ဆောင်းတစ်မနက်ခင်း ဝေလီဝေလင်းတွင် လမ်းပေါ်မှ ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ခွေးများက နောက်မှလိုက်ပြီး ဟောင်နေကြသည်။
ထိုအမျိုးသားသည် နေရာအနှံ့ ပြန့်ကြဲနေသည့် အမှိုက်၊ စွန့်ပစ်ပစ္စည်း “အစုံပလုံ”ထဲမှ ပြန်လည်ရောင်းချ အသုံးပြုနိုင်မည့် ပလပ်စတစ်၊ ကော်ဘူး၊ ဒန်ခွက်များ လိုက်လံရှာဖွေနေသော ပလုံကောက်သူတစ်ဦး ဖြစ်သည်။
မန္တလေးမြို့အရှေ့ဘက် ပုသိမ်ကြီးမြို့နယ်၏လမ်းမများထက်တွင် ထိုသူသည် မြေးနှစ်ယောက်နှင့်အတူ တစ်ပတ်တွင် ၄ရက်ခန့် ရှိနေတတ်သည်။ နေ့စားအလုပ် မရသည့်ရက်များတွင် ပလုံကောက်သည်ဟု ပြောသည်။
“အစောကြီးလည်း မသွားရဲဘူး။ မိုင်းကြောက်ရ၊ (မတ္တရာဘက်) စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်ကြောင်းတွေနဲ့ တိုးမှာကြောက်ရနဲ့မို့။ နောက်ကျရင်လည်း ကိုယ့်ထက်ဦးသူတွေနဲ့မို့ ပစ္စည်းက မရပြန်ဘူး”ဟု ဦးအေး(အမည်လွှဲ)က ဆိုသည်။
ကျပန်းအလုပ် ရံဖန်ရံခါ ရတတ်သည်။ တစ်ရက် နေ့စားခ ကျပ် ၁၀,၀၀၀ ကျော် ဖြစ်နေသော်လည်း အသက်အရွယ်အရ အလုပ် ကြမ်း သိပ်မလုပ်နိုင်တော့သည့် ဦးအေးက ၆,၀၀၀၊ ၇,၀၀၀ ခန့်သာ ရသည်။
ပလုံကောက်ပါက နေ့စဉ် ၄,၀၀၀ မှ ၁၀,၀၀၀ ဝန်းကျင်အထိ ရနိုင်သည်။ အရင်းအနှီး မလိုသော ထိုအလုပ် ဖြင့် စားဝတ်နေရေး ဖြေရှင်းနေရသည်ဟု သူကဆိုသည်။
မိသားစုဝင် ဆယ်ဦးရှိသော ဦးအေး ဤသို့ လုပ်ကိုင်နေရသည်မှာ မကြာသေးပေ။ အာဏာသိမ်းပြီးနောက် အနယ်နယ်အရပ်ရပ်တွင် တိုက်ပွဲများ ပြင်းထန်လာပြီး မြေစာပင်ဖြစ်ရသော မြို့ရွာများအကြား ဦးအေးတို့ ရွာလည်း ပါဝင်ခဲ့သည်။ စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ရွာလုံးကျွတ် ကြောက်ရွံ ထွက်ပြေးရသော စစ်ရှောင်များထဲတွင် ဦးအေးတို့လည်း အပါအဝင်။
ဦးအေး၏ဘဝတစ်ဆစ်ချိုး ပြောင်းလဲမှုများက ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်သဖွယ်။ အေးချမ်းနေသည့် ဦးအေး၏ဘဝသည် အာဏာမသိမ်းမီကပင် အယ်လ်ဖာဘိလပ်မြေစက်ရုံကြီးကြောင့် အပြောင်းအလဲ ဖြစ်ခဲ့သည်။
ဦးအေးတို့ အောင်သပြေကျေးရွာသားတို့၏ လယ်ယာမြေများကိုသိမ်းယူ၍ လမ်းဖောက်ခဲ့သော၊ ရွာနှင့် နီးနီးကပ်ကပ် ကျောက်မီးသွေးစွမ်းအင်သုံး၍ လည်ပတ်ခဲ့သော ယင်းစက်ရုံကို ကန့်ကွက် ခဲ့ကြရာမှ ရွာနှင့် ထိုတရုတ်ရှယ်ယာပိုင် စက်ရုံကြီး၏ ပဋိပက္ခမီး တောက်လောင်ခဲ့သည်။
