ဆောင်းပါး

ရန်ကုန်၏ အန်တုမှု ဆက်လက်အားကောင်း

စစ်အာဏာသိမ်းထားသည်မှာ ၁၀ ရက်ကျော်ကြာမြင့်လာသလို ရန်ကုန်မြို့ရှိ အလွှာပေါင်းစုံပါဝင်သော စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကြီးမှာလည်း ယနေ့(ဖေဖော်ဝါရီ ၁၁ ရက်)အထိ အရှိန်အဟုန်ဖြင့် ဆက်လက်အားကောင်းနေဆဲဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က နိုင်ငံ့ခေါင်းဆောင်များနှင့် ရွေးကောက်ခံလွှတ်တော်အမတ်များကို ဖမ်းဆီးလိုက်ပြီး စစ်အာဏာသိမ်းယူလိုက်သည်။ 

မြန်မာနိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်ကောင်စီကို ဆန္ဒပြနေသည့် မြို့နယ်များအတွင်း ရန်ကုန်မြို့သည် အားအပြင်းဆုံးဆန္ဒပြပွဲများကို ဆင်နွှဲနေသည်။

ရန်ကုန်မြို့၏ ပထမဆုံးဆန္ဒပြပွဲများကို အာဏာသိမ်းအပြီး ၆ ရက်အကြာ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လှိုင်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်အပါအဝင် ရန်ကုန်ရှိ မြို့နယ်တချို့တွင် စတင်ခဲ့သည်ကို တွေ့ရသည်။

လူထုအုံကြွမှုသည် ရန်ကုန်မြို့ရှိ မြို့နယ်အနှံ့အပြားသို့ အလျင်အမြန်ကူးစက်သွားသလို Civil Disobedience Movement – CDM ဟုခေါ်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ဌာနပေါင်းစုံဝန်ထမ်းများကြား တဖြည်းဖြည်းပျံ့နှံ့လာကာ အစိုးရဝန်ထမ်းများ ရုံးမတက်ကြရန် လှုံ့ဆော်လာကြသည်။  

ရန်ကုန်တစ်မြို့လုံးဆန္ဒပြမှု သီတင်းတစ်ပတ်ရှိလာသည့် ယနေ့တွင် တာမွေ၊ ကမာရွတ်၊  စမ်းချောင်း စသည့် မြို့နယ်များနှင့် ရန်ကုန်မြို့လယ်ကောင် ဆူးလေတို့တွင် သိန်းချီသည့် ပြည်သူများက လမ်းပေါ်ဆက်ထွက်လာသလို မြို့နယ်အလိုက် ဆန္ဒပြလှုပ်ရှားမှုများလည်း ရှိနေသည်။

ထိုနေရာများသည် ဦးနေဝင်း၊ ဦးသန်းရွှေ စသည့် စစ်ခေါင်းဆောင်များ အာဏာယူထားစဉ်က နိုင်ငံရေးလှုပ်ရှားအုံကြွမှုများ ပေါ်ပေါက်ခဲ့သည့် နေရာများလည်း ဖြစ်သည်။

ရန်ကုန်မြို့အနှံ့ ဖြန့်ခွဲဆန္ဒပြမှုများရှိလာသည့်အတွက် ဆူးလေအနီးတဝိုက်တွင် ယခင်ရက်များကဲ့သို့ လူအရေအတွက်မများသော်လည်း ဆန္ဒပြမှုများ ပုံမှန်အတိုင်းရှိနေဆဲဖြစ်သလို ဆန္ဒပြစစ်ကြောင်းများကလည်း လက်ယှက်ထိုး ချီတက်နေကြသည်။

ရန်ကုန်တစ်မြို့လုံး ဆန္ဒပြမှုကို စောင့်ကြည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားလာမှုက လျော့ကျလာသည်ကို တွေ့ရသည်။ 

အနော်ရထားလမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ ဆူးလေခုံးကျော်တံတားအောက်တွင် ထောင်ချီသည့် ဆန္ဒပြသူများက ယခင်အတိုင်း ဆက်လက်ရှိနေပြီး ယခင်ရက်များထက် အဖွဲ့အစည်းပေါင်းစုံနှင့် အစိုးရဝန်ထမ်းများ ပိုမိုပါဝင်လာသည်ကို တွေ့ရသည်။

စွမ်းအင်ဝန်ထမ်းများ၊ မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများလည်း ရာနှင့်ချီ ပါဝင်လာသည်။ အလုံလျှပ်စစ်ရုံးချုပ်မှ အင်အား ၂၀၀၀ ကျော်ရှိသည့် ဝန်ထမ်းများလည်း ဆန္ဒပြမှုတွင် ပူးပေါင်းပြီး မြို့လယ်သို့ ချီတက်လာကြသည်။ ကာတွန်းဆရာများအသင်းမှ အင်အားတစ်ရာကျော်ကလည်း ဆန္ဒပြသူများနှင့် ပူးပေါင်းလာကြသည်။ နာမည်ကျော်ကာတွန်းဇာတ်ကောင်များဖြစ်သည့် တွတ်ပီ၊ ပိုးဇာစသည့် ဇာတ်ကောင်များ လက်သုံးချောင်းထောင်သည့် ပုံများနှင့် ပွဲထွက်လာကြသည်။

