
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ကြံစည်မှုတွင် ထိုင်းနိုင်ငံရှိ မြန်မာလူမျိုးလက်နက်ပွဲစား ပါဝင်ပတ်သက်နေခြင်းနှင့် ပတ်သက်၍ အမေရိကန်အစိုးရဘက်က အကြောင်းကြားလာခြင်း မရှိသေးကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားသည်။
ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မြန်မာလူငယ်နှစ်ဦးကို မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေသော ထိုင်းနိုင်ငံရှိ လက်နက်ပွဲစားတစ်ဦးက အမေရိကန်ဒေါ်လာ ၄၀၀၀ လွှဲပေးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်တရားရေးဌာန၏ နယူးယောက်တောင်ပိုင်း အစိုးရရှေ့နေရုံးက ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထိုလက်နက်ပွဲစားမှာ မည်သူမည်ဝါဖြစ်ကြောင်း အမေရိကန်အစိုးရက သတင်းမထုတ်ပြန်သော်လည်း အမှုတွင် ဖမ်းခံရသူတစ်ဦးဖြစ်သူ ဖြိုးဟိန်းထွဋ်၏ အဆိုအရ ထိုသူမှာ မြန်မာလူမျိုးဖြစ်ကြောင်း ဦးကျော်မိုးထွန်းနှင့် နီးစပ်သူ နယူးယောက်ရှိ ဦးသောင်းလှိုင်က Myanmar Now ကို ပြောကြားထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့ ယနေ့ (ဩဂုတ် ၉) တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မြန်မာလက်နက်ပွဲစားနှင့် တရားဝင်အကြောင်းကြားလာခြင်း မရှိသေးကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး Kritsana Pattanacharoen က ဆိုသည်။
“အမေရိကန်ဘက်က ဘာမှတောင်းဆိုလာခြင်း မရှိသေးပါဘူး။ အကယ်၍ တစ်စုံတစ်ရာ တောင်းဆိုလာရင် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအကျမှပဲ ဘယ်လိုလုပ်ပေးရမလဲဆိုတာ သိရပါလိမ့်မယ်” ဟု ၎င်းက သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။
ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ကြံစည်ခဲ့သည့် မြန်မာလူငယ်နှစ်ဦးဖြစ်သည့် အသက် ၂၈ နှစ် အရွယ် ဖြိုးဟိန်းထွဋ်နှင့် ၂၀ အရွယ် ရဲဟိန်းဇော်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် အမေရိကန်အစိုးရက တရားစွဲဆိုထားကာ အပြစ်ရှိကြောင်း တွေ့ရှိပါက ၅ နှစ်ထက်မပိုသော ထောင်ဒဏ်ကျခံရနိုင်သည်။
အဆိုပါအမှုကို အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (FBI) က ကိုင်တွယ်လျက်ရှိပြီး ဖြိုးဟိန်းထွဋ်၏ ထွက်ဆိုချက်အရ ဦးကျော်မိုးထွန်း၏ ရုံးခန်းတွင် ရိုက်ထားသော ၎င်း၏ ဓာတ်ပုံကို တွေ့မြင်ပြီးနောက် ထိုင်းရှိ မြန်မာလက်နက်ပွဲစားက စတင်ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။
ပထမအဆင့်အနေဖြင့် ဦးကျော်မိုးထွန်းကို ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်ရန် ကြံစည်ရန်၊ သံအမတ်ကြီးနေရာကို မဖယ်ပေးသေးပါက ဒုတိယအဆင့်အနေဖြင့် အသက်အန္တရာယ်ထိခိုက်စေသည်အထိ လုပ်ဆောင်သွားရန်ရှိပြီး ဦးကျော်မိုးထွန်း ကားထဲရှိနေချိန်တွင် ငှားရမ်းထားသောလူမိုက်များ၏ အကူအညီဖြင့် ကားတာယာကို ဖျက်ဆီးပြီး တစ်စုံတစ်ရာထိခိုက်စေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
မြန်မာလူငယ်နှစ်ဦးထံ ငွေလွှဲပေးခဲ့သူမှာ ထိုင်းအခြေစိုက် အသက် ၆၀ အရွယ် မြန်မာလူမျိုးလက်နက်ပွဲစားမှာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းများရောင်းချနေသည့် Chaiseri Defense (ချိုင်ဇာရီ) အမည်ရှိ ထိုင်းလက်နက်ကုမ္ပဏီနှင့် ဆက်နွှယ်နေသည်ဟု ဦးသောင်းလှိုင်က ဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်က ကုလအထွေထွေညီလာခံ၏ အလွတ်သဘောဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရွေးကောက်ခံအမတ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းနေသော ဦးကျော်မိုးထွန်းကို စစ်ကောင်စီက ရာထူးထုတ်ပယ်ကြောင်း ကြေညာခဲ့သည့်အပြင် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ထားသည်။
ဦးကျော်မိုးထွန်း၏ နေရာတွင် အစားထိုးရန် စစ်ကောင်စီက ဗိုလ်မှူးကြီးအောင်သူရိန်ကို ဇူလိုင်လတွင် အဆိုပြုခဲ့သော်လည်း ကုလသမဂ္ဂက လက်ခံခဲ့ခြင်း မရှိပေ။ လာမည့် စက်တင်ဘာတွင် ကျင်းပမည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရာထူးအတွက် NUG ကိုယ်စားပြု ဦးကျော်မိုးထွန်းနှင့် စစ်ကောင်စီတို့ အပြိုင်အဆိုင် ကြိုးပမ်းရဖွယ်ရှိနေသည်။
