
စစ်ဘေးဒဏ်သင့် ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ ဒီးမော့ဆို မြို့နယ် အနောက်ပိုင်းရှိ ကွင်းပြင်ငယ်လေးသည် စုဝေးရောက်ရှိလာသော ကလေးငယ်များနှင့် ဆယ်ကျော်သက်များ၏ အသံများနှင့် အသက်ဝင်နိုးထလာသည်။
စစ်ပွဲများကြားတွင် လူသူကင်းမဲ့နေခဲ့သော၊ လုံခြုံဘေးကင်းသည့်နေရာဟု ယူဆထားကြသော ထိုကွင်းပြင်ငယ်သည် ယခုအခါ လူငယ်လူရွယ်များ၏ ကစားကွင်းအဖြစ် ပြန်လည်အသက်ဝင်လာသည်။
အခြေခံ ဘောလုံးသင်တန်း တစ်လခွဲကြာ သင်ကြားပေးမည့်သူများကို ကြိုဆိုရန် သူတို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြသည်။
အားကစားနှင့် စိတ်ဓာတ်ခွန်အားဖြစ်စေမည့် လှုပ်ရှားမှုများတွင် ပါဝင်ခွင့်ရရေးမှာ စစ်ဘေးရှောင်ကလေးငယ်တို့အတွက် ရှားပါးသော အခွင့်အလမ်းဖြစ်ကြောင်း အသက် ၃၀ ကျော်အရွယ် စေတနာ့ဝန်ထမ်း အမျိုးသမီး Maw Ree Re က ဆိုသည်။
စေတနာ့ဝန်ထမ်း နည်းပြများက ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိမ့်မည်ဟု သူက မျှော်လင့်သည်။
ထိုကလေးများသည် စစ်ပွဲ၏ အနိဋ္ဌာရုံကြောင့် စိတ်ဒဏ်ရာရထားကြပြီး ဗုံးကြဲတိုက်ခိုက်မည့် လေယာဉ်များကို အမြဲတမ်း ကြောက်ရွံ့ထိတ်လန့် နေကြရသည်၊ အနာဂတ်တွင် လက်နက်ကိုင်တော်လှန်ရေးသမား ဖြစ်လိုသည်ဟု သူက ဆိုသည်။
“စစ်ရှောင်စခန်းမှာ ကလေးတွေကို ကြီးလာရင် ဘာလုပ်မလဲမေးရင် ရဲဘော်လုပ်မယ်ဆိုတဲ့ အတွေးပဲ ရှိတယ်။ သူတို့မှာ တခြား အိပ်မက်တွေ၊ ရွေးချယ်စရာတွေရှိသေးတယ်ဆိုတဲ့ အတွေးမျိုး ရှိလာစေချင်တယ်” ဟု သူက မှတ်ချက်ပြုသည်။
Maw Ree Re သည် အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှ မိုင် ၇၀ ခန့်အကွာရှိ စစ်ဘေးဒဏ်သင့် ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်များ အတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးနေသည့်၊ ဒေသခံ အကူအညီပေးရေး အဖွဲ့တစ်ခုဖြစ်သည့် Ka Nyar Maw Foundation (KNMF) တွင် လုပ်အားပေးနေသူဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၊ ဆန့်ကျင်သူများကို ပစ်သတ်မှုတို့ကြောင့် စစ်တပ်ကို နိုင်ငံအနှံ့ ခုခံတွန်းလှန်နေကြရာ ကရင်နီ ပြည်နယ်တွင်လည်း ကရင်နီ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်ခိုက်နေသည်။
