
ရုံးမတက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သော ဧရာဝတီတိုင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၃၀ ကို နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ချိုးဖောက်သည်ဆိုကာ တာဝန်မှ ရပ်ဆိုင်းလိုက်သည်။
၎င်းတို့သည် မော်ကျွန်းနှင့် ကျိုက်လတ်မြို့နယ်တို့မှ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ နှင့် ၁၄ တွင် တာဝန်ရပ်ဆိုင်းခံရခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM (Civil Disobedience Movement) တွင် ပါဝင်ခဲ့သော မော်ကျွန်းမြို့နယ်ထွေအုပ်ရုံးမှ ၂၆ ဦး ၊ ကျိုက်လတ်မှ ထွေအုပ်ဝန်ထမ်း ၄ ဦး တို့ဖြစ်ပြီး အကြီးတန်းစာရေးမှ ရပ်/ကျေး အငယ်တန်းစာရေးအဆင့်ထိ ပါဝင်ကြသည်။
သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများက ထုတ်ပြန်သော အလုပ်ရပ်ဆိုင်းစာတွင် “နိုင်ငံ့ဝန်ထမ်းများသည် CDM ကဲ့သို့သော လှုပ်ရှားမှုများ၌ ပါဝင်ကာ ဓာတ်ပုံရိုက်၍ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခြင်း၊ အကြောင်းအမျိုးမျိုးပြ၍ လုပ်ငန်းခွင့်သို့ လာရောက်ရန် ပျက်ကွက်ခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် ဆက်နွှယ်ပါဝင်ပတ်သက်ခြင်း စသည့်ကိစ္စရပ်များကြောင့်”ဟု ပါရှိသည်။
အုပ်ချုပ်ရေးယန္တရားတွင် အဓိကကျသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ယခင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင်ရှိသော်လည်း NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ခဲ့သည်။
လိုက်လံဖမ်းဆီးမှုများရှိနေသောကြောင့် CDM တွင် ပါဝင်သော အဆိုပါဝန်ထမ်း ၃၀ ဦးမှာ တိမ်းရှောင်နေရပြီး ၎င်းတို့ နေထိုင်စားသောက်ရေးနှင့် လုံခြုံရေးအတွက် ကူညီပေးရန် စီစဉ်နေကြောင်း ဒီချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင် မော်လမြိုင်ကျွန်းမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းက ပြောသည်။
ကျိုက်လတ်မြို့နယ် ထွေအုပ်ဝန်ထမ်း ၄ ဦးလည်း ဖေဖော်ဝါရီ ၁၄ တွင် အလုပ်ရပ်ဆိုင်းခံရပြီး ၎င်းတို့အနက် အကြီးတန်းစာရေးတစ်ဦးသည် ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ် ရရှိထားသူ ဖြစ်သည်။
“ပြည်သူတွေ ခံစားနေရတာကို ကိုယ်လည်းထပ်တူ ခံစားပြီးတော့မှ ဒီဆန္ဒဖော်ထုတ်ပွဲမှာ ဝင်ပါလိုက်တာ”ဟု အလုပ်ရပ်ဆိုင်းခံရသည့် လုပ်သက် ၂၈ နှစ်ရှိ ကျိုက်လတ်မြို့နယ် ထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောသည်။
“ကိုယ့်ကိုယ်ကို ဂုဏ်ယူပါတယ်။ နောင်တလည်းမရပါဘူး။ မလုပ်ခင်က ပထမဆုံးစဉ်းစားခဲ့တယ်။ ဘာလို့လည်းဆိုတော့ လုပ်သက်က ၂၈ နှစ်ရှိနေပြီ။ အသက်ကလည်း ၅၁ ကျော်သွားပြီ။ အခုဆိုရင် လျှော့ပေါ့ပင်စင်ယူလို့ရပြီ။ အဲ့ဒါတွေလည်း မမျှော်ကိုးတော့ဘူး”
သက်ဆိုင်ရာမြို့နယ်များ၏ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးများထံ ဝန်ထမ်းတချို့ အလုပ်နားခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ဖုန်းဆက်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိကြပေ။
CDM တွင် ပါဝင်သည့် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှ ထွေအုပ်ဝန်ထမ်းတစ်ဦးက ထိုသို့ အလုပ်ရပ်ဆိုင်းမှုများရှိနေသော်လည်း ပါတီအရေးမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သောကြောင့် ဆက်လက်ဆန္ဒပြမည်ဟု ဆိုသည်။