ပဋိပက္ခများတွင် ပါဝင်ခဲ့သည့် ဦးအေးကို စက်ရုံက တရားစွဲရာ ထောင်ခြောက်နှစ်ကျော် ကျခဲ့ရသည်။
“အဲဒီတုန်းကလည်း အဘက မြေယာဆုံးရှုံးရတဲ့အထဲလည်းမပါခဲ့ပါဘူး။ ဒါပေမဲ့ အဘတို့ရွာသားတွေကို မတရားလုပ်တဲ့လုပ်ရပ်ကို ခံပြင်းတဲ့အတွက် အဘဝင်ပါခဲ့တာ” ဟု သူက ဆိုသည်။
“ရှင်လိင်ပြန်သည့်နေ့ ၊ထောင်ထွက်သည့်နေ့”သည် မြန်မာ့ထုံးတမ်းတွင် အမျိုးသားများ၏အပျော်ဆုံးနေ့ တစ်နေ့ ဖြစ်သည်ဟု တင်စားပြောဆိုကြသည့်အတိုင်း ဦးအေးတစ်ယောက် “အိုးဘိုထောင်ငရဲ”မှ ၂၀၂၃ ဧပြီလ နှစ်ဆန်းတစ်ရက်နေ့တွင် လွတ် မြောက်လာသည့်အတွက် ပျော်ရွှင်ကြည်နူးစွာဖြင့် ရွာကို ပြန်လာသည်။
ဇာတိရွာလေး သည် မန္တလေးအိုးဘိုထောင်မှ နာရီဝက်မျှ ကားစီးလျှင် ရောက်နိုင်သောအကွာအဝေးသာ ရှိသော်လည်း ဦးအေး၏ ရောက်ချင်ဇောကြောင့် လွန်စွာ ဝေးကွာလွန်းနေသည်ဟု ခံစားနေရသည်။ ရွာသို့ပြန်ရာ မန္တလေးမြို့ပြင်လမ်းတစ်လျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တချို့ကို ဦးအေး ဖြတ်သန်းခဲ့ရသည်။
လက်နက်အသင့်ဖြင့်စစ်သားများကို လမ်းတွင် တွေ့ရသဖြင့် အထူးတလည်မအံ့ဩမိပေ။ တိုင်းပြည်၏ ဖြစ်ပျက်နေသည့် အခြေအနေများကို အိုးဘိုထောင်အတွင်းနေထိုင်စဉ်က သတင်းစကားများ နေ့စဉ် ကြားသိနေရ၍ အပြင်အခြေအနေတို့ကို ရိပ်စားမိနေသည်ဟု သူက ဆိုသည်။
ထောင်ထွက်အဖိုးအိုတစ်ယောက်၏ အိမ်အပြန်သည် လူငယ်တစ်ဦးကဲ့သို့ အနာဂတ်အိပ်မက်များ ရှိမနေခဲ့သော်လည်း ရွာမှာကျန်ခဲ့သည့် မြေးများနှင့်မိသားစုကို ဦးအေး လွန်စွာ တွေ့လိုလှသည်။ သူ၏ ခြေလှမ်းတို့က တက်ကြွနေသည်။
“ကိုယ့်အတွက်က ဘဝနေဝင်ချိန်ကိုရောက်နေပါပြီ။ ဖြစ်ချင်တဲ့အိပ်မက်ဆိုတာ အဘ မိသားစုနဲ့ အေးအေး ချမ်းချမ်း ပြန်နေမယ်။ အရင်လို တောင်ယာလုပ်မယ်။ ဒါပဲရှိပါတယ်။ သားသမီးနဲ့မြေးတွေကိုလည်း လွမ်းလှပြီ။ ဒီစိတ်နဲ့ တက်ကြွနေခဲ့တာပေါ့”ဟု ဦးအေးက ဆိုသည်။
ပူပြင်းလှသည့် ဧပြီလ နေရောင်အောက်တွင် ဇရာအရ ပင်ပန်းနွမ်းနယ်နေသည့် ဦးအေး
လမ်းတစ်လျှောက် မြက်ခင်းစိမ်းများ၊ လေနုအေးများကြောင့် အမောသက်သာသည်။ ရွာလမ်းထဲကို ချိုးကွေ့လိုက်သည်နှင့် လေးနှစ်ကြာသည့်တိုင် ပြောင်းလဲမသွားသည့် သူ့ဇာတိကို မမှိတ်မသုန် ငေးမော မိသည်။