စစ်အာဏာသိမ်းမှုကြောင့် ပညာရေး နှင့် အလုပ်အကိုင်များ ရပ်တန့်လိုက်ရသော၊ မျှော်လင့်ချက် နှင့် အနာဂတ်အိပ်မက်များကို စွန့်လွှတ်လိုက်ရသော လူငယ်များစွာကို KNMF အကူအညီပေးရေးအဖွဲ့က စုစည်းခဲ့သည်။ ထိုလူငယ်များသည် ကရင်နီပြည်နယ် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်စေရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသကဲ့သို့ စေတနာ့ဝန်ထမ်းများအဖြစ်လည်း ပါဝင်ကူညီပေးနေကြသည်။
ဝါသနာတူရာ လူငယ်များ အချင်းချင်း စိတ်ဓာတ်ခွန်အားပေးနိုင်စေရန်အတွက် ဂီတ၊ ဘော်လီဘောနှင့် ဘောလုံးဟူသော အဖွဲ့သုံးဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။
၂၀၂၂ ခုနှစ်မှစ၍ ထိုစေတနာ့ဝန်ထမ်းအဖွဲ့သည် စစ်ပွဲဒဏ်ကို အများဆုံး ခံစားနေရသော စစ်ဘေးရှောင်ကလေးများအား ပံ့ပိုးကူညီရန် တစိုက်မတ်မတ် လုပ်ဆောင်လာကြပြီး၊ စစ်ရှောင်စခန်းများရှိ ကလေးများ စိတ်ဓာတ်ခံနိုင်ရည် မြင့်မားလာစေရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်အိပ်မက်များကို ဆက်လက် ဖန်တီးပေးနိုင်ရေးအတွက် အဖွဲ့ကကူညီအားပေးနိုင်ရန် မျှော်လင့်ခဲ့ကြသည်။
“ဒီအချိန်မှာ ကလေးတွေစိတ်ထဲမှာ စစ်ဆိုတဲ့ ဝေါဟာရက ကိန်းအောင်းနေတဲ့ အနေအထားရှိတယ်။….သူတို့ရဲ့ မျှော်လင့်ချက် အိပ်မက်တွေ ဆက်မက်နိုင်ဖို့ အတွက်လည်း ပြင်ပလောကနဲ့ ထိတွေ့ဖို့ အခွင့်အလမ်း မရှိသလောက်နည်းတယ်” ဟု Maw Ree Re က သူသိထားသော စစ်ဘေးရှောင်ကလေးများ အကြောင်း ပြောပြခဲ့သည်။
စစ်ဘေးဒဏ်သင့် ကရင်နီ ပြည်နယ်တွင် ကလေးရာပေါင်းများစွာသည် နေ့စဉ်ဘဝတွင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ရေးအတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်။

အသက် ၂၁ နှစ် အရွယ်ရှိ မမော်သန္တာစိုး (အမည်လွှဲ)သည် စစ်ရှောင်စခန်းတွင် နေထိုင်ခဲ့ဖူးသူ ဖြစ်သည်၊ စစ်ဘေးရှောင်ကလေးများ၏ စိတ်ကျန်းမာရေးကို အထူးဂရုစိုက်ပေးရန် အရေးကြီးလှကြောင်း သူက ပြောပြသည်။
စစ်ကောင်စီ၏ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကို တွေ့ကြုံခဲ့ရသော ကလေး အများအပြားမှာ စိတ်ဒဏ်ရာ ရရှိထားသည်ဟု သူက မှတ်ချက်ပြုသည်။ မမော်သန္တာစိုး၏ ဖရူဆိုမြို့နယ် စစ်ရှောင်စခန်းသည်လည်း ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည်။
