
မဲဆွယ်ကာလဖြစ်တဲ့အတွက် အမတ်လောင်းတွေ ရပ်ကွက် ကျေးရွာအထိ ဆင်းပြီး မဲဆွယ်နေကြပါပြီ။ ရွေးကောက်ပွဲမတိုင်ခင်ကာလဆိုတာ နိုင်ငံရေးသမားတွေ လူထုထဲဆင်းလာတတ်တဲ့ တစ်ခုတည်းသောအချိန်လို့ မှတ်ချက်ပေးသူ အများအပြား ရှိပါတယ်။ အမတ်လောင်းက လူဟောင်း ဆိုရင်တော့ မဲလိုချိန်မှ သတိရတော်မူပြီး ကိုယ်ထင်ပြတယ်၊ သူရှိနေသေးတယ်ဆိုတာ မဲဆွယ်ချိန်ရောက်မှပဲ ငါတို့သိရတော့တယ်၊ လွှတ်တော်ထဲရောက်ရင် ငါတို့ကို မေ့ပြီ လို့ ပြောကြပါလိမ့်မယ်။
ရွေးကောက်ပွဲကာလ လွန်တာနဲ့ နိုင်ငံရေးသမား အမတ်မင်း အများအပြားက မဲဆန္ဒရှင်တွေကို မေ့တတ်ကြပါတယ် တဲ့။ ဒါဆိုရင် … မဲဆန္ဒရှင်တွေကရော မမေ့တတ်ကြဘူးလား။ သူတို့ဆီ မဲလာဆွယ်တဲ့သူတွေ၊ သူတို့ မဲထည့်လိုက်တဲ့သူတွေကို တစ်ခါတစ်ရံ သတိရတတ်ကြပါသလား။
လက်ရှိအစိုးရတက်လာခါစ မွန်ပြည်နယ်ကျေးလက်ဒေသတစ်ခုကို ရောက်သွားတော့ ရပ်မိရပ်ဖတစ်ဦး ကျွန်တော့်ဆီကို ချဉ်းကပ်လာပါတယ်။ မြို့ပြကလာတဲ့ ကျွန်တော့်ဆီက အလှူခံခြင်းပါ။ ကျေးရွာအတွင်း လမ်းခင်းနေတဲ့အစီအစဉ်မှာ ငွေကြေးအကူအညီထည့်ဝင်ရေး သူ့ရဲ့ကမ်းလှမ်းချက်ကို ကျွန်တော် ခံစားချက်ကင်းမဲ့စွာနဲ့ပဲ ငြင်းလိုက်မိပါတယ်။
မြို့ပြကလာတဲ့ကျွန်တော် ဝင်ငွေကောင်းမှာပဲလို့ သူယူဆထားပုံရပါတယ်။ သို့သော်… “ယနေ့ရောင်းရငွေသည် မနက်ဖြန် အတွက် အရင်းဖြစ်သည်” လို့ စျေးဆိုင်တချို့မှာ ရေးထားတတ်သလိုပဲ ကျွန်တော်လည်း ကျွန်တော်ရဲ့ ရန်ကုန်ကအထပ်မြင့်တိုက်ခန်းလေးရဲ့နံရံမှာ “ယခုနှစ်လစာသည် လာမည့်နှစ်အတွက် အိမ်ငှားခဖြစ်သည်” လို့ ရေးထားသင့်တဲ့အခြေအနေမှာရှိနေကြောင်း သူ့ကို စိတ်ထဲကပဲ ရှင်းပြလိုက်မိတယ်။
နေရေးထိုင်ရေးအတွက် ရန်ကုန်ထုံးစံအရ အခန်းငှားခကို ၁၂ လစာ ကြိုပေးရကြောင်း၊ မြို့လယ်ရုံးခန်းနဲ့ သိပ်မဝေးတဲ့နေရာမှာ အခန်းငှားနေထိုင်ခြင်းဟာ နှစ်စဉ် သိန်းသုံးဆယ်ဝန်းကျင် အနည်းဆုံး ကုန်ကျကြောင်း ရှင်းပြရင် ငိုချင်းချရာရောက်သလို ကြွားလုံးထုတ်ရာလည်း ရောက်တာကြောင့် အလှူငွေမျှော်ကိုးပြီး ချဉ်းကပ်လာတဲ့ လမ်းအကျိုးဆောင်ကို ထုတ်မပြောခဲ့ပါဘူး။