ရှေ့နေများက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖေဖော်ဝါရီ ၄ ရက်နေ့ကတည်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြရှေ့နေများထဲမှ တစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်တိုးက အစိုးရကို ဥပဒေနှင့်အညီ တည့်မတ်ပေးရမည့် တာဝန်ရှိသည့်အတွက် ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆိုသည်။

“ပြည်သူ့ရဲ့အခွင့်အရေးကတော့ ပြန်ယူရမှာပဲ။ ဒီဟာက ပြည်သူတစ်ရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စ။ ဥပဒေပညာရှင်တွေရဲ့တာဝန်ဟာ ဥပဒေနဲ့ညီတယ် မညီဘူးကို ပြင်းပြင်းထန်ထန် ပြောပြပေးပြီးပြီ၊ ဒါသည်(စစ်အာဏာသိမ်းမှု) ဥပဒေနဲ့မညီဘူး” ဟု ဦးသန်းဇော်တိုးက ပြောသည်။

ရန်ကုန်မြို့၏ မြောက်ဘက်တွင်ရှိသည့် တာမွေမြို့တွင် ယနေ့မနက်က မြန်မာနိုင်ငံလုံးဆိုင်ရာ အင်ဂျင်နီယာတပ်ပေါင်းစုက အင်အားပြဆန္ဒပြခဲ့ကြပြီး စုစုပေါင်းလူအင်အားမှာ တစ်သိန်းကျော်အထိပင်ရှိသည်။

အင်ဂျင်နီယာတပ်ပေါင်းစုကို ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သည့် ကိုမင်းပျိုကတော့ “ပြည်သူ့အာဏာဆိုတာ ပြည်သူ့ထံမှပဲ သက်ဆင်းရပါတယ်။ ပြည်သူ့ထံမှ သက်ဆင်းလာတဲ့ အာဏာက ပြည်သူတင်မြှောက်ထားတဲ့ အစိုးရမှာပဲ ရှိရပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို ပြန်လိုချင်ပါတယ်” ဟုဆိုသည်။

အင်ဂျင်နီယာတပ်ပေါင်းစုသပိတ်၏ စုရပ်အဖြစ် တာမွေမြို့နယ် Ocean Supermarket ရှေ့ကို သတ်မှတ်ခဲ့ပြီး မနက်အစောပိုင်း တာမွေမြို့တစ်ပတ်လှည့်လည်ကာ နေ့လယ် ၁၂ နာရီခွဲခန့်တွင် လူစုခွဲခဲ့ကြသည်။

ရန်ကုန်သပိတ်ကြီးအတွင်းသို့ လိင်စိတ်ခံယူမှုကွဲပြားသူများကလည်း ဝင်ရောက်ပူးပေါင်းလာကြသည်ကို တွေ့ရသည်။ စမ်းချောင်းမြို့နယ် မြေနီကုန်းအနီးတွင် ပြုလုပ်နေသည့် အထွေထွေသပိတ်ကြီးအတွင်း ဆန်းပြားသည့် ဝတ်စုံများနှင့် မိတ်ကပ်များခြယ်လိမ်းကာ ပါဝင်လာကြသည်။ 

ရန်ကုန်မြို့အနှံ့ဆန္ဒပြပွဲများအတွင်း ပါဖော့မန့်မျိုးစုံကို တွေ့ရသည်။ စကပ်ဝတ် အမျိုးသားငယ် ၂၀၀ ကျော်ကို မြေနီကုန်းအနီးတဝိုက်တွင် တွေ့ရသည်။ ကျောင်းသားများကလည်း မြေနီကုန်းခုံးတံတားအောက်တွင် ရှိနေကြသည်။

ကချင်၊ ရခိုင်၊ ကရင်၊ မွန်၊ ကယား စသည့် တိုင်းရင်းသား ၁၉ မျိုးပါဝင်သည့် တိုင်းရင်းသားလူမျိုးများအထွေထွေသပိတ်ကို ယနေ့မနက် ၉ နာရီမှစ၍ မြေနီကုန်းတွင် စုဖွဲ့ခဲ့ကြပြီး ထောင်နှင့်ချီသည့် တိုင်းရင်းသားများက ရွှေဂုံတိုင်သို့ ချီတက်ခဲ့ကြသည်။

ချီတက်မှုကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါ်နော်အုန်းလှက လက်ရှိအခက်အခဲများကို နည်းလမ်းရှာပြီး ရင်ဆိုင်သွားမည်ဟု ပြောသည်။

“ပြည်သူတွေကိုတော့ တပ်ကလုပ်တာမို့လို့ ကျွန်မတို့ ဝန်းရံပေးရမယ်၊ ပံ့ပိုးပေးရမယ်။ ဒါက ကျွန်မတို့အခွင့်အရေးဖြစ်တယ်၊ တိုင်းရင်းသားတွေအနေနဲ့လည်း ဒီအပေါ်မှာ ဝိုင်းဝန်းပူးပေါင်းကြသင့်တယ်” ဟု ဒေါ်နော်အုန်းလှက‌ ပြောသည်။

