
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် (ဦးကျော်မိုးထွန်း) ကို လုပ်ကြံရေးအစီအစဉ်တွင် ပါဝင်သူ မြန်မာနိုင်ငံသား ရဲဟိန်းဇော်က အပြစ်ရှိကြောင်း ဝန်ခံသည်ဟု အမေရိကန်အစိုးရရှေ့နေ Damian Williams က ဒီဇင်ဘာ ၁၀ တွင် ထုတ်ပြန်သည်။
“ယနေ့ တရားရုံးမှာ ဝန်ခံခဲ့တဲ့အတိုင်း ကုလဆိုင်ရာ မြန်မာသံအမတ်ကို အမေရိကန်ပိုင်နက်အတွင်း ထိခိုက်ဒဏ်ရာရအောင် ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်ရေးအစီအစဉ်မှာ ရဲဟိန်းဇော် ပါဝင်ခဲ့ပါတယ်။ အခု သူ့အပြစ်အတွက် အမိန့်ချတာကို စောင့်ရပါမယ်” ဟု အမေရိကန်အစိုးရရှေ့နေက ပြောသည်။
ကုလဆိုင်ရာ မြန်မာသံအမတ်ကို ထိခိုက်ဒဏ်ရာ ရစေရန် သို့မဟုတ် လုပ်ကြံသတ်ဖြတ်ရန် နယူးယောက်မြို့တွင် နေထိုင်သူ မြန်မာနိုင်ငံသား ရဲဟိန်းဇော်က ၂၀၂၁ ခုနှစ် ဇူလိုင်နှင့် ဩဂုတ်လအတွင်း အခြားသူများနှင့်အတူ ပူးပေါင်းကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထိုသို့ ပူးပေါင်းကြံစည်မှုတွင် မြန်မာစစ်တပ်ကို လက်နက်ရောင်းချသူ ထိုင်းနိုင်ငံရှိ လက်နက်ပွဲစားတစ်ဦးလည်း ပါဝင်ကာ သံအမတ်ကို ရာထူးမှ နုတ်ထွက်စေရေး ဖိအားပေးရန် သဘောတူခဲ့ကြပြီး နုတ်ထွက်မပေးပါက လုပ်ကြံသတ်ဖြတ်ရန် လက်နက်ပွဲစားက အဆိုပြုခဲ့သည်ဟု ဆိုသည်။
ထိုသို့ သဘောတူပြီး မကြာမီ မိုဘိုင်းဖုန်းမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄၀၀၀ ကို စရန်အဖြစ် လွှဲပေးခဲ့ကြောင်း၊ သံအမတ်ကို တိုက်ခိုက်သူများအနေဖြင့် ဒေါ်လာ ၁၀၀၀ ထပ်လိုအပ်မည်ကို ရဲဟိန်းဇော်နှင့် ပူးပေါင်းကြံစည်သူတို့ ဆွေးနွေးခဲ့ကြောင်း၊ သံအမတ်ကို သတ်ဖြတ်နိုင်သည်ဆိုပါက ပိုက်ဆံထပ်ရရေး ကြိုးပမ်းပေးရန် ရဲဟိန်းဇော်က သဘောတူခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည့် နိုင်ငံခြားသားအရာရှိတစ်ဦးကို အကြမ်းဖက်တိုက်ခိုက်ရန် ပူးပေါင်းကြံစည်မှုအကြောင်း ရဲဟိန်းဇော်က ဝန်ခံခဲ့အပြီး အဆိုပါအမှုကို ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့် ဆက်စပ်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်ကာ သက်ဆိုင်ရာ သတင်းအချက်အလက်ရှိသူများအနေဖြင့် အမေရိကန်ဗဟိုထောက်လှမ်းရေး (FBI) ကို ဆက်သွယ်ရန်လည်း အစိုးရှေ့နေ Damian Williams က တောင်းဆိုထားသည်။
ကုလသမဂ္ဂတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် စစ်ကောင်စီကို အရေးယူရန် တောင်းဆိုခဲ့သူ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ကြံစည်ခဲ့သော မြန်မာလူငယ်နှစ်ဦးကို FBI က ဖမ်းဆီးထိန်းသိမ်းထားကြောင်း အမေရိကန်အစိုးရရှေ့နေရုံးက ဩဂုတ် ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လူငယ်နှစ်ဦးမှာ အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်နှင့် ၂၀ အရွယ် ရဲဟိန်းဇော်ဖြစ်ကြောင်း ဩဂုတ်လအတွင်းက အမေရိကန်အစိုးရရှေ့နေရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံရန်အစီအစဉ်တွင် ပါဝင်သူ လူငယ်နှစ်ဦးမှာ စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများဖြစ်ပြီး၊ ဦးအေးကိုဆိုသူ ထိုင်းနိုင်ငံအခြေစိုက် မြန်မာလူမျိုးလက်နက်ပွဲစားက ခိုင်းစေခြင်းဖြစ်ကြောင်း၊ ဦးကျော်မိုးထွန်း၏ရုံးတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ဖူးသူ ဖြိုးဟိန်းထွဋ်က အစီအစဉ်ကို ဖွင့်ချခဲ့ခြင်းဖြစ်ကြောင်း ကုလဆိုင်ရာမြန်မာသံအမတ်ကြီးနှင့် နီးစပ်သူ နယူးယောက်ရှိ မြန်မာတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။
ဦးကျော်မိုးထွန်းကို လုပ်ကြံရန်အစီအစဉ်တွင် နောက်ကွယ်မှ ကြိုးကိုင်သူဟု နာမည်ထွက်သူ ထိုင်းအခြေစိုက် လက်နက်ပွဲစားဦးအေးကိုဆိုသူအကြောင်း Myanmar Now က သတင်းဆောင်းပါးရေးသားခဲ့ပြီးဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီက ဦးကျော်မိုးထွန်း၏ နေရာကို စစ်တပ်အရာရှိဟောင်းတစ်ဦးဖြင့် အစားထိုးရန် ကြိုးပမ်းခဲ့သော်လည်း ကုလအရည်အချင်းစစ်ကော်မတီက လက်ခံခဲ့ခြင်း မရှိပေ။ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပေါ်ထွက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုသူ ဦးကျော်မိုးထွန်းကို ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရန် ကုလသမဂ္ဂက ဆုံးဖြတ်ကြေညာပြီးဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)