articles

Back to top button