“ဒါက ပါတီအရေးကိစ္စတွေလည်း မဟုတ်ဘူး။ ဒါက နိုင်ငံ့အရေးဆိုတော့လေ။ ကိုယ်က လယ်သမားသားသမီးဆိုတော့ အရင်ခေတ်က စနစ်ကို မကြိုက်ဘူး။ ကိုယ့်လယ်က ထွက်တဲ့စပါးလည်း ကိုယ် ကောင်းကောင်းမသုံးရဘူး။ တာဝန်ကျေ မဖြစ်မနေဘယ်လောက်ဆိုပြီး ရောင်းရတယ်၊ နေကြာတွေ စိုက်ရတယ်။ အဲ့လိုမျိုးဖိနှိပ်မှုတွေ၊ အတန်းအစားခွဲခြားမှုတွေက ကိုယ့်မိဘတွေကြုံခဲ့ရတော့ အဲ့ဒီခေတ်ကို ပြန်မရောက်ချင်ဘူး”ဟု ပြောသည်။
၎င်းတို့ရုံးမှ ဝန်ထမ်း ၉ ဦးသည်လည်း CDM လှုပ်ရှားမှုတွင် ပါဝင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ မြို့ကြီးများနှင့် ဒေသအနှံ့တွင် စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြမှုများ ပျံ့နှံ့နေရာ ကျန်းမာရေးဌာနဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာကြပြီး ထွေအုပ်နှင့် အခြားဌာနများမှ ဝန်ထမ်းများလည်း ပါဝင်လာခြင်း ဖြစ်သည်။
ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့ ထွေအုပ်ဝန်ထမ်း ၁၀၀ ကျော်သည် ရုံးမတက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေပြီး တီးတိန်မြို့နယ် ထွေအုပ်ဝန်ထမ်း ၃၀ ကျော်အနက် သုံးပုံနှစ်ပုံက အာဏာဖီဆန်ကြောင်း လှုပ်ရှားမှုတွင်ပါဝင်နေသူများထံမှ သိရသည်။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ ထွေအုပ်ဝန်ထမ်းများကလည်း ဖေဖော်ဝါရီ ၁၀ က ဆိုင်ကယ်များဖြင့် မြို့တွင်း စီတန်းလှည့်ဆန္ဒပြခဲ့သည်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ရုံးစိုက်ရာ မုံရွာမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၄ ဦးက CDM တွင် ပါဝင်ခဲ့သည်။
အာဏာဖီဆန်သည့် လှုပ်ရှားမှုတွင် ဌာနဆိုင်ရာများဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံခြားရေး၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပြန်ကြားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်စသည့် ဝန်ကြီးဌာနများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းများအထိ ပါဝင်နေသည်။
CDM တွင် ပါဝင်သော ကရင်ပြည်နယ်၊ ဖာပွန်မှ ထွေအုပ်ဝန်ထမ်းတစ်ဦးလည်း ယမန်နေ့က အလုပ်မှ ရပ်ဆိုင်းခံထားရသည်။
“ထောင်ချပစ်မယ်တို့၊ အလုပ်ဖြုတ်ပစ်မယ်တို့ ဒါမျိုးတွေတော့ ခြိမ်းခြောက်မှုတွေ ရှိနေတယ် ”ဟု ၎င်းထွေအုပ်ဝန်ထမ်းက Myanmar Now ကို ပြောသည်။
၎င်းနှင့်အတူ CDM တွင် ပါဝင်လိုသည့် ထွေအုပ်ရုံးဝန်ထမ်းများရှိနေသော်လည်း အထက်အရာရှိများ၏ ခြိမ်းခြောက်မှုအချို့ ရှိနေသဖြင့် မဝံ့မရဲဖြစ်နေကြသည်ဟု ၎င်းကပြောသည်။
အချို့ထွေအုပ်ဝန်ထမ်းအချို့မှာလည်း စစ်ကောင်စီအောက်တွင် တာဝန်မထမ်းဆောင်လိုဟု ဆိုကာ နုတ်ထွက်နေကြသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၃ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ၁၃ ဦး ဖေဖော်ဝါရီ ၁၀ မှစ၍ နုတ်ထွက်ခဲ့ကြသည်။
ဖေဖော်ဝါရီ ဒုတိယအပတ်အထိ CDM တွင် ပါဝင်သော ဝန်ထမ်း နှစ်သိန်းကျော်ထိ ရှိနေပြီဖြစ်ကြောင်း 7Day သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အစိုးရ အဖမ်းအဆီးခံ၊ အာဏာသိမ်းခံရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရအမတ်များဖြင့် ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကမူ အာဏာဖီဆန်သူများကို အားပေးလိုက်ပြီး အနာဂတ်အတွက် အလုပ်အကိုင်ဆိုင်ရာ အာမခံချက်အတွက်လည်း ကတိပေးလိုက်သည်။
အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့်သူများ မူလအလုပ်တာဝန် ရာထူးတည်မြဲရေးအတွက် အာမခံချက် အပြည့်အဝပေးနိုင်စေရန် ဥပဒေပြဋ္ဌာန်းမည်ဟု ကော်မတီ၏ ဖေဖော်ဝါရီ ၁၁ ကြေညာချက်က ဆိုသည်။