ယမန်နေ့ (ဇူလိုင် ၁၄) နံနက်ပိုင်းက မန္တလေးတိုင်း၊ မတ္တရာမြို့နယ် လူနေကျေးရွာများအနီး တိုက်ပွဲဖြစ်ပွားရာ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။
မန္တလေးမြို့မှ ၁၀ မိုင်ကျော်ခန့်သာ ဝေးကွာသော ကျောက်တံတားကျေးရွာ၊ ၁၄ မိုင်ခန့်အကွာ အောင်သပြေကျေးရွာများအနီး စခန်းချထားသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် ဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဝင်တိုက်ခြင်း ဖြစ်သည်။
တိုက်ပွဲများပြင်းထန်နေစဉ် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကို အားပြု ခုခံသည်ဟု မတ္တရာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကျောက်တံတားမှာက မနက် ၄ နာရီလောက်မှာစပြီး တိုက်ပွဲဖြစ်တယ်။ အဲဒီရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်စခန်းကို ဝင်တိုက်တာ။ နောက် ၁၀ နာရီလောက်ကစပြီး တစ်နေကုန်ပဲ သူတို့ (စစ်ကောင်စီ) ဘက်က လေကြောင်းနဲ့ အကြိမ်ကြိမ် ဗုံးလာကြဲတယ်” ဟု ထိုသူက ဆိုသည်။
မတ္တရာမြို့ပေါ်နှင့် ကျေးရွာတချို့တွင် ဖုန်းလိုင်းပြတ်တောက်နေသလို ဒေသခံအများစု ထွက်ပြေးနေကြသည့်အတွက် တိုက်ပွဲအခြေအနေနှင့် ပျက်စီးမှုအသေးစိတ်ကို မသိရှိရသေးကြောင်း အထက်ပါ အမျိုးသားက ယမန်နေ့ ညတွင် Myanmar Now ကို ပြောထားသည်။
မတ္တရာမြို့နယ်မှ စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် အမျိုးသမီးတစ်ဦးက ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုများအတွင်း ကျောက်တံတားကျေးရွာမှ ကိုယ်ဝန်ဆောင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောသည်။
“တိုက်ပွဲကြားမှာ ညပ်သွားတဲ့ အမျိုးသမီးတစ်ယောက်၊ ကိုယ်ဝန်မီးဖွားခါနီးတစ်ယောက်ပေါ့နော်။ လေယာဉ်နဲ့ ကြဲချလို့ ထိသွားတယ်။ ဆေးဝါးကုသမှုက အခက်အခဲရှိနေတယ်” ဟု ၎င်းက ဆိုသည်။
“ဒီနေ့ကတော့ မနေ့ကလို လေကြောင်းဆိုးဆိုးရွားရွားတိုက်ခိုက်တာမျိုး မရှိသေးဘူး။ လေယာဉ်တွေတော့ မကြာခဏ ပျံနေတယ်။ မနေ့က ညအထိကို တစ်နေကုန်တိုက်တာ။ ဒီနေ့ လက်နက်ငယ်ပစ်သံတွေလောက်ပဲ ကြားရတယ်”
ယမန်နေ့က ပြင်းထန်သောတိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျန်ရှိနေသေးသော မတ္တရာဒေသခံတို့မှာ မြို့တွင်းပိတ်မိနေသည်၊ စစ်ကောင်စီဘက်ကလည်း မန္တလေးမြို့သို့ မရောက်မီ ၂ မိုင်ခန့်အလို ဘိုကုန်းကျေးရွာနားမှ စ၍ ပိတ်ထားလိုက်သည်ဟု အထက်ပါ ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းအမျိုးသမီးက ပြောပြသည်။
“စစ်ရှောင်တွေကတော့ မြို့ထဲမှာ ပိတ်မိနေတယ်။ ထွက်လို့မရဘူး။ ဒီနေ့အထိပဲ ဘိုကုန်း (ကျေးရွာ) မှာက စကစတွေက ကားတွေနဲ့ စောင့်နေတယ်။ တံတားပေါ် လွန်လာတာနဲ့တစ်ပြိုင်တည်း သေနတ်တွေနဲ့ ပြည်သူလည်း ပစ်တာပဲ၊ ဘာပဲဖြစ်ဖြစ် ပစ်နေတာ” ဟု ၎င်းက ဆိုသည်။
“အဲဒါကြောင့် ဘိုကုန်းကို မကျော်နိုင်ဘူး။ အောက်လမ်းကလည်း ထွက်လို့မရဘူး”
အောင်သပြေကျေးရွာအနီး MDY-PDF နှင့် ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နေရာမှာ Alpha ဘိလပ်မြေစက်ရုံရှိ စစ်စခန်း ဖြစ်သည်။
“မနက်အစောပိုင်းကနေ နေ့လယ်ပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားနေရတယ်။ ကျွန်တော်တို့ တစ်ရွာလုံးကလည်း တိုက်ပွဲကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေကြရတာ” ဟု အသက် ၄၀ ကျော်အရွယ် အောင်သပြေကျေးရွာသား အမျိုးသားက ပြောသည်။
ထိုစက်ရုံတွင် စစ်ကောင်စီက အာဏာသိမ်းပြီး လအနည်းငယ်အကြာကစပြီး လက်နက်ကိုင်အင်အား ၅၀ ခန့်ဖြင့် တပ်စွဲခဲ့သည်၊ မကြာသေးမီကအထိ အင်အားရာဂဏန်းအထိ ဖြစ်လာသည်ဟု သိရသည်။