ပြောင်းလဲမှုမရှိသည့် ရွာပြင်လမ်းများကို ဦးအေးအလွမ်းပြေကြည့်ရှုနေစဉ် ပြောင်းလဲသွားသည့် အရာ တစ်ခုကိုတော့ ဦးအေး တွေ့လိုက်ရသည်။
ထိုအရာသည် ဦးအေးကို ဘဝတစ်ဆစ်ချိုးပြောင်းလဲစေခဲ့သည့် ဘိလပ်မြေစက်ရုံကြီးပင်။ စစ်အာဏာ သိမ်းပြီးနောက် ထိုကုမ္ပဏီကြီးက စစ်သားအစောင့်အရှောက်များဖြင့် ပို၍ မော်မော်ကြွားကြွား လည်ပတ် အသက်ဝင်နေသည်။
ဦးအေး ရွာကိုပြန်ရောက်ပြီး မိသားစုနှင့် အေးချမ်းစွာနေထိုင်နေသည်။ တောင်ယာ လုပ်ကိုင်သည်။ ဝင်ငွေ နည်းပါးသော်လည်း စားရေးသောက်ရေး မပူပင်ရဟုဆိုသည်။
နိုင်ငံရေးနှင့်ပဋိပက္ခများကိုလည်း ခပ်ကင်းကင်းနေခြင်းဖြင့် ဦးအေး ဘဝအသစ်စသည်။ သို့သော် သူ၏ ပြန်လည်အေးချမ်းနေသော ဘဝခရီးလမ်းသည် တစ်လကျော်အကြာတွင် ပြန်လည်၍ ကြမ်းတမ်းရန် ပြောင်းလဲခဲ့ပြန်သည်။
ဦးအေးတို့ စစ်ရှောင်ခရီးအစ
ထို့နေ့က ၂၀၂၄ မေလ၂၉ ရက်နေ့ဖြစ်သည်။ ဘိလပ်မြေစက်ရုံမှ အင်အား ၅၀ ခန့်ဖြင့် စခန်းချ ထားသည့် စစ်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံး အောင်သပြေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးအေးတို့ရွာမှ အသက် ၆၅ နှစ်အရွယ် ရွာသူမကြီး ဒေါ်တင်လှ သေဆုံးခဲ့သည်။
ထိုအချိန်မှစ၍ တစ်ရွာလုံး ဘေးလွတ်ရာသို့ ကြောက်လန့်တကြား တိမ်းရှောင်ကြတော့သည်။
ဇွန် ၁ ရက်နေ့တွင် အသုံးအဆောင်တချို့ယူရန် ရွာသို့ခေတ္တပြန်သည့် အသက်၂၀အရွယ် အမျိုးသား နှစ်ဦးကို ထိုစက်ရုံ၏လုံခြုံရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။ ယင်းနောက် ထိုနှစ်ဦး သေသည်ရှင်သည် မသိရတော့ပေ။
ရွာတွင် နေထိုင်စဉ်ကလည်း စိုးရိမ်စိတ်ဖြင့် ညစဉ် ခေါင်းပြားအောင် မအိပ်ရဟု ဦးအေးက ဆိုသည်။
“အဘနာမည်ခေါ်ပြီးလည်း အိမ်ကို လာအစစ်ခံရဖူးတယ်။ ရွာထဲကို မထင်ရင်မထင်သလို ဝင်ထွက်ပြီး ရွာသူရွာသားတွေကို ဖမ်းတာစစ်တာတွေလုပ်တယ်။ အေးအေးချမ်းချမ်း မနေရဘူး”
ရက်များမကြာမီ ဇွန်လကုန်တွင် ထိုဘိလပ်မြေစက်ရုံတည်ရှိရာ ဦးအေးတို့ရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်တော့သည်။ ဇူလိုင် ၁၅ ရက်တွင် အစောင့်စစ်သားများက စက်ရုံအဆောက်အဦတချို့ကို မီးရှို့ ဖျက်ဆီးပြီး ဆုတ်ခွာသွားကြသည်။
