သတင်း

မန္တလေးဆန္ဒပြပွဲတွင် သံဃာတော်များ ရာနှင့်ချီပါဝင်လာ 

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ အရှိန်မြင့်တက်လာသည်နှင့်အမျှ ရဟန်းသံဃာများပါ ပြည်သူလူထုနှင့်အတူ ဝန်းရံလာသည်ကို တွေ့ရသည်။ 

မန္တလေးမြို့တွင် အထင်ကရ စာသင်တိုက်ကြီးများဖြစ်သော တောင်မြို့ (အမရပူရ) မဟာဂန္ဓာရုံကျောင်းတိုက်၊ မြတောင်ကျောင်းတိုက်၊ မိုးကောင်းကျောင်းတိုက်နှင့် မစိုးရိမ်စာသင်တိုက်တို့မှ စုစုပေါင်း သံဃာတော်အပါး ၅၀၀ နီးပါးသည် ယနေ့ (ဖေဖော်ဝါရီ ၁၀) တွင် မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းများဖြင့် အသီးသီးချီတက်ဆန္ဒပြကြသည်။ 

ပြည်သူ့အာဏာ ပြည်သူ့ဆီ ပြန်ရောက်ရန်အတွက် သံဃာထုက ဝန်းရံကြခြင်းဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသော မန္တလေးမြို့ခံ သံဃာတော်များက မိန့်ကြားသည်။ 

“ဦးဇင်းတို့ဟာ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့အတွက် ဓမ္မဘက်က အမြဲရပ်တည်ခဲ့တယ်။ အခု ဒီတစ်ကြိမ်မှာလည်း ပြည်သူက ရွေးချယ်ထားတဲ့အစိုးရကို စစ်ခေါင်းဆောင်လူတစ်စုက ဖြုတ်ချလိုက်တာ သံဃာတွေအနေနဲ့ ဘယ်လိုမှ လက်ခံစရာအကြောင်း မရှိပါဘူး” ဟု ဘွဲ့အမည်ထုတ်ဖော်မပြောကြားလိုသည့် မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်သည်။ 

တရားနည်းလမ်းမကျသော အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို သွားနေသည့်အချိန်တွင် ထိုသို့အာဏာသိမ်းလိုက်ခြင်းမှာ လုံးဝ တရားနည်းလမ်းမကျကြောင်း ဥပဒေကို ကျော်လွန်ကြောင်း ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ ရဟန်းတစ်ပါးဖြစ်သည့် ဦးပညာနန္ဒက မိန့်ကြားခဲ့သည်။

“နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မတရားအဖမ်းခံရတာဖြစ်တဲ့အတွက် ဥပဒေဘောင်ကို ကျော်လွန်ပြီး အကွက်ကျကျစီစဉ်ပြီး ဖမ်းချုပ်သွားတာဖြစ်တဲ့အတွက် ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်း မရှိပါဘူး” ဟုလည်း ဦးပညာနန္ဒက မိန့်သည်။ 

ဖေဖော်ဝါရီ ၉ က စတင်ကာ မန္တလေးသံဃသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ကျောင်းတိုက်အသီးသီးရှိ ဆရာတော် သံဃာတော်များ လှုပ်ရှားမှုတွင် လူသိရှင်ကြား ပါဝင်လာသည်။

မန္တလေးမြို့ ၃၅ လမ်း မြတောင်ကျောင်းတိုက်၌ သံဃာတော်နှင့် ဝန်းရံပြည်သူများ စုရုံး၍ သံဃသမဂ္ဂသပိတ်စစ်ကြောင်းဖြင့် ၃၅ လမ်းတလျှောက် ချီတက်ဆန္ဒပြကြသည်။  

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းကလည်း မြတောင်ကျောင်းတိုက်၌ ယခုကဲ့သို့  သံဃာတော်များက စုရပ်အဖြစ်ပြုလုပ်ကာ မေတ္တာသုတ်များ ရွတ်ဆို၊ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

