နိုင်ငံအနှံ့ စစ်မီးဝိုင်းနေသည့် စစ်ကောင်စီသည် နေအိမ်များအထိ လိုက်လံ စစ်သားစုဆောင်းနေသဖြင့် ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် လူငယ်လူရွယ်များ အိမ်တွင် ညမအိပ်ရဲဘဲ တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောကြသည်။
ယခင်လနောက်ဆုံးပတ်က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့အဝင် တောင်ဘက် ၂ မိုင်ခန့်အကွာ သဲပြင်ကျေးရွာတွင် အုပ်ချုပ်ရေးအဖွဲ့များနှင့် ယူနီဖောင်းဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညအချိန် ဝင်ရောက်၍ စစ်မှုထမ်းဥပဒေနှင့် ကိုက်ညီသော လူငယ်လူရွယ်များကို ဝင်ရောက်ရှာဖွေခဲ့ကြသည်။
ထို့ကြောင့် ညတွင်းချင်းပင် ရွာထဲမှ လူငယ်အမျိုးသားများသည် ပြောင်းခင်းများထဲသို့ ဝင်ပုန်း၍ တိမ်းရှောင်ခဲ့ကြရသည်ဟု အဆိုပါရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“လူငယ်တွေက တောထဲကို ထွက်ကြတဲ့သူများတယ်။ ညပိုင်းဆို တောထဲ သွားတဲ့သူကများတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသမီးက ဆိုသည်။
စစ်သားလိုက်လံစုဆောင်းသူတို့ လာသည့်သတင်းကြောင့် လူငယ်များနှင့် မိဘတို့ မလုံခြုံမှုပြဿနာကို ရင်ဆိုင်နေရကြောင်း၊ ညနေမှောင်ရီပျိုးချိန် ခြောက်နာရီဆိုလျှင် လမ်းမပေါ်တွင် လူမရှိကြတော့ဘဲ တောဈေးကားများလည်း မြို့ပေါ်ထိ မသွားရဲလောက်အောင် ကြောက်ရွံ့ထိတ်လန့်နေကြရကြောင်း ၎င်းက ဆက်ပြောသည်။
“လူငယ်တွေက လမ်းထိပ်ကိုလည်း မထွက်ရဲဘူး။ ရွာထဲမှာလည်း တိတိဆိတ်ဆိတ် မနေရဲဘူးပေါ့။ လူကြီးလူငယ် တော်တော်လေးကြောက်ကြတယ်။ (စစ်မှုထမ်းအတွက်) ဆွဲတာလည်း တော်တော်ကြမ်းလို့လေ။ လူတိုင်းက တွေ့နေ ကြားနေတာဆိုတော့လေ” ဟု ၎င်းက ပြောသည်။
တောင်တွင်းကြီးမြို့အဝင်ရှိ အဆိုပါ သဲပြင်ရွာသည် မကွေး-နေပြည်တော်သွားသည့် အဝေးပြေးကားလမ်းမဘေးတွင် တည်ရှိပြီး အရှေ့တောင်ဘက်တွင် နေပြည်တော်နှင့် မိုင် ၆၀ ကျော်အကွာ၊ အနောက်မြောက်တွင် မကွေးမြို့နှင့် မိုင် ၅၀ ကျော် အကွာအဝေးတွင် တည်ရှိသည်။

ရှေ့တန်းစစ်ဆင်ရေးနယ်မြေတွင် အထမ်းသမားအဖြစ် ခိုင်းစေ အသုံးချရန် စစ်တပ်က လိုက်လံ ဖမ်းဆီးခြင်းကို ပေါ်တာဆွဲသည်ဟု နိုင်ငံအနှံ့တွင် ခေါ်ဆိုကြပြီး ယခု စစ်သားသစ်ရရန် လိုက်လံ ဖမ်းဆီးခြင်းကိုလည်း ပေါ်တာဆွဲသည်ဟုပင် ပြောဆိုကြသည်။
