
အသိပေး ခွင့်မတောင်းဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရန်ကုန် ဌာနချုပ်အတွင်း ဝင်ရောက်စီးနင်းရှာဖွေမှုကို အရေးယူပေးရန် ဗဟန်းမြို့နယ်ရဲစခန်း၌ ယနေ့ (ဖေဖော်ဝါရီ ၁၀) တွင် တိုင်ကြားလိုက်ကြောင်း ပါတီလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
ဖောက်ထွင်းခံရသည့် ပါတီရုံးချုပ်တံခါးသော့များ မကျန်ရှိ၍ဆိုကာ ကနဦးတိုင်ကြားစဉ်တွင် ရဲစခန်းက အမှုကို လက်မခံသော်လည်း ညနေပိုင်းတွင် အမှုလက်ခံခဲ့ကြောင်း ပါတီ၏ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစိုးဝင်း (ခေါ်) ဦးစိုးလေးက ပြောသည်။
လတ်တလောတွင် အမှုကို ပုဒ်မ မတပ်သေးဘဲ ရဲက စုံစမ်းစစ်ဆေးဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။ ယနေ့ညနေပိုင်းတွင် ဗဟန်းရဲစခန်းမှ တာဝန်ရှိသူများက ရွှေဂုံတိုင် ရုံးချုပ်တွင် စစ်ချက်လာရောက်ယူခဲ့သည်။
“အမှု လက်ခံတာက နံပါတ် ၁ အောင်မြင်မှုလို့ ပြောလို့ရတယ်။ ဒီအမှုကို သူတို့ သေချာ စိစစ်မှာပေါ့။ စိစစ်ပြီးတော့ အပြစ်ရှိမလား မရှိလား။ ဘယ်သူတွေ ဒီအမှုကို ကျူးလွန်သလဲပေါ့ဗျာ။ ဒါတော့ သက်ဆိုင်ရာ တရားရုံးတွေက လုပ်ရမဲ့ အလုပ်ပဲ” ဟု ဦးစိုးလေးက ပြောသည်။
ရုံး၏ လုံခြုံရေး ရုပ်သံကင်မရာ မှတ်တမ်းအရ ယမန်နေ့ (ဖေဖော်ဝါရီ ၉) ည ၉ နာရီကျော်တွင် တပ်မတော်နှင့် ရဲယူနီဖောင်း ဝတ်ဆင်ထားသူများ၊ အရပ်ဝတ်များ ပါဝင်သည့် လူ ၁၅ ဦးခန့်က ရုံးချုပ်၏ တံခါးကို ဖျက်ဆီး၍ ဝင်ရောက်ရှာဖွေခဲ့သည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
ရုံးချုပ်ရှိ စာရွက်စာတမ်းများ၊ အင်တာနက်သုံးစွဲသည့် စက်ပစ္စည်းများ၊ စောင့်ကြည့်ကင်မရာ ထိန်းသိမ်းစက်များ၊ မီးခံသေတ္တာအတွင်းရှိ ပစ္စည်းများ ပျောက်ဆုံးခဲ့ပြီး ဆက်သွယ်ရေးကိရိယာနှင့် ဝိုင်ယာကြိုးများလည်း ဖြတ်တောက်ခံထားရကြောင်း ၎င်းက ပြောသည်။
တိုင်ကြားချက်နှင့် ပတ်သက်ပြီး ရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
မီးခံသေတ္တာအတွင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးသိန်းဦး၏ ပိုင်ဆိုင်မှုများ ပျောက်ဆုံးနေသည့်အတွက် အမှုအတွက် ဦးသိန်းဦး အပါအဝင် သက်သေ ၁၁ ဦး တင်သွင်းထားသည်ဟုလည်း သိရသည်။ ဦးသိန်းဦးမှာ တပ်မတော်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် တစ်ဦးအပါအဝင် ဖြစ်သည်။
တပ်မတော်သည် နေပြည်တော်တွင် တတိယအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးများ စတင်ခေါ်ယူမည့် ဖေဖော်ဝါရီ ၁ နံနက် မိုးမလင်းမီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် NLD ပါတီခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းကာ အာဏာသိမ်းယူခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲမသမာမှုများ ရှိခဲ့သည်ဟု အာဏာသိမ်းသူတို့က အကြောင်းပြ၍ ဒုသမ္မတ-၁ ဦးမြင့်ဆွေကို ယာယီသမ္မတခန့်အပ်ခဲ့သည်။ ဦးမြင့်ဆွေက အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော်အာဏာ လွှဲအပ်ခဲ့သည်။