
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုတိုက်ခိုက်ရန် ကြံစည်မှုဖြင့် အသက် ၂၉ နှစ်အရွယ် ဖြိုးဟိန်းထွဋ်ကို အပြစ်ရှိကြောင်း အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တောင်ပိုင်း အစိုးရရှေ့နေရုံးက ယမန်နေ့ (ဇူလိုင် ၂၄ ရက်) တွင် အမိန့်ချမှတ်လိုက်သည်။
ဖြိုးဟိန်းထွဋ်နှင့် ပတ်သက်၍ လာမည့် မတ်လ ၁၄ ရက်နေ့တွင် အပြီးသတ်စီရင်ချက် ချမှတ်ရန် စီစဉ်ထားသည်ဟုလည်း အမေရိကန်အစိုးရရှေ့နေ Damian Williams ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ကြံစည်ခဲ့သည်ဟု သံသယဖြင့် ဖြိုးဟိန်းထွဋ်နှင့် အသက် ၂၀ အရွယ် ရဲဟိန်းဇော်တို့နှစ်ဦးကို အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (FBI) က ၂၀၂၁ နှစ်လယ်ပိုင်းတွင် ဖမ်းဆီးခဲ့သည်။
ဖြိုးဟိန်းထွဋ်သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ စေတနာ့ဝန်ထမ်းလုံခြုံရေးအဖွဲ့တွင် ပါဝင်လုပ်ကိုင်ခဲ့သူဖြစ်ကာ ဦးကျော်မိုးထွန်းကို တိုက်ခိုက်ရန် ထိုင်းနိုင်ငံရှိ လက်နက်ပွဲစားထံ သတင်းအချက်အလက်၊ လှုပ်ရှားမှုနှင့် အမှုထမ်းများအခြေအနေကို လျှို့ဝှက်ပေးခဲ့သည်ဟု ရှေ့နေ Damian Williams က ဆိုသည်။
ထို့ကြောင့် ဂျူရီအဖွဲ့က စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ အပြီးသတ်စီရင်ချက်ချမှတ်ရာတွင် အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်ဟုလည်း သတင်းထုတ်ပြန်ချက်က ဆိုသည်။ အခြားဖမ်းဆီးခံထားရသည့် ရဲဟိန်းဇော်၏ အမှုအခြေအနေနှင့် ပတ်သက်၍ မသိရသေးပေ။
အမေရိကန်အစိုးရရှေ့နေ Damian Williams ၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် ထုတ်ပြန်ချက်တွင်မူ ရဲဟိန်းဇော်က အပြစ်ရှိကြောင်း ဝန်ခံထားသည်။
နယူးယောက်မြို့တွင် နေထိုင်သည့် ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်တို့ နှစ်ဦးသည် ဦးကျော်မိုးထွန်ကို တိုက်ခိုက်ရန် သို့မဟုတ် အသက်အန္တရာယ်ထိခိုက်သည်အထိ လုပ်ကြံရန် ပူးပေါင်းပါဝင်ရာတွင် ထိုင်းနိုင်ငံတွင် နေထိုင်သည့် လက်နက်ပွဲစားနှင့် ဆက်သွယ်ခဲ့သလို ငွေကြေးလက်ခံမှု အထောက်အထားများလည်း တွေ့ရှိရသည်။
မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေသော ထိုင်းနိုင်ငံရှိ လက်နက်ပွဲစားတစ်ဦးက အမေရိကန်ဒေါ်လာ ၄,၀၀၀ လွှဲပေးခဲ့ကြောင်း အမေရိကန်တရားရေးဌာန၏ နယူးယောက်တောင်ပိုင်း အစိုးရရှေ့နေရုံးက ၂၀၂၁ ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဦးကျော်မိုးထွန်းကို ပထမအဆင့် ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်ရန်၊ ဒုတိယအဆင့်အနေဖြင့် အသက်အန္တရာယ်ထိခိုက်စေသည်အထိ လုပ်ဆောင်ရန်၊ ဦးကျော်မိုးထွန်း ကားထဲရှိနေချိန်တွင် ငှားရမ်းထားသော လူမိုက်များ၏ အကူအညီဖြင့် ကားတာယာကို ဖျက်ဆီးပြီး တစ်စုံတစ်ရာထိခိုက်စေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် စတင် တာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က ကုလအထွေထွေညီလာခံ၏ အလွတ်သဘောဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဦးကျော်မိုးထွန်းသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေသည်။ စစ်ကောင်စီကမူ ဦးကျော်မိုးထွန်းကို ရာထူးမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည့်အပြင် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)