“ကျွန်မတို့ အိမ်နားမှာ လေယာဉ် (ဗုံး) လာကြဲချတော့ သေပြီလို့ပဲ ကိုယ့်ကိုယ်ကိုယ် မှတ်ယူခဲ့တယ်” ဟု သူက Myanmar Now ကို ပြောသည်။
“ဘယ်လိုမှ မယုံနိုင်ခဲ့ဘူး။ အိပ်မက်ဆိုးလိုမျိုး အမြဲတမ်းခြောက်လှန့်နေသလိုပဲ။ ဒါပေမယ့် ကျွန်မက ကိုယ့်လူမျိုးကိုယ် အကျိုးပြုတဲ့ ပညာတတ် အမျိုးသမီး တစ်ဦးဖြစ်လာဖို့ ရည်မှန်းချက်ကိုပဲ တစိုက်မတ်မတ် ကြိုးစားပြီး ရုန်းထွက်ဖို့ ကြိုးစားခဲ့တယ်”
စစ်ဘေးရှောင်တို့၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို မြင်တွေ့ရသောကြောင့် KNMF အကူအညီပေးရေးအဖွဲ့သည် ရိက္ခာရှာဖွေထောက်ပံ့ရေးအပြင် နောက်ထပ် လုပ်စရာတစ်ခု ထပ်ရလာသည်။
စစ်ဘေးရှောင်ကလေးများ ပူးပေါင်းပါဝင်နိုင်မည့် အနေအထားတစ်ရပ်ကို ဖန်တီးကာ ကလေးများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ကာယပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်း ဖန်တီးပေးသည့်နည်းဖြင့် စိတ်ဓာတ်ခွန်အားပေးနိုင်ရေးပင် ဖြစ်သည်။
သို့သော်လည်း ငွေကြေးအခက်အခဲများကြောင့် KNMF အဖွဲ့သည် တစ်လခွဲကြာ ဘောလုံးသင်တန်းကို တနှစ်လျှင် တစ်ကြိမ်သာ ပြုလုပ်နိုင်သေးသည်။
ဒေသတွင်း စခန်းများရှိ စစ်ဘေးရှောင်တို့က ထိုကြိုးပမ်းချက်ကို ဝမ်းသာအားရ ကြိုဆိုကြသည်။ သို့သော်လည်း လေကြောင်းရန်ကို အမြဲသတိထားနေရချိန် ဤအားကစားသင်တန်းများကို စီစဉ်ရခြင်းမှာ လွယ်ကူသောအလုပ် မဟုတ်ပေ။
၂၀၂၄ စက်တင်ဘာလတွင် အိမ်နီးချင်း ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်း တစ်ခု ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဘောလုံးလေ့ကျင့်ရေး အစီအစဉ်ကို ရပ်ဆိုင်းခဲ့ရသည်။ ပထမဆုံး လေ့ကျင့်ရေးပြုလုပ်ခဲ့သော ဘောလုံးကွင်းသည်လည်း ၂၀၂၂ ခုနှစ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည်။
သို့သော်လည်း ရွယ်တူ သူငယ်ချင်းများနှင့်အတူ ပါဝင်သင်ကြားခွင့်ရမည့် ဘောလုံးအားကစားကို စစ်ရှောင်ခန်းများမှ မိန်းကလေး ငယ်များ အပါအဝင် ကလေးအများအပြားက စိတ်ဝင်တစား တက်ရောက် ခဲ့သည်ဟု စေတနာ့ဝန်ထမ်းတို့က ပြောကြသည်။
စေတနာ့ဝန်ထမ်း အဖွဲ့အစည်း၏ အဆိုအရ ၂၀၂၄ခုနှစ် အခြေခံဘောလုံး သင်တန်းတွင် စစ်ဘေးရှောင် စခန်းနှစ်ခုမှ ကလေး ၂၅၀ ကျော် ပါဝင်ခဲ့သည်။ ထိုအထဲတွင် မိန်းကလေး ၇၀ ပါဝင်သည်။
