
ရန်ကုန် — အသက်မပြည့်သေးသည့် မိန်းကလေးငယ်နှစ်ဦးကို အဓမ္မပြုကျင့်မှု၊ နာကျင်စေမှု၊ ခြိမ်းခြောက်မှုတို့ဖြင့် ခရစ်ယာန် တရားဟောဆရာတစ်ဦးကို အပြစ်ရှိကြောင်းဆုံးဖြတ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တရားရုံးက ယနေ့တွင် စုစုပေါင်းထောင်ဒဏ် ၄၃ နှစ် ချမှတ်လိုက်သည်ဟု အဆိုပါမိန်းကလေးများဘက်က လိုက်ပါဆောင်ရွက်ပေးနေသူများက ပြောသည်။
ကလေးမြို့ လက်ပံချောင်း ကျေးရွာနေ အသက် ၃၀ ကျော် အရွယ် ဦးဗျတ်လား (Biak Lar) ဆိုသူသည် ဘာသာရေးစာပေသင်ပေးမည်၊ ကွန်ပျူတာ သင်ပေးမည် ဟုဆိုကာလွန်ခဲ့သည့် ၎င်း၏အိမ်တွင် နှစ်နှစ်ကြာ ခေါ်ယူကျွေးမွေးထားသည့် အသက် ၁၃ နှင့် ၁၅ နှစ်အရွယ် မိန်းကလေး နှစ်ဦးကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအမှုပေါ်ပေါက်ရေးအတွက် လိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် အမည်မဖော်လိုသူ ချင်းအမျိုးသမီးတစ်ဦးက Myanmar Now ကိုပြောသည်။
ဗျတ်လား သည် စေတနာ့ဝန်ထမ်း ဧဝံဂေလိ တရားဟောဆရာတစ်ဦးအဖြစ် ချင်းပြည်နယ် ကျေးလက်ဒေသများသို့ ဆင်းကာ တရားဟောရာမှ ဖလမ်းမြို့နယ် တောင်ပေါ်ရွာတစ်ရွာမှ အဆိုပါမိန်းကလေးငယ်များကို စောင့်ရှောက်ပေးမည် ဟု ဆိုကာ မိဘများကို ပြောပြီး တစ်ချိန်စီ သီးခြား ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအိမ်ရောက်သည့်အခါ ကလေးထိန်းခိုင်းခြင်း၊ ထမင်းဟင်းချက်ခိုင်းခြင်း စသည့် အိမ်အလုပ်များကို ခိုင်းစေ၍ ကျောင်းထားပေးကြောင်း အဆိုပါအမျိုးသမီးက ပြောသည်။
ဗျတ်လားသည် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အား ၎င်း၏ အခန်းထဲသို့ ဆေးဘူးယူလာပေးခိုင်းသည်ကို မိန်းကလေးက လက်ထဲသို့ မထည့်ဘဲ ခုံပေါ်တင်သဖြင့်ဆိုကာ ရင်အုံမှစ၍ ခြေသလုံးထိ တောက်လျှောက်ရိုက်နှက်ပြီးနောက် အဓမ္မပြုကျင့်ကြောင်း မိန်းကလေးက ပြောပြရာမှ ထိုအမှုပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
“ကောင်မလေးက ငိုရင် ‘မငိုနဲ့ ဟိုတစ်ယောက်တောင်မှ ငါဒီလိုလုပ်တုန်းက မငိုဘူး နင်လည်း မငိုနဲ့ခံရမယ်’ ပေါ့။ အဲဒီမှာ ကောင်မလေးက ‘ဪ ဟိုအစ်မလည်း ဒီလို ခံရတယ်၊ ငါလည်း ခံရမယ်’လို့ သူတွေးတယ်လို့ ပြောတဲ့အချိန်မှာ ကျွန်မတို့က ရှေ့မှာ ခံရတဲ့သူ တစ်ယောက်ရှိသေးမှန်းကိုပါ သိလာရရော” ဟု ကူညီသူ အမျိုးသမီးက ပြောသည်။
အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်သည် ထိုအချိန်တွင် ဆယ်တန်းတက်နေပြီဖြစ်ပြီး အစပိုင်းတွင် အရှက်အကြောက်ကြောင့် ခက်ခက်ခဲခဲ မေးယူခဲ့ရကြောင်း ၎င်းက ပြောသည်။
“နင်တို့ မဖော်ရင် နောက်နောင်မှာ ဒုက္ခရောက်မယ့်သူ ရှိသေးတယ်။ ငါတို့ ကုန်ကျစရိတ်တွေ ကျောင်းစရိတ်တွေ တောင် ရန်ပုံငွေ ရှာပေးမယ်ဆိုပြီး ပြောရတယ်။ ချင်းမှာက မိန်းကလေးတစ်ယောက် ဒီလို ဖြစ်ပြီဆို တစ်မိသားစု (ဆက်ရပ်တည်ဖို့) ခက်ခဲတယ်။ အမှန်တရားကို ထုတ်ပြောဖို့ထက် စာရင် ဖုံးကွယ်ချင်ကြတယ်။ ငါတို့ သမီးတွေကို ဘယ်သူမှ ယူမှာ မဟုတ်တော့ဘူးဆိုပြီး အရှက်ကွဲ မခံနိုင်ဘူးပေါ့။ မနည်းကို နှစ်ရက် သုံးရက်လောက်ကို ချော့မော့ရတယ် ” အဆိုပါ အမျိုးသမီးက ပြောသည်။

ကာယကံရှင် မိန်းကလေးနှစ်ဦး၏ မိဘများက ဦးဗျတ်လား အား ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ ၅၀၆၊ ၃၂၃ (မုဒိမ်းမှု၊ ခြိမ်းခြောက်မှု၊ နာကျင်စေမှု) တို့ဖြင့် ၂၀၁၈ ဧပြီလအတွင်း ကလေးရဲစခန်း၌ သီးခြားစီအမှုဖွင့်တိုင်ကြားခဲ့သည်။
ကလေးခရိုင်တရားရုံးက စစ်ဆေးပြီးနောက် ဦးဗျတ်လားအား ပုဒ်မ ၃၇၆ ဖြင့် အမှုတစ်မှုအတွက် ထောင်ဒဏ် နှစ် ၂၀ စီ၊ ပုဒ်မ ၅၀၆ အတွက် ထောင်ဒဏ် နှစ်နှစ်နှင့် ပုဒ် ၃၂၃ အတွက် ထောင်ဒဏ် တစ်နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခဲ့သည်။
မိန်းကလေးငယ်များ၏ မိသားစုသည် ဗမာဘာသာစကားကို မတတ်ကျွမ်းသဖြင့် အမျိုးသမီးအဖွဲ့အစည်းများနှင့် ဗမာစကား တတ်ကျွမ်းသူများက ကူညီပေးရပြီး ဥပဒေရေးရာ အကူအညီကို အထက်ချင်းတွင်းကွန်ရက်မှ ကိုကျော်သက်ဝင်းတို့ အဖွဲ့က ကူညီပေးကြောင်း နစ်နာသူ မိသားစုကို ကူညီပေးခဲ့သူ ကလေးမြို့နေ ဦးခမ်းလိမ်က ပြောသည်။
“ဘာသာရေးထုံးတမ်းစဉ်လာမှာ တရားဟောတာဆိုရင် ဘယ်သူမဆို တရားဆိုတာ မပုန်ကန်ရဲဘူးလေ။ သူရဲ့ ကိုယ်ကျင့်စရိုက်ကို ကျွန်တော်တို့မှ မသိတာ။ အပေါ်ယံကတော့ ကောင်းတယ်လေ။ နောက်ပိုင်းမှ ကလေးမလေးရဲ့ ထွက်ဆိုချက်အရ သိလို့ ကလေးမလေးက မကျေနပ်လို့ အမှုပေါ်ပေါက်အောင် ကျွန်တော်တို့ လုပ်တယ် ” ဟု ၎င်းက ပြောသည်။