သတင်း

ရခိုင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး မိုင်းရှင်းလင်းနေဟု ဆို

နှစ်နှစ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်တွင် တပ်မတော်က မိုင်းရှင်းလင်းရေး စတင်လုပ်ဆောင်နေပြီဖြစ်သည်။ 

အမ်း- စစ်တွေ ပြည်ထောင်စုလမ်းမကြီးနှင့် ရသေ့တောင်မြို့နယ် မေယုကမ်း၊  အငူမော်ဆိပ်ကမ်းမှ မောင်တောမြောက်ပိုင်း ခမောင်းဆိပ်သို့ ဆက်သွယ်ထားသော ကားလမ်းမကြီး လမ်းဘေးဝဲယာများကို ရှင်းလင်းနေခြင်း ဖြစ်သည်။

“ မနေ့ (ဖေဖော်ဝါရီ ၁၅) ကနေ စလုပ်တာ။ တို့ မဟာဗျူဟာလမ်းပေါ့ကွာ။ စစ်တွေ-အမ်း အဲဒီအထိလုပ်မှာ။ အမ်းဘက်က လုပ်လာတာလည်း ရှိတယ်။ စစ်တွေ- အမ်း လမ်းကြောင်းကြီးကို ရှင်းမယ်” ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးမင်းသန့်က ပြောသည်။

အနီးအနားကျေးရွာများမှ အကူအညီတောင်းခံပါက မိုင်းရှင်းလင်းရေးများလုပ်ဆောင်ပေးမည်ဟု ၎င်းက ဆိုသည်။ 

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ၂၀၁၈ နှောင်းပိုင်းမှစ၍ ၂၀၂၀ နိုဝင်ဘာအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လူ ၂ သိန်းကျော် နေရပ်စွန့်ခွာကာ စစ်ရှောင်ခဲ့ရသည်။ 

စစ်ပွဲကာလအတွင်း ထိခိုက်သေဆုံးသူများ ရှိခဲ့သည့်အပြင် တပ်မတော်က AA သံသယဖြင့် ခေါ်ယူစစ်ဆေးမှုများ၊ ဖမ်းဆီးမှုများ၊ တရားစွဲဆိုမှုများ ရှိခဲ့သည်။ ဒေသခံလူထုသည် မိုင်းအန္တရာယ်နှင့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များအန္တရာယ်ပါ ရင်ဆိုင်ခဲ့ရသည်။ 

ထို့နောက် AA နှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည်ဟုဆိုကာ ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ မှစ၍ တိုက်ပွဲများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၏ မြို့နယ်အများအပြား လုံခြုံရေးအကြောင်းပြကာ ရွေးကောက်ပွဲမပြုလုပ်ခဲ့ဘဲ နေရာအများစုတွင် ရခိုင်အမျိုးသားပါတီ (ANP) က အနိုင်ရခဲ့သည်။ 

ဖေဖော်ဝါရီ ၁ တွင် မဲစာရင်း မှားယွင်းသည်ဟု ဆိုကာ နိုင်ငံတော်အာဏာကို တပ်မတော်က ရယူလိုက်ပြီးနောက် စစ်ကောင်စီဖွဲ့စည်းကာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးမည်ဟု ဆိုခဲ့သည်။ ရခိုင်အမျိုးသားပါတီမှ ဒေါ်အေးနုစိန်ကို နိုင်ငံတော်ကောင်စီအဖွဲ့ဝင်အဖြစ် ပေးအပ်ခဲ့သည်။ 

ထို့နောက်တွင်မူ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။ 

လတ်တလောတွင် လမ်းများရှင်းလင်းနေခြင်းဖြစ်ပြီး နောက်တစ်ဆင့်အနေနှင့် လိုအပ်သည့် နေရာများကိုပါ ထပ်မံရှင်းလင်းသွားမည်ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း ဒုဗိုလ်မှူးကြီးနေထွန်းလှိုင်က ပြောသည်။

“ဒီ ပြည်နယ်အတွက် ကောင်းဖို့အတွက်လုပ်တာပဲလေ။ အားလုံးလည်း အေးအေးချမ်းချမ်းနဲ့ ဒီလိုပဲ ရှင်းလင်းပေးသွားမယ်ဆိုပြီး ယူဆပြီးလုပ်တာပါခင်ဗျာ” ဟု ဒုဗိုလ်မှူးကြီးနေထွန်းလှိုင်က ပြောသည်။

တိုက်ပွဲများဖြစ်ပွားခဲ့သော ရသေ့တောင်မြို့နယ် အငူမော်-မောင်တောကားလမ်းဘေးရှိ ချိန်ခါလိန်ကျေးရွာအနီး ယနေ့ မိုင်းရှင်းလင်းစဉ် မပေါက်ကွဲဘဲကျန်ရှိနေခဲ့သည့် စစ်ကျန် လက်နက်ကြီးကျည်တစ်လုံးနှင့် လက်နက်ကြီးကျည်အစအနများကို တွေ့ရှိခဲ့ကြောင်း ချိန်ခါလိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောသည်။