ထို့နောက် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်အကြိမ်ရေ ဆယ်ကြိမ်ထက်နည်း ပေါ်ပေါက်လာသည်။
စစ်ရှောင်သက် လအနည်းငယ်ကြာလာသည့်နှင့်အမျှ စားဝတ်နေရေး ပိုမို ခက်ခဲလာသည်။ တိုက်ပွဲများ အကြား ပိတ်မိနေပြီး ၊လေကြောင်းတိုက်ခိုက်သည့်အခါများတွင် ရွာအနီး ငှက်ပျောတောများကို စွန့်ခွာပြီး ကျောက်တောင်များအကြား သက်စွန့်ဆံဖျား ပုန်းခိုကြရသည်။ သို့သော်လည်း မလုံခြုံသဖြင့် မန္တလေးအနီး ကျေးရွာများကို ထပ်မံရှောင်တိမ်းကြသည်။
“အခုလည်း လုံခြုံတယ်လို့မဟုတ်ပါဘူး။ မတ္တရာဖက်ကို ထုတဲ့လက်နက်ကြီးတွေ အဘတို့ခေါင်းပေါ် ကနေ ဖြတ်တယ်။ (ပုသိမ်ကြီးမြို့နယ်က ရွှေတွင်းရှိတဲ့) ဖယောင်းတောင်ဘက်ကို လေကြောင်းကြဲရင် အဘတို့ မြင်နေရတယ်။ ဘယ်နေ့လာမှန်မလဲ။ ခေါင်းပေါ်ကို ဘယ်နေ့ တည့်တည့်ဗုံးလာကျမလဲဆိုတဲ့ စိုးရိမ်စိတ်ကြီးနဲ့ပဲ အိပ်စက်နေထိုင်ကြရတာ” ဟု ပလုံကောက်နေသည့် ဦးအေးက ပြောပြသည်။
ငြိမ်းချမ်းလာမည့်အချိန်ကို ဦးအေး မျှော်လင့်နေသည်။ တိုက်ပွဲများကြောင့် ကျောင်းနားထားရသည့် မြေးလေးများကို စာသင်ခန်းသို့ အမြန်ဆုံးပြန်ပို့ချင်သည်။ ကိုယ့်ရပ်ကိုယ့်ရွာတွင်သာ မိသားစုနှင့် အေးအေးလူလူ ပြန်လည်နေထိုင်လိုသည်။
လေးလတာတိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှု များပြားခဲ့ပြီး လူနေအိမ်ထောင်နှင့်ချီ မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။ လူဦးရေ ၅၆၅၀ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု မတ္တရာမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၏စာရင်းများအရသိရသည်။
တိုက်ပွဲများပြင်းထန်နေသည့် မတ္တရာမြို့နယ်တွင် ပြီးခဲ့သည့်အောက်တိုဘာလကုန်မှ နိုဝင်ဘာအထိ ၃၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။
ရေကြည်ရာ၊ မြက်နုရာ
မတ္တရာမြို့နယ် မြွေတလှိုင်းကျေးရွာမှ ၄၅ နှစ်အရွယ် မနွယ် (အမည်လွှဲ) သည်လည်း ခြောက်နှစ်သမီး၊ ၇၀ အရွယ် မိခင်၊ ခင်ပွန်းတို့နှင့် အတူ မန္တလေးမြို့ဘက်သို့ ကူးသန်းလာခဲ့သည်။