ဩဂုတ် နောက်ဆုံးအပတ်က တောင်တွင်းကြီးမြို့နယ် ဥယျာဉ်စု၊ သဲပြင်၊ ညောင်ပင်လှ၊ နင်စင်ကုန်း၊ ဇီးကုန်း စသည့် ကျေးရွာတချို့တွင် အမျိုးသား ၁၀ ဦးထက်မနည်း စစ်မှုထမ်းအတွက် အဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခံရပြီး တချို့မှာမူ ကျပ်သိန်းဆယ်ချီပေး၍ ပြန်လွတ်လာကြကြောင်း တောင်တွင်းဒေသခံနှစ်ဦး က ပြောသည်။
စစ်ကောင်စီလက်နက်ကိုင်တို့ စစ်သားစုဆောင်းသည့် နည်းလမ်းမှာ လမ်းတွင်တွေ့သည့် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု တောင်တွင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“သဲမှာတဲ့သူလိုက်ပို့ရင်း သဲကားနဲ့ပါတဲ့ ၆ ယောက် အဖမ်းခံလိုက်ရတယ်၊ ရွာကနေ မကွေးမြို့သွားရင်း မှတ်ပုံတင်စစ်ပြီး မပါရင် ဖမ်းထားလိုက်တာတွေလည်းရှိတယ်” ဟု သူက ပြောသည်။
အလားတူ ပဲခူးတိုင်းအရှေ့ခြမ်း ရေတာရှည်မြို့နယ်ရှိ ကျေးရွာအချို့တွင် အိမ်အထိ လိုက်လံ ခေါ်ယူနေသဖြင့် တိမ်းရှောင်နေကြရသည်ဟု ဒေသခံနှစ်ဦးက ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ၎င်းတို့ ကွင်းဆင်း စုဆောင်းမည့်အစီအစဉ်ကို ကြိုတင် အသိပေးထားသည် ဟု ရေတာရှည်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“အုပ်ကြီးကလည်း ဝင်ဆွဲမယ်၊ ကိုယ်ဘာသာရှောင်လို့ ပြောထားတော့၊ လူငယ်တွေက ညဘက်ရောက်ရင် တောထဲနေတာ အန္တရာယ်ကင်းတယ်ဆိုပြီး နေတဲ့သူကနေ၊ ကားဆိုင်ကယ်အသံကြားမှ လယ်ကွင်းယာကွင်းထဲ ပြေးပုန်းတဲ့သူက ပုန်းကြတာ” ဟု သူက ဆိုသည်။
“သစ်ပင်ပေါ် တက်ပြေးတာတွေလည်း ရှိတယ်”
၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းသည့် စစ်တပ်က ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ နိုင်ငံအနှံ့တွင် လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသည်။ ကုလသမဂ္ဂ၏ မေလ ၄ ရက်နေ့ ထုတ်ပြန်ချက်တစ်ခုတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော် ရှိနေသည်ဟု ဖော်ပြထားသည်။
စစ်သည်အင်အား အကြီးအကျယ် လိုအပ်လာသည့် စစ်ကောင်စီသည် အရွယ်ရောက်သူ အမျိုးသားတိုင်း စစ်မှုထမ်းရမည့် ဥပဒေကို ယခုနှစ် ဖေဖော်ဝါရီလ တွင် စတင် အသက်သွင်းလိုက်ပြီး စစ်သားစုဆောင်းခဲ့သည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ အသက် ၁၈ နှစ်မှ ၂၇ နှစ် အတွင်း အမျိုးသမီးများသည် ၂ နှစ်မှ ၅ နှစ်အတွင်း စစ်မှုထမ်းရမည်ဖြစ်သည်။