“ကျွန်တော်တို့ချိန်ခါလိန်ကျေးရွာ ရဲစခန်းအထက်က တောင်ပေါ်မှာ တစ်လုံးတွေ့တယ်။ အာပီဂျီအသီးဆိုလား မပေါက်ကွဲဘဲနဲ့ ကျန်ခဲ့တာ။ မိန်းကလေးတွေက နောက်တစ်လုံးတွေ့တယ်လို့ပြောလို့ သွားကြည့်တဲ့အချိန်မှာ ပေါက်ကွဲသွားတဲ့အစတွေကို ရတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ၊ ဇူလိုင် ၁၃ က ချိန်ခါလိန်ကျေးရွာအနီးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းရှောင်ခဲ့ရခြင်း ဖြစ်သည်။

ရသေ့တောင်မြို့နယ် ပေါက်တောပြင်၊ အောင်ဗလ၊ ဆင်ပိုက်၊ သာစည်ကုန်း စသည့် ကျေးရွာအနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၅ က မိုင်းရှင်းလင်းစဉ် မပေါက်ကွဲသေးသော စစ်ကျန်လက်နက်ခဲ့ယမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

မိုင်းရှင်းလင်းရေးများလုပ်ဆောင်နေသည်မှာ နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် စစ်ဘေး‌ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီး ဒုဗိုလ်မှူးကြီးနေထွန်းလှိုင်က ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နှစ်နှစ်ကျော်ကြာ စစ်ပွဲကာလအတွင်း စစ်ဘေးရှောင် တစ်သိန်းရှစ်သောင်းကျော်သည် စစ်ဘေးရှောင်စခန်းတွင် ဆက်လက်ခိုလှုံနေရဆဲဖြစ်သည်။ 

မိုင်းများရှင်းလင်းပေးနေသော်လည်း ကျေးရွာအနီး တပ်မတော်စစ်ကြောင်းရှိနေသရွေ့ နေရပ်မပြန်ရဲကြောင်း ရသေ့တောင်မြို့ စေတီတောင်အနောက်စစ်ဘေးရှောင်စခန်းသို့ လာရောက်ခိုလှုံနေသည့် ဆောက်ခတ်ကျေးရွာမှ ဦးသိန်းစိုးအောင်က ပြောသည်။

“မိုင်းရှင်းချင်သလောက်ရှင်း လက်ရှိ ကျွန်တော်တို့ ဆောက်ခတ်၊ ထီးစွဲ၊ အမျက်တောင်ကျေးရွာအထဲက သူတို့ (တပ်မတော်) ထွက်ခွာမပေးရင် ကျွန်တော်တို့မသွားရဲဘူး။ သူတို့ ဆုတ်ခွာလို့ မိုင်းရှင်းပေးရင်တော့ ကျွန်တော်တို့ ပြန်မယ်။ လက်ရှိ သူတို့ ဆောက်ခတ်၊ ထီးစွဲမှာရှိနေတော့ ကျွန်တော်တို့ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုသွားရဲမှာလဲ”ဟု ဦးသိန်းစိုးအောင်က ပြောသည်။

တပ်မတော်စစ်ကြောင်းများမှာ လက်ရှိအချိန်ထိ ရသေ့‌တောင်မြို့နယ် ကျောက်တန်းနယ်မြေအတွင်းတွင် ဆက်လက်ရှိနေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကျန်လက်နက်များနှင့် မြေမြှုပ်မိုင်းများ၏ အန္တရာယ်များအပြင် နေရပ်ရွာများမှာ တိုက်ပွဲများကြောင့် မီးလောင်ပျက်စီးမှုများ ရှိနေသောကြောင့် ပြန်လည်နေထိုင်ရေး အခက်တွေ့နေသည်။ 

တပ်မတော်က ဆုတ်ခွာသွားပြီး မိုင်းများလည်းရှင်းလင်းပြီးစီးသွားသော်လည်း နဂိုမူလနေရပ်ပြန်လျှင် စားရေး၊ သောက်‌ရေးနှင့် ဟောင်းအိုသွားသည့် နေအိမ်များကို ပြုပြင်ရန်လည်း အခက်အခဲအများကြီးရှိနိုင်ကြောင်း ဦးသိန်းစိုးအောင်က ဆိုသည်။

နှစ်နှစ်တာ စစ်ပွဲများကာလအတွင်း ရခိုင်မြောက်ပိုင်းတွင် လက်နက်ကြီးကျည်စထိမှန်မှုနှင့် မြေမြှုပ်မိုင်းနင်းမိမှု ကြောင့် သေဆုံးသွားသွားသူ ၄၁ ဦးနှင့် ဒဏ်ရာရရှိသွားသူ ၇၇ ဦး ရှိကြောင်း စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏ စာရင်းအရ သိရသည်။

Show More

Related Articles

Back to top button