ဇာတိမြေအတွင်း စစ်တပ်၏ လူသတ်မီးရှို့သည့် လုပ်ရပ်များကို မျက်ဝါးထင်ထင် တွေ့မြင်ရပြီးနောက် တော်လှန်ရေးစိတ်ပြင်းထန်လာသည့် လူပျိုပေါက်အရွယ်သားက ကာကွယ်ရေးတပ်ဖွဲ့တို့တွင် သွားရောက် ပူးပေါင်းကာ နိုင်ရာကူမည်ဆိုကာ ဇာတိတွင်ပင် နေရစ်ခဲ့သည်။
တားလိုသော်ညား မနွယ် မတားခဲ့ပေ။ နိုင်ငံအနှံ့ လူငယ်အများအပြား အသက်ပေးတော်လှန်နေကြသောကြောင့် ကိုယ့်သွေးသားမှ စာနာ စိတ်ပူတတ်သည့်စိတ်ကို ဖျောက်ထားလိုက်ရသည်ဟု မနွယ်က ဆိုသည်။
မန္တလေး-မတ္တရာလမ်းပိုင်း အစစ်အဆေး အဖမ်းအဆီးများချိန်တွင် ရေလမ်းကြောင်းကို အသုံးပြု၍ မနွယ်တို့ ဇာတိမြေကို စွန့်ခွာခဲ့သည်။ ငွေစကြေးစအနည်းငယ်၊ အဝတ်တစ်ထုပ်ယူပြီး မန္တလေးမြို့သို့ ရောက်ရှိလာခဲ့သည်။
“တိရစ္ဆာန်တွေလိုဆိုရင် ရေကြည်ရာမြက်နုရာကို ရှာဖွေနေထိုင်ရတာပေါ့။ ကိုယ့်ကိုယ်ကိုယ် လူလို့တောင် မပြောချင်တော့ပါဘူး။ ဒီလိုပဲ ရေကြည်ရာ မြက်နုရာကို မိသားစုအရေးအတွက်စွန့်ခွာလာပါတယ်”ဟု ယင်းအမျိုးသမီးက ပြောပြသည်။
စစ်တပ်ဝင်ရောက်စဉ် မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်များထဲ သူ့အိမ်လည်း ပါသွားခဲ့သည်။ ထွက်ပြေးစဉ် ယူဆောင်ခဲ့သော ရွှေနှင့်ငွေစကြေးစကို ထုခွဲရောင်းချကာ တိုက်ပွဲအေးသွားချိန်တွင် နေအိမ်တစ်လုံး ပြန်လည် တည်ဆောက်နေထိုင်ခဲ့သည်။
သို့သော် ကံကြမ္မာက မနွယ်တို့ဘက်တွင် ရှိမနေပေ။ နှစ်ထပ်ကွမ်း ကံထူးရှင်ဖြစ်မလာဘဲ နှစ်ထပ်ကွမ်း ကံဆိုးရသူအဖြစ်သာ သမိုင်းတွင်ခဲ့သည်။ မနွယ်တို့မိသားစု အသစ်ဆောက်လုပ်နေထိုင်သည့် တဲသာသာ သက်ကယ်မိုး ထရံကာနေအိမ်တစ်လုံးကိုလည်း လများမကြာမီ စစ်တပ်က မီးရှို့လိုက်ပြန်သည်။
ဤသို့ဖြင့် မန္တလေးမြို့သို့ ရောက်လာသည်ဟု မနွယ်ကဆိုသည်။
“မန္တလေးရောက်ရောက်ချင်းတော့ ဆွေမျိုးဆီမှာကပ်ပြီး နေတယ်။ ရက်ကြာလာတော့လည်း မှီခိုနေရတော့ အမျိုးပေမယ့် အားနာလာတယ်” ဟု မနွယ်က ပြောသည်။
“အခု ဈေးရောင်းပြီးတော့ စားဝတ်နေရေးဖြေရှင်းတယ်။ နေစရာကတော့ ဆွေမျိုးအိမ်အနီးက အိမ်ခန်းလေးတစ်ခုကိုပဲ လပေးနဲ့ ငှားပြီး နေပါတယ်”
မန္တလေး ချမ်းအေးသာစံမြို့နယ်အတွင်း ရပ်ကွက်ဈေးတစ်ခုတွင် မနွယ်တို့လင်မယား အသီးအနှံများ ရောင်းချသည်။ နေ့ခင်းပိုင်း ကျောင်းဈေးတစ်ခုတွင် ကြာဇံကြော်၊ ခေါက်ဆွဲကြော်တို့ ရောင်းချသည်။ တစ်နေကုန် မနားတမ်း လင်မယားနှစ်ဦး ပြာနေအောင် လုပ်ငန်းလုပ်ရ၍ ပင်ပန်းသော်ညား အသက် အန္တရာယ် ပိုမိုလုံခြုံစွာဖြင့် လုပ်ကိုင်စားသောက်ရသောကြောင့် မနွယ်က အဆင်ပြေသည်ဟု ဆိုသည်။