ပြည်ပသို့ လူငယ်များအလုံးရင်းဖြင့် ထွက်ခွာခဲ့ရာ ၃၅ နှစ် အောက် အမျိုးသားများကို နိုင်ငံတွင်းမှ ထွက်ခွာခွင့် မရရန် နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ်တားမြစ်နေသည်။
လက်ရှိတွင် ပြည်ပသို့ ထွက်ရန်ခက်ခဲနေသူများ၊ လက်နက်မကိုင်နိုင်သည့် လူငယ်များအနေဖြင့် စစ်ကောင်စီလက်မှ လွတ်ရန် ပြည်တွင်းတွင် လှည့်ပတ်တိမ်းရှောင်နေကြရပြီး လမ်းပေါ်နှင့် နေအိမ်များ တွင်လည်း ပေါ်တာဆွဲခံရသည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။
လက်ရှိတွင် စစ်ဗိုလ်ချုပ်ကြီးများ အခြေစိုက်သည့် နေပြည်တော်မှ စားသောက်ဆိုင်ဝန်ထမ်းများ၊ ရန်ကုန်မြို့ရှိ စက်မှုဇုန်အထည်ချုပ်လုပ်သားများကိုပါ စစ်မှုထမ်းအတွက် စစ်ကောင်စီက ပစ်မှတ် ထားလာ၍ လူငယ်အများစု တိမ်းရှောင်နေကြရသည်။
ထို့ကြောင့် ပြည်တွင်းအလုပ်အကိုင်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင်ပါ လုပ်သား၊ ဝန်ထမ်း ရှားပါးမှုကိုပါ ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ရာနှင့်ချီသော လမ်းသွားလမ်းလာများကို ဖမ်းဆီးပြီးနောက် စစ်ထဲသွင်းနေပြီး မန္တလေးတိုင်းထဲ တွင်လည်း အရပ်သား ၁၀၀ ဦးကို စစ်တပ်က ပေါ်တာဆွဲခဲ့ကြောင်း၊ ထိုအထဲမှ ၄၅ ဦးကို စစ်သင်တန်းသို့ အတင်းအကျပ် ပို့ခဲ့ကြောင်း စစ်တပ်ဘက်တော်သား ပေါက်ကိုယ်တော် ဆိုသူက ဩဂုတ်လအတွင်း ဝန်ခံပြောဆိုထားသည်။
လမ်းပေါ် ပေါ်တာဆွဲသည့်သတင်းများကို သတင်းဌာနများက ထုတ်ဖော်ရေးသားခဲ့သော်လည်း ထို သတင်းများသည် လုပ်ကြံဖန်တီးမှုများသာ ဖြစ်ကြောင်း စစ်တပ်က မကြာခဏတုံ့ပြန်လေ့ရှိသည်။
ယခုအခါ ၃၅ နှစ်အထက် အမျိုးသားများလည်း လိုအပ်လျှင် ပြည်သူ့လုံခြုံရေးအဖွဲ့ တွင် ပါဝင်ရမည်ဟု စစ်ကောင်စီက ဆိုလာသည်။
ရှမ်းမြောက်ဒေသတစ်ခုလုံးနီးပါး၊ မန္တလေးမြောက်ဘက် ၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့ရှိ မြို့ကြီးများ၊ နယ်စပ်ကုန်သွယ်ရေးမြို့များကို စစ်တပ်က လက်လွှတ်လိုက်ရပြီး စစ်စခန်းအများအပြား ဆုံးရှုံးထားရသည်။
စစ်သားစုဆောင်းရေးလုပ်ငန်းကို အောက်ခြေသိမ်း လုပ်ကိုင်ရသူများမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဖြစ်ကြသည်။
စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တယား ကောင်းစွာ မလည်ပတ်နိုင်သည့် နယ်မြေ ပိုမို များပြားလာရာ စစ်တပ်က ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် စစ်သားစုဆောင်းရေး လုပ်ငန်းကို လူဆိုးဖမ်းသည့် စစ်ဆင်ရေးသဖွယ် လုပ်ဆောင်လာရသည်။