လမ်းအကျိုးဆောင်ကတော့ ခင်းလက်စ လမ်းလေးနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို သေသေချာချာ ရှင်းပြတယ်။ ကိုယ်ထူကိုယ်ထလမ်းလေးက ဒေသခံတွေ၊ ရွာကိုဖြတ်သန်းသွားလာ နေသူတွေအတွက် ဘယ်လို အကျိုးဖြစ်ထွန်းမယ်၊ ဘယ်လို သက်ရောက်မှုရှိတယ် ဆိုတာ ရှင်းပြတယ်။
ကျွန်တော်ကတော့ အလှူငွေ မထည့်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ဝင်ငွေဟာ ကျွန်တော့်ရဲ့ထွက်ငွေနဲ့ ညီမျှနေတဲ့အတွက်၊ ဒီ ကိုယ်ထူကိုယ်ထလမ်းလေးက အရေးပေါ် အကူအညီ လိုအပ်နေတဲ့ အစီအစဉ်လည်း မဟုတ်တဲ့အတွက် မကူညီနိုင်ပေမယ့် မေးခွန်းတစ်ခုထုတ်လိုက်တယ် – ရွေးကောက်ပွဲတုန်းက ဘယ်သူတွေကို မဲထည့်ခဲ့သလဲ ဆိုတဲ့ မေးခွန်း။ သူ့အဖြေကို မစောင့်ဘဲ သူတို့ မဲထည့်ခဲ့တဲသူ အနည်းဆုံး သုံးယောက် ရှိမယ်၊ အဲဒီဒေသနဲ့ သက်ဆိုင်တဲ့ လွှတ်တော်အမတ် ၃ ယောက်ဟာ ကျေးရွာမှာ လိုအပ်နေတာတွေ နိုင်သလောက် ကူညီလုပ်ကိုင်ဖို့ တာဝန်ရှိတယ်၊ သူတို့ကို ခိုင်းပါလို့ တိုက်တွန်းလိုက်တယ်။
သူတို့က ဒီဒေသအရေး လုပ်ကိုင်ပါရစေ ဆိုပြီး ကတိတွေ အတန်တန်ပေးထားတတ်သူတွေဖြစ်တဲ့အတွက် ရွာအတွက် လိုအပ်ချက်တွေ အဆင်ပြေအောင် တောင်းဆို၊ လုပ်ကိုင်ပေးရမယ့်တာဝန် သူတို့မှာ ရှိတယ်။ အလှူရှင်ကြီးတွေနဲ့ ချိတ်ဆက် အကူအညီတောင်းတာမျိုးလည်း သူတို့ တာဝန်ယူလုပ်ရင် ပိုပြီး သဘာဝကျတယ်၊ သူတို့ကို ပြန်ဆက်သွယ်ပြီး တာဝန်ပေးဖို့ တိုက်တွန်းလိုက်မိတယ်။
လမ်းဖြစ်မြောက်ရေးအကျိုးဆောင်လည်း သူတို့အမြင်မှာ ဝင်ငွေကောင်းတဲ့ မြို့ပြရောက် စာနယ်ဇင်းသမားနဲ့ တွေ့ပေမယ့် လက်ဗလာနဲ့ ပြန်သွားတယ်။ သူ့လက်ထဲ အလှူငွေ မထည့်နိုင်သော်လည်း သူ့အတွေးထဲ စဉ်းစားစရာတချို့ ထည့်ပေးလိုက်သလို ဖြစ်သွားမယ် ထင်ပါတယ်။