“ပြည်သူ့လက်ထဲ အာဏာပြန်မရောက်မချင်း နိုင်ငံရေးမှာ သာဓုမခေါ်နိုင်ပါဘူး။ အဲဒီအခြေအနေမရောက်မချင်းလည်း ဦးဇင်းတို့က ပြည်သူ့နဲ့အတူ ဆောင်ရွက်သွားမယ်” ဟု သက်တော် ၂၆ နှစ်၊ ဝါတော် ၆ ဝါရှိ  မန္တလေးမြို့ခံ သံဃာတော်တစ်ပါးက မိန့်သည်။

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပြည်သူနှင့်အတူ ပါဝင်လာသော သံဃာတော်များသည် မန္တလေးမြို့မှ အထင်ကရစာသင်တိုက်ကြီးများ၌ သီတင်းသုံးလျက်ရှိသော  သံဃာတော်များဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ရခြင်းနှင့်ပတ်သက်၍ ကျောင်းတိုက်အမည်၊ ဘွဲ့အမည်တို့အား ထုတ်ဖော်ခြင်းမပြုရန် မိန့်ကြားသည်။ 

အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထုနှင့်အတူ ချီတက်ဆန္ဒပြနေသည့် မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now) 

ရဟန်းသံဃာများနှင့် ပြည်သူများသည် “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ” ဖြစ်၍ သံဃာထုပါဝင်လာခြင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများအတွက် ပိုမိုအားတက်စေနိုင်သလို ယခုလိုလှုပ်ရှားမှုတွင် ပါဝင်ခြင်းသည် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲများထက် အာဏာရှင်စနစ်ကို တွန်းလှန်ရန်အတွက်သာ ဝန်းရံခြင်းဖြစ်သည်ဟု သံဃာတော်များက မိန့်ဆိုသည်။  

ယခုကာလအတွင်း စစ်အာဏာရှင်များက ဘုန်းကြီးသံဃာတော်များနှင့် တွေ့ဆုံမှုများလာသည့်အတွက် ထိုသို့သော စည်းရုံးမှုများကို နားမယောင်သင့်ဘဲ ဓမ္မအတွက် ဘာသာရေးခေါင်းဆောင်များက ပါဝင်တွန်းလှန်သင့်သည်ဟုလည်း အဆိုပါ သံဃာတော်များက ဆိုသည်။ 

“အာဏာရှင်က ကျွေးတဲ့ဆွမ်းက တစ်နပ်ပါ။ ပြည်သူတွေကျွေးတဲ့ဆွမ်းက တစ်သက်ဆွမ်းပါ။ ပြည်သူ့ဘက်မှာ သံဃာထုရှိတယ်ဆိုတာ သိစေချင်လို့ ခုလိုလုပ်ဆောင်ခြင်း ဖြစ်ပါတယ်” ဟု အမရပူရမြို့ရှိ စာသင်တိုက်တစ်ခုမှ စာသင်သားသံဃာတော်တစ်ပါးက မိန့်သည်။ 

ပရိယတ္တိစာသင်တိုက် အများအပြားရှိရာ စစ်ကိုင်းတိုင်း မုံရွာမြို့နှင့် မကွေးတိုင်း ပခုက္ကူမြို့တွင်လည်း ရဟန်းသံဃာများ ယမန်နေ့က ဆန္ဒပြပွဲများအတွင်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။

ယမန်နေ့က ရန်ကုန်မှ သံဃာတော်အချို့ ဆူးလေဘုရားအထိ ချီတက်ဆန္ဒပြခဲ့ကြပြီး ယနေ့တွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သံဃာတော်များဦးဆောင်၍ ဆန္ဒပြခဲ့သည့်နည်းတူ ငြိမ်းချမ်းရေးသံဃသမဂ္ဂအဖွဲ့မှ ရဟန်းတော်များ ပါဝင်လာကြသည်။ 

မြန်မာနိုင်ငံ၏ ပရိယတ္တိသာသနာ့သမိုင်းတွင် ဂုဏ်သတင်းကျော်စောခဲ့ပြီး အရှိန်အဝါကြီးမားခဲ့သော မန္တလေးမြို့ အမရပူရရှိ မဟာဂန္ဓာရုံကျောင်းတိုက်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အာဏာရှင်ဆန့်ကျင်ရေးအတွက် ပြည်သူနှင့်အတူ ရပ်တည်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

Show More

Related Articles

Back to top button