တရုတ်သံရုံးရှေ့ဆန္ဒပြမှုတွင် မြန်မာပြည်ဖွား တရုတ်လူမျိုးများအပြင် အနုပညာရှင်များလည်း ပါဝင်သည်။ လူဦးရေတစ်ထောင်ကျော်ရှိသည့် တရုတ်သံရုံးရှေ့ဆန့်ကျင်ကန့်ကွက်မှုအတွင်း တရုတ်သမ္မတရှီကျင့်ဖျင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုပ်သေးကြိုးဆွဲနေသည့် ပုံစံများဖြင့်လည်း ဆန္ဒပြကြသည်။

နတ်ကတော်ဝတ်စုံဝတ်ဆင်ထားသူ ၆၀ ခန့်ပါဝင်သည့် အုပ်စုက တာမွေမြို့နယ် ဦးချစ်မောင်လမ်းမှတဆင့် ဗဟိုဘဏ်သို့ ဦးတည်၍ ချီတက်သွားသည်ကို တွေ့ရသည်။ “နတ်တွေတောင်မနေနိုင်တော့လို့ ဆင်းပြေးရပြီ” ဟူ၍ ရေရွတ်သွားကြသည်။ 

ကျောက်တံတားမြို့နယ်အတွင်း လူတစ်ရာကျော်ပါသည့် ဆန္ဒပြသူများကလည်း ယမန်နေ့ကကဲ့သို့ပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နာမည် ရေးထိုးထားသည့် ခေါင်းတလားတစ်ခုကို ထမ်းကာ လှည့်လည်ခဲ့ပြီး “မင်းအောင်လှိုင်ပြောတော့ မဲခိုးတယ်ဆို ပြည်သူတွေကို ထကြည့်ပါဦး” ဆိုသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

ရန်ကုန်အထွေထွေသပိတ်ကြီး အင်အားကောင်းသည့် လှည်းတန်းအနီးတဝိုက်တွင် အစဉ်အလာမပျက် သောင်းနှင့်ချီသည့် ကန့်ကွက်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးကို အားကျိုးမာန်တက် ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။

လှည်းတန်းအနီးတွင် ထူးခြားမှုအနေဖြင့် ယခင်ရက်များက အင်အားအလုံးအရင်းနှင့် နေရာယူထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လုံးဝမတွေ့ရတော့ခြင်းဖြစ်သည်။ 

လူငယ်အများအပြားက စစ်တပ်ပိုင်မီဒီယာဖြစ်သည့် “မြဝတီ လိမ်နေသည်”၊ MRTV လိမ်နေသည်” စသည့် လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြသည်။

သစ်တောဝန်ထမ်းအယောက် ၁၀၀ ခန့် တက္ကသိုလ်ရိပ်သာလမ်းမှတဆင့် ချီတက်လာသည့်အခါတွင် ဆန္ဒပြပြည်သူများက လက်ခုပ်လက်ဝါးများတီးကာ အားပေးခဲ့ကြသည်။

ထို့အပြင် အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၅၀ ခန့်ကလည်း လှည်းတန်းသို့ ချီတက်လာခဲ့ကြသည်။ ၎င်းတို့ထဲမှ မနေခြည်လှိုင်က ဖေဖော်ဝါရီ ၈ ရက်မှစ၍ အာဏာဖီဆန်ခဲ့သည်ဟု ပြောသည်။

“အာဏာရှင်စနစ်ကို မကြိုက်ဘူး။ မကြိုက်လို့ အာဏာရှင်စနစ်ကို ပြည်သူနဲ့အတူတူ တွန်းလှန်ဖို့ ပါဝင်တာပါ” ဟု မနေခြည်လှိုင်က ပြောသည်။

လူဦးရေးသန်းချီရှိသည့် ရန်ကုန်မြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒဖော်ထုတ်သူ သိန်းချီရှိနေဆဲဖြစ်သည်။ ရန်ကုန်ဆန္ဒပြပွဲများတွင် လုံခြုံရေးအင်အား အနည်းငယ်လျှော့ချလိုက်သော်လည်း အခြားတိုင်းနှင့် ပြည်နယ်အချို့တွင် ဖမ်းဆီးမှုများရှိခဲ့သည်။

ယမန်နေ့ညက နေအိမ်အကျယ်ချုပ်ချထားသည့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်အချို့ကို စစ်တပ်က နေရာရွှေ့လိုက်သလို မြို့နယ်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များလည်း အများအပြားဖမ်းဆီးခံခဲ့ရသည်။

ဖေဖော်ဝါရီ ၁ ရက် မနက် ၂ နာရီခွဲခန့်မှစ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပြီး နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူလိုက်သည်။

အဆိုပါနေ့တွင်ပင် ဒုတိယသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ် ခန့်အပ်လိုက်ပြီး ဦးမြင့်ဆွေက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးလိုက်ပြီး နိုင်ငံတစ်ဝန်းလုံးကို အရေးပေါ်အခြေအနေအဖြစ် တစ်နှစ်ကြေညာလိုက်ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button