လစဉ်ပေးရသော အိမ်လခ၊ စားစရိတ်၊ မိခင်အို၏ဆေးဖိုး၊ ခြောက်နှစ်အရွယ်သမီး၏ကျူရှင်လခနှင့် ရွာမှာကျန်ရစ်ခဲ့သည့် သားဖြစ်သူနှင့်ဆွေမျိုးအချို့အတွက် ရံဖန်ရံခါ ပို့ရသည့်စရိတ်များက မနွယ်တို့ ထမ်းထားရသည့် တာဝန်များဖြစ်တော့သည်။
အမြန်ဆုံးငြိမ်းချမ်း၍ ဇာတိမြေကို ခြေချခွင့်ရချင်တော့သည်ဟု မနွယ်က ဆိုသည်။
ဒေသတွင်းမှ မနွယ်တို့သာမက အထက်မြန်မာပြည်မှ စစ်ဘေးရှောင် အများအပြားလည်း မန္တလေးကဲ့သို့ မြို့ကြီးများကို အားကိုးခိုလှုံနေကြရာ သူတို့သည် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အိမ်ငှားရမ်းခများ အဆမတန်များပြားခြင်း၊ အခွန်အခများ ပေးဆောင်ရခြင်း၊ ဧည့်စာရင်းအကြောင်းပြကာ ငွေတောင်းခံရခြင်း၊ စစ်ကောင်စီလက်နက်ကိုင်တို့၏ရန် စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကို တွေ့မြင်ရသည်။
မတ္တရာမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တွင် စစ်ရှောင်စခန်းများ ဆယ်ခု ဝန်းကျင်စီ ရှိကြရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တို့က ကူညီနေသည်ဟု ပြောကြသည်။ စခန်းတစ်ခုလျှင် လူဦးရေ ထောင်ဂဏန်းရှိသည်။
မတ္တရာတစ်မြို့လုံး စစ်ဘေးရှောင် တစ်သောင်းနီးပါးရှိနေကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူ တစ်ဦးက Myanmar Now ကို ပြောပြသည်။
“တိုက်ပွဲတွေကြောင့် အများစုကတော့ နီးစပ်ရာစစ်ရှောင်စခန်းတွေတို့၊ လွတ်မြောက်နယ်မြေ ဖြစ်နေတဲ့ နေရာတွေတို့ သွားပြီးခိုလှုံကြတယ်။ အလောတကြီး ခိုလှုံကြရတဲ့အတွက် အခက်အခဲတွေကလည်း အများအပြားပေါ်ပေါက်နေကြတယ်”ဟု သူက ပြောသည်။
ရိက္ခာစုဆောင်းမှု နည်းပါး၊ အလှူရှင်များလည်း လျော့ပါးလာသည်၊ စစ်ရှောင်တချို့မှာ အလုပ်ရှာဖွေနေကြသည်ဟု သူက ဆိုသည်။
“တချို့က ပလတ်စတစ်ကောက်ကြတယ်။ မုန့်လေးဘာလေးလုပ်တတ်တဲ့သူတွေက မုန့်လုပ်ရောင်းကြ တာတို့ ပြီးတော့ တောင်ယာတွေမှာ ဝင်အလုပ်လုပ်ပြီး ဝင်ငွေရှာတယ်။ စားသောက်ကြရတယ်ဗျ” ဟု သူက ရှင်းပြသည်။
