သတင်း

UEC အဖွဲ့ဝင်များကို တစ်ပတ်ကြာ ဖမ်းထားသော်လည်း စစ်ဆေးခြင်း မရှိသေး

ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများကို တစ်ပတ်ကြာ ထိန်းသိမ်းထားသော်လည်း မေးမြန်းစစ်ဆေးမှု တစ်စုံတစ်ရာမရှိသေးကြောင်း တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များထံမှ သိရသည်။ 

ရန်ကုန်တိုင်းမှ ကော်မရှင်အဖွဲ့ဝင် ၈၇ ဦးကို ဘုရင့်နောင်၊ စစ်ကြောရေးစခန်းတွင် ဖေဖော်ဝါရီ ၁၁ မှစ၍ ထိန်းသိမ်းထားပြီး ယနေ့ ဖေဖော်ဝါရီ ၁၇ အထိ စစ်ဆေးမေးမြန်းမှုမရှိသေးကြောင်း အနောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောသည်။ 

ထိန်းသိမ်းခံထားရသည့် ရန်ကုန်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကျန်းမာရေးမကောင်းသူများလည်း ပါဝင်နေသည်ဟု ဦးခင်မောင်ဝင်းက ပြောသည်။ 

“ဘယ်သူမှ လာမတွေ့ဘူး။ ဘာအကြောင်းမှလည်း လာမမေးဘူး။ ကောင်းကောင်းမွန်မွန်တော့ ထားတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတော့ ပေးတယ်။ စိတ်ထဲမှာတော့ ခံစားရတယ်။ သက်ကြီးရွယ်အိုတွေ၊ လူကြီးလူကောင်းတွေပါ။ အခုလိုခေါ်ထားတော့ နှိပ်စက်သလိုဖြစ်နေတာပေါ့” ဟု  ဦးခင်မောင်ဝင်းက ပြောသည်။ 

တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို နီးစပ်ရာမြို့နယ်များရှိ တပ်များတွင် ထိန်းသိမ်းထားပြီး မဲစာရင်းနှင့်ပတ်သက်ပြီး ခေါ်ယူမေးမြန်းဖွယ်ရှိသည်ဟု ကော်မရှင်အဖွဲ့ဝင်များက ဆိုသည်။

ခလရ ၂၇ တပ်တွင် တစ်ပတ်နီးပါးကြာ ထိန်းသိမ်းခံနေရဆဲဖြစ်သည့် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဒေါ်ခင်သန်းမြင့်က “ကျွန်မတို့က ဘယ်သူ့မှ မျက်နှာလိုက်ပြီး မလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ အမှန်ကို အမှန်အတိုင်းပဲ ဖြစ်ရမှာပါ။ မသမာမှုလုပ်ခဲ့တာမှ မဟုတ်တာ။ အမှန်အတိုင်းပဲ ဖြေဆိုသွားမှာ။ ပြည်သူအတွက် လုပ်ပ်တဲ့လုပ်ငန်းပဲ ၊ အမှန်အတိုင်းဖြစ်ရမှာပဲ” ဟု ပြောသည်။ 

၎င်းနှင့်အတူ မအူပင်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှစ်ဦး၊ မြို့နယ် ကော်မရှင်အဖွဲ့ဝင် နှစ်ဦးနှင့် ကျိုက်လတ်မြို့နယ်မှ ကော်မရှင်အဖွဲ့ဝင်နှစ်ဦးတို့ကို ထိန်းသိမ်းထားကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကိုလည်း သက်ဆိုင်ရာ မြို့နယ်များအနီးရှိ တပ်များတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။  

ကော်မရှင်အဖွဲ့ဝင်များအား ရဲနှင့် လုံခြုံရေးတပ်ဖွဲ့များက လာရောက်ခေါ်ဆောင်သည့် ဖြစ်စဉ်များရှိသလို လာရောက်ရန် အကြောင်းကြားသည့်နေရာသို့ ရောက်သည်နှင့် ဖမ်းလိုက်သည့် ဖြစ်စဉ်များလည်း ရှိသည်။ 

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလင်းကျော်သည် နေပြည်တော်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသစ်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီးအပြန် ချင်းပြည်နယ်ရှိ တပ်သို့ ကိုယ်တိုင်သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။ 

“ကျွန်တော်ကတော့ နေပြည်တော်က ပြည်ထောင်စုဥက္ကဋ္ဌကြီးဆီ သွားတွေ့တာကို။ သွားတွေ့တဲ့အတွက် အပြန်မှာ ကိုယ့်ဟာကိုယ်ဝင်လိုက်တာ။ မဝင်လည်း လာခေါ်ဦးမှာပဲလေ။ အခု (စစ်ကောင်စီမှ ရွေးချယ်ထားသည့်) ဥက္ကဋ္ဌ ၊ ဥက္ကဋ္ဌအသစ်နဲ့တွေ့တာပါ။ အဲ့ဒါတော့ လုပ်ငန်းစဉ်တွေဖြစ်တော့လေ။ အဲ့ဒါတော့ မပြောချင်သေးပါဘူး”ဟု ဆိုသည်။  

အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများအား စစ်တပ်နှင့် ရဲက ဖမ်းဆီးသည့် ဗီဒီယိုများလည်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံနေသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများရှိနေသည်ဟု စွပ်စွဲချက်ဖြင့် ဖေဖော်ဝါရီ ၁ တွင် နိုင်ငံတော်အာဏာကို တပ်မတော်က သိမ်းယူလိုက်ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။ 

ထို့သို့ တပ်မတော်ဘက်က ဆိုသော်လည်း ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်တွင်းပြည်ပမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။ 

နို၀င်ဘာရွေးကောက်ပွဲကို ပြည်သူအများအပြား မဲပေးခဲ့ကြသော်လည်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ အများစုနိုင်ထားသည့် ထိုရလဒ်ကို လျစ်လျူရှုပြီး ရွေးကောက်ပွဲအသစ် ပြုလုပ်မည်ဟု ကြေညာထားသည်။

ရွေးကောက်ပွဲရလဒ် လျစ်လျူရှုသည့်ဖြစ်စဉ်ကို ၁၉၉၀ တွင်လည်း တွေ့ခဲ့ရသည်။ ထိုစဉ်က NLD အပြတ်အသတ်နိုင်သော်လည်း စစ်တန်းလျားပြန်မည်ဟု ကတိပြုခဲ့သော ဗိုလ်ချုပ်ကြီးများက အာဏာကို နှစ် ၂၀ ကြာ ဆုပ်ကိုင်ပြီးမှ ၎င်းတို့စိတ်ကြိုက်ပါတီလက်ထဲ အာဏာအပ်ခဲ့သည်။

Show More

Related Articles

Back to top button