သတင်း

နိုင်ငံတကာရှိ ရာနှင့်ချီသော မြန်မာသံရုံးဝန်ထမ်းများကို နေပြည်တော်သို့ ပြောင်းရွှေ့ 

အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာရှိ ရာနှင့်ချီသော မြန်မာသံရုံးဝန်ထမ်းများကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားကြောင်း အမိန့်ညွှန်ကြားစာများ အင်တာနက်စာမျက်နှာပေါ် ပေါက်ကြားလာသည်။

တရုတ်၊ အိန္ဒိယ၊ ကူဝိတ်၊ အီတလီ၊ ဩစတြီးယား၊ စကာပူ၊ ပါကစ္စတန်၊ ဟောင်ကောင်၊ ဘယ်လ်ဂျီယံ၊ အမေရိကန်၊ ဂျပန်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ယူကေ၊ ဘရာဇီးလ်၊ တောင်ကိုရီးယား၊ နော်ဝေ စသည့်နိုင်ငံများရှိ သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများရှိ ရာနှင့်ချီသော သံမှူးကြီး၊ သံမှူးနှင့် သံရုံးစာရေးဝန်ထမ်းများကို ယနေ့ (ဖေဖော်ဝါရီ ၂၈) ရက်စွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာအရ သိရသည်။ 

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ ဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ၏ အလွတ်သဘောညီလာခံတွင် ပြောကြားခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာရှိ ရာနှင့်ချီသော မြန်မာသံရုံးဝန်ထမ်းများကို ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ 

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ ဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုထောက်ခံကြောင်း ပြောကြားခဲ့အပြင် နိုင်ငံတကာအနေဖြင့် စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချရန်နှင့် အပြင်းထန်ဆုံးအရေးယူဆောင်ရွက်ရန်လည်း တောင်းဆိုခဲ့သည်။ 

ထို့ပြင် “နိုင်ငံတော်အာဏာ ပြည်သူ့ထံ ပြန်လည်ရရှိရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ဒီအရေးတော်ပုံကြီး အောင်မြင်ရေးကို အလွှာအသီးသီးမှ ပြည်သူပြည်သားအားလုံး ညီညီညွတ်ညွတ်နဲ့ အတူတကွ လက်တွဲဆောင်ရွက်နေတာကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟုလည်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပြီး စစ်အာဏာရှင်ကျဆုံးစေရမည်ဖြစ်ကြောင်း ကုလညီလာခံတွင် ၎င်းကိုယ်တိုင် လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်ခဲ့သည်။

Show More

Related Articles

Back to top button