ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က မဲစာရင်းအကြောင်းပြ အာဏာသိမ်းယူခဲ့သည်မှာ တစ်နှစ်ရှိပြီဖြစ်သည်။ ဒီမိုကရေစီဆိတ်သုဉ်းမှုနှင့်အတူ စစ်တပ်၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် မြန်မာပြည်သူများ နပန်းလုံးနေရသည်မှာ ရက်ပေါင်း ၃၆၀ ကျော်ရှိပြီလည်း ဖြစ်သည်။
ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချကာ အတင်းအဓမ္မအာဏာသိမ်းယူသည့် စစ်တပ်၏ လုပ်ရပ်ကို နိုင်ငံတကာစာမျက်နှာတွင် ပထမဆုံး လူသိရှင်ကြား ထုတ်ဖော်ဆန့်ကျင်ခဲ့သူမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဖြစ်သည်။
ကုလသမဂ္ဂ၏ အလွတ်သဘောညီလာခံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ပြခဲ့သူ ဦးကျော်မိုးထွန်း၏ လုပ်ရပ်မှာ အထူးအံ့အားသင့်စရာဖြစ်ခဲ့သည်။ သန်းနှင့်ချီသော မြန်မာနိုင်ငံသားများကို အားတက်စေသည့်ပြင် စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းကို ပို၍ အလေးအနက်ထားစေခဲ့သည်။
အသက် ၅၂ နှစ်အရွယ် ဦးကျော်မိုးထွန်းက ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံလိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချရန်၊ အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
“နိုင်ငံတော်အာဏာ ပြည်သူ့ထံ ပြန်လည်ရရှိရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဒီအရေးတော်ပုံကြီးအောင်မြင်ရေးကို အလွှာအသီးသီးမှ ပြည်သူပြည်သားအားလုံး ညီညီညွတ်ညွတ်နဲ့ အတူတကွ လက်တွဲဆောင်ရွက်နေတာကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟု ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးခန်းမမှနေ၍ ပြောကြားခဲ့သည်။
စစ်အာဏာရှင် ကျဆုံးစေရမည်ဖြစ်ကြောင်း ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း လက်သုံးချောင်းထောင်ပြခဲ့သည့်နေ့မှာ အာဏာသိမ်းပြီး ၂၅ ရက်အကြာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ဖြစ်သည်။
အရှက်ကွဲသွားသည့် စစ်ကောင်စီက ဦးကျော်မိုးထွန်းကို ရာထူးမှ ထုတ်ပယ်ကြောင်း၊ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် အမှုဖွင့်ဖမ်းဝရမ်းထုတ်ကြောင်း နောက်တစ်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ထို့ပြင် နိုင်ငံတကာရှိ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများမှ ရာနှင့်ချီသော မြန်မာသံရုံးဝန်ထမ်းများကို နေပြည်တော်သို့ ပြောင်းရွှေ့ခန့်ထားကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ တွင် အမိန့်ညွှန်ကြားစာ ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီအတွက် ဦးကျော်မိုးထွန်း၏လုပ်ရပ်က ကြီးစွာသော ထိုးနှက်ချက်ဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံတကာရှိ မြန်မာသံရုံးဝန်ထမ်းအချို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာကြသည်။
မြန်မာနိုင်ငံပြန်ရန် ငြင်းဆန်ကာ CDM တွင် ပါဝင်လာသည့် မြန်မာသံအရာရှိ ၂၀ ဝန်းကျင် ရှိလာသည်ဟု ဦးကျော်မိုးထွန်းက ဂျပန်သတင်းဌာန Kyodo News ကို ဇွန်လအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဦးကျော်မိုးထွန်း၏ နေရာတွင် အစားထိုးရန် စစ်ကောင်စီက စက်မှုထမ်းသက် ၂၆ နှစ်ရှိ ဗိုလ်မှူးကြီးအောင်သူရိန်ဆိုသူကို ဇူလိုင်လအတွင်း အဆိုပြုခဲ့သော်လည်း ကုလသမဂ္ဂက လက်ခံခြင်း မရှိခဲ့ပေ။
ကုလစင်မြင့်ထက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားပြုလျက် နိုင်ငံတကာရှိ မြန်မာသံအရာရှိများကို ဆက်လက်စည်းရုံးနေသူ ဦးကျော်မိုးထွန်းကို စစ်ကောင်စီက အခဲမကျေဖြစ်ခဲ့သည်။
ဩဂုန်လဆန်းပိုင်းတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြိုးစားသည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးကို အန္တရာယ်ပြုရန် ကြံစည်သူ လူငယ်နှစ်ဦးကို အမေရိကန်ထောက်လှမ်းရေးဌာန (FBI) က ဖမ်းဆီးထိန်းသိမ်းထားကြောင်း နယူးယောက်တောင်ပိုင်း အစိုးရရှေ့နေရုံးက ဩဂုတ် ၆ တွင် ထုတ်ပြန်သည်။
မြန်မာလူငယ်နှစ်ဦးမှာ စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများဖြစ်ကာ ၎င်းတို့နောက်ကွယ်တွင် ထိုင်းနိုင်ငံရှိ မြန်မာလူမျိုးလက်နက်ပွဲစားတစ်ဦး ပါဝင်ပတ်သက်နေကြောင်း ပေါ်ပေါက်ခဲ့သည်။
ပထမအဆင့်အနေဖြင့် ဦးကျော်မိုးထွန်းကို ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်စေရန်၊ သံအမတ်ကြီးနေရာကို ဖယ်မပေးပါက ဒုတိယအဆင့်အနေဖြင့် အသက်အန္တရာယ်ထိခိုက်သည်အထိ ဆက်လက်လုပ်ဆောင်ရန် မြန်မာလူငယ်နှစ်ဦးကို ထိုင်းရှိ လက်နက်ပွဲစား ဦးအေးကိုဆိုသူက ဒေါ်လာ ၄၀၀၀ လွှဲပေးခဲ့ခြင်းဖြစ်ကြောင်း FBI က စစ်ဆေးတွေ့ရှိခဲ့သည့်နည်းတူ နီးစပ်သူများကလည်း ဖော်ထုတ်ခဲ့သည်။
ဦးကျော်မိုးထွန်းကို လုပ်ကြံရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ရဲဟိန်းဇော်က အပြစ်ရှိကြောင်း ဝန်ခံသည်ဟု အမေရိကန်အစိုးရရှေ့နေ Damian Williams က ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာလဆန်းပိုင်း၌ပင် အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေညီလာခံက စစ်တပ်တင်သွင်းသည့်ကိုယ်စားလှယ်အစား သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့သည်။ ဦးကျော်မိုးထွန်းလည်း ကုလသမဂ္ဂနှင့် ဆက်စပ်အစည်းအဝေးများတွင် NUG ကိုယ်စားပြုလျက် ဆက်လက်တက်ရောက်ခွင့် ရလာသည်။
ဦးကျော်မိုးထွန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံရခြင်းဖြစ်သည်။
သံအမတ်ကြီးဦးကျော်မိုးထွန်းမှာ နယူးယောက်မြို့တွင် အခြေစိုက်ကာ စစ်ကောင်စီ ပြုတ်ကျရေး ဆက်လက်တိုက်ပွဲဝင်လျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)