စစ်ကောင်စီလေတပ်က စစ်ရှောင်စခန်းများကိုပါ ပစ်မှတ်ထားလာသည့်အတွက် ခိုလှုံနေသူတို့ စိတ်ပူနေကြရသည်ဟု သူက ဆက်ပြောသည်။
စစ်ရှောင် ကူညီသူ သတင်းသမား
အာဏာသိမ်းပြီး အဖမ်းအဆီးများကြောင့် လုပ်ငန်းခွင်ကို စွန့်ခွာလိုက်ရသည့် သတင်းစာဆရာတစ်ဦးသည် ယခုအခါ စစ်ကိုင်းမြို့နယ်အတွင်း စစ်ဘေးဒုက္ခသည်များ စားဝတ်နေရေး ကူညီပေးနေသည့် အဖွဲ့အစည်းတွင် ပါဝင်နေသည်။
“လူ၂၀၀၀ ကျော်ကို လချီကျွေးမွေးဖို့ အဆင်မပြေဘူး။ ကနဦး ရောက်စဉ်ကတော့ ဆန်ဆီတွေအထိ ထောက်ပံ့ထားနိုင်တယ်။ ခု လစဉ် ဆန်ဆီမပေးနိုင်တော့ အလှူရှင်ရှာပြီး စတုဒီသာကျွေးနေရတယ်”ဟု သူက ပြောသည်။
ရိက္ခာ မလုံလောက်သည့်အခါ ယာခင်းများထံလိုက်လံ အလှူခံသည်။ စိုက်ခင်းတစ်ခင်းလျှင် ရောင်းတန်းမဝင်သည့် အသီးအနှံ နှစ်တောင်း၊ သုံးတောင်း ရသည်၊ စုလိုက်လျှင် ကားတစ်စီးတိုက်စာ ရှိသည့် အသီးအနှံများကို ချက်ပြုတ်ကာ စစ်ဘေးရှောင်ပြည်သူတို့ကို ကျွေးမွေးသည်။
စစ်ရှောင်တချို့က ကျပန်းအလုပ် လုပ်ကိုင်ကြသည်။
“မြေပဲရိတ်တို့ နှမ်းရိတ်တို့ လိုက်ကြတယ်။ ရွာခံတွေရဲ့ လယ်ယာလုပ်ငန်းတွေမှာ နေ့စား အငှားလိုက်ကြ တာပေါ့ဗျာ။ သူတို့ကို နေရာချ၊ကျွေးမွေးစောင့်ရှောက်ထားတယ်။ လုပ်ငန်းကတော့ သူတို့အပိုသုံး ဝင်ငွေ လေးပေါ့”ဟု သူကဆိုသည်။
မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေး ရွာပေါင်း ၃၀ ခန့်မှ ဒေသခံ အများအပြားသည် မြစ်အတွင်း နေရာကျယ်ဝန်းသည့် ကျွန်းများပေါ်သို့ ရောက်နေကြသည်။
စစ်စခန်းများ၊ တိုက်ပွဲများနှင့် ဝေးသည့် ကျွန်းများပေါ်တွင် အိမ်ထောင်စု အနည်း ငယ်မှ ရာချီအထိရှိသည့် ဒေသခံတို့ ဟိုတစ်စု သည်တစ်စု ခိုလှုံနေသည်။ တံငါလုပ်၊ သက်ငယ်ပစ်ခြင်း တို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။
စစ်ကိုင်းမြို့နယ်အတွင်းတွင်လည်း ၇၈ ရွာ မီးရှို့ခံထားရသည်။ မီးဘေးဒုက္ခသည်တို့က စစ်ဘေးဒုက္ခသည်တို့ကို ကူနေကြသည်။
“မတ္တရာက စစ်ရှောင်တွေက အခုဆို စစ်ကိုင်းမြို့နယ်ထဲ ဝင်လာကြတယ်။ မီးရှို့ခံထားရတဲ့ရွာတွေမှာ ဖြစ်သလို နေကြရတယ်။ ဒုက္ခရောက်နေသူတွေက တခြားဆီကဒုက္ခသည်တွေကို လက်ခံထားရတော့ ဒုက္ခပေါ် ဒုက္ခဆင့်တာပေါ့ဗျာ” ဟု သူက စိတ်မကောင်းကြီးစွာဖြင့် ဆိုလိုက်သည်။