မကြာသေးခင်လတွေအတွင်း အဲဒီရွာထပ်ရောက်တော့ သူတို့မှာ ကြုံနေရတဲ့ ပြဿနာကြီးတစ်ခုအကြောင်း ကြားရတယ်။ အဲဒါကတော့ ရွာဝန်းကျင်အခြေစိုက်ပြီး လမ်းခင်းကျောက် ထုတ်လုပ်တဲ့ ကျောက်မိုင်းလုပ်ငန်းများအကြောင်းပါပဲ။
ကျောက်မိုင်းတွေကို တောတောင်တွေထဲ လုပ်ကိုင်တာ မဟုတ်တဲ့အတွက် သယ်ယူပို့ဆောင်ရေးနဲ့ အထွေထွေကုန်ကျစရိတ် အများအပြား သက်သာပါတယ်။ ရွာမှာရှိတဲ့လမ်းတွေ သုံးတဲ့အတွက် လုပ်ငန်းအတွက် လမ်းလည်း ထပ်ဖောက်စရာမလိုပါဘူး။ လုပ်ငန်းရှင်တို့အတွက် အဆင်ပြေပေမယ့် ရွာအတွက်တော့ အဆင်မပြေပါဘူး။ ကျောက်ကြိတ်ခွဲစက်က အဆက်မပြတ်ထွက်တဲ့ ဆူညံသံ၊ ကျောက်သယ်ကားတွေဖြတ်မောင်းတဲ့အတွက် ဖုန်တွေတထောင်းထောင်းထနေတာကတော့ သိသိသာသာဖြစ်တဲ့ ဆိုးကျိုးတွေပါ။ မိုင်းခွဲရာက လွင့်စဉ်ထွက်တဲ့ကျောက်တုံးကျောက်ခဲတွေ ရွာထဲအထိ၊ အိမ်ထဲအထိရောက်တာတွေကတော့ ဒေသခံတွေသာသိရတဲ့ ဆိုးကျိုးတွေပါပဲ။
မြို့ပြရောက်နေတဲ့ သူတို့ဆီက လူငယ်တစ်ယောက် ချိတ်ဆက်ပေးတဲ့အတွက် ရန်ကုန်အခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားနှစ်ဦး မကြာသေးခင်က အဲဒီရွာကိုသွားပြီး ဒေသခံတို့နဲ့ တွေ့ဆုံပါတယ်။ ကျောက်မိုင်းတွေရဲ့အန္တရာယ်က ကျောက်မီးသွေးစက်ရုံတွေကထွက်တဲ့ အန္တရာယ်တွေလောက် မကြီးမားတဲ့အတွက် သူတို့နှစ်ယောက်ရဲ့ခရီးကနေ ပညာပေးဟောပြောပွဲ တစ်ခု ဖြစ်မြောက်ရုံလေးပဲ အကျိုးရှိခဲ့တယ်လို့ ဆိုကောင်း ဆိုနိုင်ပါတယ်။
ကျောက်မိုင်းလုပ်ငန်းတွေဟာ လုပ်ငန်းလိုင်စင်မှာဖော်ပြထားတဲ့အတိုင်း စည်းကမ်းနည်းလမ်းတကျ လုပ်ကိုင်ရဲ့လား၊ မိုင်းခွဲလုပ်ငန်းကို ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ လုပ်ကိုင်ရဲ့လား စသည်ဖြင့် မေးခွန်းထုတ်ရကောင်းမှန်း သိသွားကြမယ်လို့လည်း ယူဆရပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားနှစ်ယောက်ကတော့ သူတို့ရဲ့ခရီးစဉ်တစ်ခုကြောင့် အရာရာ အဆင်ပြေသွားလေသတည်း ဆိုတာမျိုး မဖြစ်နိုင်မှန်း အတွေ့အကြုံအရ ကြိုသိပြီးသားပါ။ ဒေသခံတွေထဲက ရပ်ရွာအကျိုး ဦးစီးလုပ်ကိုင်ချင်တဲ့ခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေကို ဆွေးနွေးချင်လို့ သွားကြတဲ့ခရီးပါ။ ဒေသခံတွေကတော့ သူတို့နှစ်ယောက်ကို အကြီးအကျယ် မျှော်လင့်ထားကြတာမျိုးလည်း ဖြစ်နိုင်ပေမယ့် ပညာရှင်ကတော့ ဆွေးနွေး၊ အကြံပေးတာမျိုးပဲ လုပ်နိုင်ပါလိမ့်မယ်။ ဒေသအကျိုးကိုတော့ ဒေသခံတွေ၊ ကတိပေးခဲ့သူ အမတ်မင်းတွေက ပိုပြီးဆောင်ရွက်ကြရမှာပါ။
မေးစရာကတော့ ကျောက်မိုင်းတွေ ရွာနဲ့ ဝေးဝေးမှာ လုပ်ကိုင်ကြဖို့ ၂ဝ၁ဝ ရွေးကောက်ပွဲက တက်လာတဲ့ သူတို့ဆီကလွှတ်တော်ကိုယ်စားလှယ်တွေကို အကူအညီမတောင်းကြဘူးလား ဆိုတာပါပဲ။ အဖြေကတော့ … သူတို့ကို အကူအညီသွားတောင်းလို့ ဘာထူးမှာလဲ၊ ကျောက်မိုင်းလုပ်ငန်း စာရွက်စာတမ်းတွေမှာ လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်ရဲ့အမည်ကို လုပ်ငန်းရှယ်ယာပိုင်ရှင်တွေအဖြစ် ဖော်ပြထားတာ တွေ့ရတယ် တဲ့။ ရှယ်ယာပိုင်ရှင်အမတ်မင်းတွေက သူတို့ကိုမဲထည့်သူတွေအကျိုးကို သယ်ပိုးဖို့ မေ့နေတဲ့သဘောပေါ့။ အကျိုးဆောင်ဖို့ နေနေသာသာ ကုပ်ခွစီးတတ်တဲ့ အမတ်မင်းတွေကိုပဲရတယ် ဆိုရင်တော့ အဲဒီဒေသ ကံဆိုးပါပြီ။
လောလောဆယ်တော့ မဲဆွယ်ကာလဖြစ်တဲ့အတွက် အမတ်လောင်းတွေ ရပ်ကွက် ကျေးရွာအထိ ဆင်းပြီး မဲဆွယ်နေကြပါပြီ။ ဒါဟာ ဒေသခံတွေအတွက် အချိန်ကောင်းပါပဲ။ ဘယ်အမတ်လောင်းပဲလာလာ သူတို့ကို ကိုယ့်ရပ်ရွာပြဿနာ ဘယ်လိုရှင်းပေးမလဲဆိုပြီး မေးခွန်းများများ ထုတ်တယ်ဆိုရင် ကျောက်မိုင်းကိစ္စတွေလိုမျိုး ကိုယ့်ရပ်ရွာဝန်းကျင်က မသင့်တော်တဲ့အဖြစ်အပျက်တွေ ပြေလည်ရေးအတွက် အထောက်အကူ ဖြစ်မှာပါ။
ရောက်လာသူက ပြောချင်တာပြော၊ ကတိတွေ အနည်းနဲ့အများပေးပြီး ပြန်သွား၊ နားထောင်သူကလည်း မေးခွန်းမထုတ်ဘူး၊ ပြည်သူ့ကိုယ်စားလှယ်တွေကို အကူအညီမတောင်းဘူး ဆိုတဲ့ အနေအထား ပုံစံပြောင်းသင့်ပါပြီ။ မေးခွန်းမထုတ်ဘူး ဆိုရင်တော့ ဒါဟာ ရွေးကောက်ပွဲကာလအလွန်မှာ မဲဆန္ဒရှင်နဲ့ အမတ်လောင်း အပြန်အလှန်မေ့ပစ်တတ်ကြတဲ့အနေအထား ရောက်လာမယ်လို့ ယူဆရပါတယ်။