“ယှဉ်ကြည့်ရင် သင်တန်းဖွင့်ပြီးနောက်မှာ ကလေးတွေ ပိုပြီး တက်ကြွလာတယ်၊ ပြောရဲဆိုရဲတွေ ရှိလာတယ်။ အရင်လိုမျိုး သိပ်ပြီး လေးလေးပင်ပင်မဟုတ်ဘဲ၊ မတက်ကြွတဲ့ ကလေးတွေ မဟုတ်တော့ဘဲ ပိုပြီးတော့ တက်ကြွလာတယ်လို့ မိဘတွေ ကိုယ်တိုင်လည်း ပြောတယ်။ ကျောင်းစာမှာလည်း ပိုပြီး တက်ကြွလာတယ်လို့ဆိုပြီး ဆရာမတွေရဲ့ feedback တွေကိုလည်း ပြန်ကြားရတယ်” ဟု Maw Ree Reက ပြောခဲ့သည်။
“ပထမအသုတ်မှာ ပါဝင်ခဲ့တဲ့ ကလေးတွေက သူတို့ဘာသာ ဘောလုံး ဆက်လက် လေ့ကျင့်နေကြတဲ့အတွက် နောင်မှာလည်း သူတို့ကို ဆက်လက်ပံ့ပိုးသွားမှာပါ”

လက်နက်ကိုင်တော်လှန်သူမှ စေတနာ့ဝန်ထမ်း ဖြစ်လာသူ
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အားကစားနှင့် ကာယပညာသိပ္ပံကပေးသည့်ဘွဲ့ ရရှိထားသော အသက် ၂၀ ကျော်အရွယ် George သည် ကလေးများ ဘောလုံးထူးချွန်လာရေး သင်ကြားပေးရန် စိတ်အားထက်သန်သော နည်းပြတစ်ဦးဖြစ်လာသည်။
သူသည် ယခင်က ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) အဖွဲ့ဝင်ဖြစ်သည်၊ မြေမြှုပ်မိုင်းများကို လက်ဗလာဖြင့် ရှင်းလင်းဖယ်ရှားခဲ့ပြီး ကျွမ်းကျင်သော လက်ဖြောင့်စနိုက်ပါ တစ်ဦးလည်း ဖြစ်ခဲ့သည်။
မြန်မာ့ ဒီမိုကရေစီအင်အားစုအတွက် မျှော်လင့်ထားခဲ့သော ပြင်ပအကူအညီများ အချိန်တိုအတွင်း ရောက်ရှိလာမည် မဟုတ်ကြောင်းကို သူသိရှိလာသောအခါတွင် ကိုယ့်အားကိုယ်ကိုး နည်းလမ်းများကို သူစတင်ရှာဖွေခဲ့ကြောင်း George က ပြောပြခဲ့သည်။
ပြင်ပရန်ပုံငွေ သို့မဟုတ် ပြင်ပပံ့ပိုးမှု အနည်းငယ်မျှသာဖြင့် ဘောလုံးလေ့ကျင့်ရေးအစီအစဉ်ကို စတင်ခဲ့သည့် ကာလနှင့် ပတ်သတ်၍ George က “အစပိုင်းက အရမ်းခက်ခဲတယ်” ဟု ဆိုသည်။
“လေ့ကျင့်ရေးပြုလုပ်ဖို့ လုံခြုံတဲ့နေရာ ရှာဖွေရတာက ကျွန်တော်တို့ရဲ့ ပထမဦးစားပေးပါ။ လုံလောက်တဲ့ ပစ္စည်းကိရိယာတွေ မရှိပေမဲ့ ကျွန်တော်တို့ ဖြစ်မြောက်အောင် ကြိုးစားခဲ့ပါတယ်” ဟု သူက ပြောပြသည်။
ဘောလုံးအားကစား အစီအစဉ်အကြောင်း သတင်းပျံ့နှံ့လာပြီးနောက် သင်တန်း တက်ရောက်လိုသော ကလေး အရေအတွက် များပြားလာသောကြောင့် အဖွဲ့ငယ်များ ခွဲပြီး သင်ကြားပေးရန် လိုအပ်လာခဲ့သည်။ ပြည်တွင်း ဘောလုံး အသင်းများတွင် ပရိုအဆင့် ဘောလုံးကစားခဲ့ဖူးသူ အများစု ပါဝင်သည့် အရည်အချင်းမြင့် နည်းပြ ၁၅ ဦးက ထိုအဖွဲ့များကို ကြီးကြပ်ပေးခဲ့သည်။