ထိုစက်ရုံ ကာကင်းစခန်းကုန်းများကို နယ်မြေရှင်းလင်းခဲ့ကြောင်း MDY -PDF က ဇူလိုင် ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားပြီး လက်နက်ငယ် ၁၂ လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
မေလအတွင်း မတ္တရာအရှေ့ခြမ်းတွင် MDY-PDF နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်၊ မေ ၂၉ ရက်နေ့က ထိုစက်ရုံဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံး အောင်သပြေကျေးရွာအတွင်း ကျရောက် ပေါက်ကွဲရာ အသက် ၆၅ နှစ်အရွယ် ဒေါ်တင်လှဆိုသူ ကျည်စထိမှန်သေဆုံးခဲ့သည်။
ထိုစဉ်ကတည်းက အောင်သပြေကျေးရွာမှ ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်ဟု သိရသည်။
ထို့နောက် ဇွန် ၁ ရက်နေ့တွင် လိုအပ်သည့်အသုံးအဆောင်များ နေအိမ်သို့ ပြန်ယူသည့် အောင်သပြေကျေးရွာသားများဖြစ်သော ကိုဝင်းလွင်ဦး (အသက် ၂၀ ) နှင့် ကိုသန်းကိုဝင်းတို့နှစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး ထိုသူနှစ်ဦး ယခုအထိ သေသည်ရှင်သည် မသိရပေ။
ယခင်လ ဇွန်၂၅ ရက်နေ့မှစတင်ကာ မန္တလေးနှင့် ရှမ်းပြည်နယ်စပ်ရှိ ၄ မြို့နယ်ထက်မနည်းတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် တအာင်းတပ် (TNLA) ၏ ထိုးစစ်များတွင် ပါဝင်တိုက်ခိုက်နေသည့် MDY-PDF ကလည်း မတ္တရာမြို့နယ်အတွင်း ဆက်တိုက် ထိုးစစ်ဆင်နေသည်၊ ရေနံ့သာရဲစခန်း အပါအဝင် စစ်ကောင်စီ တပ်စခန်း ၂၆ ခု သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။
MDY-PDF ၏ ဇူလိုင် ၁၂ ရက်နေ့ ထုတ်ပြန်ချက်တွင် မတ္တရာမြို့နယ်ရှိ မြောက်တံငါတပ်စခန်းကို အပြီးသတ် သိမ်းယူခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှရဲစခန်းမှ ထွက်ပြေးသွားသော ရဲမေတစ်ဦး၏နေအိမ်၌ ခြောက်လုံးပြူးသေနတ် ၁ လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းသည် စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မန္တလေးမြို့နှင့် နီးကပ်နေပြီး မြို့ပေါ်တွင် လုံခြုံရေး အထူးတင်းကျပ်နေသည်။
စစ်ကောင်စီကလည်း ၎င်းတို့ ထိုးစစ်ဆင်ခံနေရကြောင်း ဇူလိုင် ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ထိုးစစ်ကြောင့် အရပ်သားများ ထိခိုက်သေဆုံးရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းနောက်ပိုင်းတွင် တိုက်ခိုက်ခံရမှုအကြောင်း ထပ်မံထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ဆင်ရေးပထမပိုင်းသည် တရုတ်အစိုးရ၏ ဖိအားကြောင့် ရပ်တန့်ခဲ့ရာ ဒုတိယပိုင်းသည်လည်း အလားတူဖိအားမျိုး ရှိနေသည်ဟု သတင်းထွက်နေသည်။
ဇူလိုင် ၁၄ ရက်နေ့တွင် ကိုးကန့်တပ် (MNDAA) က ထိုနေ့ညသန်းခေါင်မှ ဇူလိုင် ၁၈ ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်ရပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ TNLA ကလည်း အပစ်ရပ်မည်ဖြစ်ကြောင်း၊ သို့သော်လည်း အပစ်ရပ်နယ်မြေထဲတွင် မန္တလေးတိုင်း မပါဝင်ကြောင်း AFP သတင်းဌာနကို ပြောထားသည်။
ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းနယ်စပ် တိုက်ပွဲများတွင် TNLA ပါဝင်နေသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၏ ရက် ၂၀ မြောက်အဖြစ် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တို့တွင် တိုက်ပွဲများ ယမန်နေ့ ညနေအထိ ဆက်လက်ဖြစ်ပွားနေပြီး၊ စစ်ကောင်စီတပ်ကလည်း ဒရုန်း၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်ကြောင်း TNLA က ထုတ်ပြန်ထားသည်။
ယမန်နေ့ တစ်ရက်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိုးကုတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် လားရှိုးမြို့တို့တွင် အရပ်သား ၅ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိကြောင်း TNLA ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။