ဘောလုံးရရှိနိုင်မှု အကန့်အသတ်ရှိသောကြောင့် အဖွဲ့များက အလှည့်ကျ လေ့ကျင့်ရသည်။ သို့သော်လည်း ပါဝင်သူအားလုံးသည် ပရိုဘောလုံးသမားများထံမှ သင်ယူလိုစိတ် ထက်သန်ကြပြီး အလှည့်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကြကြောင်း George က ပြောပြသည်။
“ကလေးတွေရဲ့ သင်ယူချင်စိတ်က တကယ်ကိုလေးစားရတယ်” ဟု George က ပြောသည်။
“တချို့ စစ်ရှောင်စခန်းက လာတဲ့ကလေးဆိုရင် အရမ်းဝေးတယ်။ သင်တန်းပြီးအိမ်ပြန်ရင် ညမှပြန်ရောက်ကြတယ်။ မိုးထဲရေထဲ ဖြတ်ကျော်ပြီးတော့ သင်တန်းကိုရောက်အောင်လာကြတယ်”
လေ့ကျင့်နေစဉ်အတွင်း ကလေးများသည် စိတ်ပူပန်မှု သို့မဟုတ် စိုးရိမ်မှု လက္ခဏာများ မပြသဘဲ လေ့ကျင့်ခန်းများကိုသာ အာရုံစိုက်နေကြကြောင်းလည်း သူက မှတ်ချက်ပြုသည်။
အနာဂတ်တွင်လည်း ကလေးများကို ကျွမ်းကျင်သည့် ကစားသမားများ ဖြစ်လာစေရေး ပျိုးထောင်ပေးကာ ပါရမီရှင် ကလေးများပါဝင်သော အသင်း ဖွဲ့စည်းသွားနိုင်ရန် မျှော်လင့်ထားကြောင်း သူက ဖြည့်စွက် ပြောကြားခဲ့သည်။
“ကလေးတွေက ဘောလုံး ဝါသနာ အရမ်းပါကြတယ်။ သူတို့ရဲ့တက်လမ်း၊ ဝါသနာကို ပျိုးထောင်ပေးရာလည်း ရောက်သလို စိတ်ဝေဒနာများစွာ ခံစားနေရတာကို၊ သူတို့လေးတွေ စိတ်ပျော်ရွှင်အောင် ကုသပေးတဲ့ နည်းနာတစ်ခုဆိုလဲမမှားဘူး” ဟု သူက ပြောသည်။
“လူတစ်ယောက် ဆက်လက် အသက်ရှင်နေထိုင်ဖို့ အတွက် မျှော်လင့်ချက်အိမ်မက်တွေ ဆက်မက်ဖို့လိုတယ်။ စစ်ရှောင်နေရတဲ့ ကာလက ဘယ်အချိန်အထိ သွားမလဲ မသိပေမယ့် ဝမ်းစာဖြည့်တင်းမှုအပြင် စိတ်ဓာတ်ပိုပြီးခိုင်မာမယ်၊ စိတ်ပိုင်းဆိုင်ရာကိုပိုပြီး မြှင့်တင်ပေးနိုင်မယ်ဆိုရင် ရှေ့ဆက်ရမယ့် နေ့ရက်တွေကို အဆင်ပြေပြေနဲ့ ကျော်ဖြတ်နိုင်မှာဖြစ်တယ်” ဟု Maw Ree Re က ပြောသည်။
ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်များ၊ ဒေသတွင်း ကူညီနေသော အဖွဲ့အစည်းများကို ဝိုင်းဝန်း ထောက်ပံ့ကြရန်လည်း သူက တောင်းဆိုသည်။
တိုက်ခိုက်မှုများ အဆုံးမသတ်နိုင်သေးသဖြင့် စားဝတ်နေရေး အခြေခံလိုအပ်ချက်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားမှုများတွင် ခက်ခဲနေခြင်းကြောင့် စစ်ဘေးရှောင်တို့သည် ဆိုးရွားသည့် အခြေအနေများနှင့် ဆက်လက်ရင်ဆိုင်ရဖွယ်ရှိသည်။
ဤအခြေအနေတွင် အားကစားသင်တန်းတစ်ခုသည် အန္တရာယ်မကင်းသည့်ဤဒေသမှ စိတ်ဒဏ်ရာရထားကြသော ကလေးများ ပျော်ရွှင် အားတက်စေသော အစီအစဉ် ဖြစ်နေလေသည်။