ဆောင်းပါး

အကြောက်တရားကို အန်တုလျက် ပြည်သူ့ဆန္ဒကို မလွန်ဆန်လိုသူ ရဲတပ်ဖွဲ့ဝင်များ 

“ပြည်သူ့ရဲ၊ ပြည်သူ့ရဲ။” ဆန္ဒပြလူအုပ်ကြီးက အော်ဟစ်အားပေးနေခြင်းဖြစ်သည်။ ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့လမ်းမကျယ်တွင် ရဲတပ်ဖွဲ့ဝင်များ အတန်းလိုက်နေရာယူထားသည်။ ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များကို ရန်မူခြင်း၊ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်း အလျှင်းမရှိဘဲ ‘ပြည်သူ့ရဲ’ ဟုသာ ဂုဏ်တင်ဟစ်ကြွေးကာ အားပေးနေခြင်းဖြစ်သည်။  

ဆန္ဒပြစစ်ကြောင်းများ ချီတက်ရာလမ်းကြောင်းတွင် တွေ့ရှိရသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကိုလည်း ‘ပြည်သူ့ရဲ’ ဟုသာ အော်ဟစ်အားပေးကြသည်။ အမြို့မြို့အနယ်နယ်တွင် ဖြစ်ပေါ်လျက်ရှိသော ဆန္ဒပြပွဲများတွင် လူထုနှင့် အစဦးဆုံး ထိပ်တိုက်ရင်ဆိုင်ရသူများမှာ လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များပင်ဖြစ်သည်။ 

အထက်အမိန့်အရ ရဲတပ်ဖွဲ့ဝင်များမှာ မည်သည့်စကားမျှ ဆိုခွင့်မရှိ။ အမိန့်မရဘဲ မည်သို့သော တုံ့ပြန်မှုမျိုးကိုမျှ လုပ်ဆောင်ခွင့်မရှိပေ။ အသက် ၂၀ အောက် လူငယ်မျိုးဆက်များ အုံလိုက်ကျင်းလိုက်ပါဝင်လာသော ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးဆန္ဒပြပွဲများတွင် လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များအပေါ် ဆန္ဒပြပြည်သူလူထု၏ နှုတ်ဆက်စကားက အဓိပ္ပာယ်ပါလှသည်။

“ပြည်သူ့ရဲ၊ ပြည်သူ့ရဲ” ဟူ၍ပင်။

အမိန့်အာဏာနှင့် ပြည်သူ့ဆန္ဒကြား မလူးသာမလှုပ်သာ အခြေအနေတွင် အနေရအထိုင်ရ ခက်ခဲကျပ်တည်းလှမည်ကို စကားပြောခွင့်မရသော်လည်း ရဲတပ်ဖွဲ့ဝင်များမျက်နှာတွင် ပေါ်လွင်လျက်ရှိသည်။ ဖြစ်ပေါ်လာမည့် အန္တရာယ်နှင့် ဘေးဒုက္ခကို သိမြင်ပြီးဖြစ်သော်လည်း အကြောက်တရားကို အန်တုလျက် ပြည်သူ့ဆန္ဒကို မလွန်ဆန်လိုသူ ရဲတပ်ဖွဲ့ဝင်များလည်း အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ဆန္ဒပွဲများတွင် ပူးပေါင်းပါဝင်လာကြသည်။ 

အချစ်ဆုံးသမီးကိုပင် အဆုံးရှုံးခံနိုင်သည်ဆိုသော သူရဲကောင်း ရဲအုပ်ခွန်အောင်ကိုကို 

နေပြည်တော်၌ ရဲအုပ်ခွန်အောင်ကိုကိုက ဆန္ဒပြလူထုနှင့် ပူးပေါင်းပြီးနောက် အာဏာရှင်ကျဆုံးရေးနှင့် ဒီမိုကရေစီရေးအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဟောပြောခဲ့။

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၏ အချက်အချာနေရာဖြစ်သော သပြေကုန်းအဝိုင်းအနီးတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၉) က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သောင်းနှင့်ချီသောလူများ ဆန္ဒထုတ်ဖော်လျက်ရှိသည်။ ထိုစဉ် ယူနီဖောင်းဝတ်ရဲအရာရှိတစ်ဦး ရုတ်တရက်ပေါ်ထွက်လာကာ ဆန္ဒပြပြည်သူများနှင့်အတူ ပူးပေါင်းကြောင်း အာဏာရှင်ကျဆုံးရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆန္ဒပြလူထုကို ကိုယ်တိုင်ဟောပြောတော့သည်။

ရဲအုပ်အဆင့်ရှိ ထိုရဲအရာရှိ၏ အမည်မှာ ခွန်အောင်ကိုကိုဖြစ်ပြီး ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် ၆၂ ဆင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဆန္ဒပြပြည်သူလူထုနှင့်အတူ ပူးပေါင်းလာသူ ရဲအုပ်ခွန်အောင်ကိုကိုက အသင့်ယူဆောင်လာသော ကတိပြုသစ္စာနှင့် သန္နိဋ္ဌာန်ဆိုသော အချက်များကို စကားပြောမိုက်ဖြင့် လူထုကို ဟောပြောကြေညာခဲ့သည်။

ဒီမိုကရေစီတိုက်ပွဲအတွက် အသက်သေမည်ကို သိသော်လည်း၊ နှစ်ရှည်ထောင်ဒဏ်ကျခံရမည်ကို သိသော်လည်း ပြည်သူသန်း ၅၀ ကျော်အတွက် ထိုသို့သေရမည်၊ ပြစ်ဒဏ်ကျခံရမည်ဆိုပါကလည်း ထိုက်တန်ပါသည်ဟု ဒုရဲအုပ်ခွန်အောင်ကိုကိုက ၎င်း၏ အချက် ၈ ချက်ပါ သန္နိဋ္ဌာန်ပြုချက်တွင် ရေးသားထားသည်။ 

“ငါသည် ဒီမိုကရေစီတိုက်ပွဲကို အသက်ကို ပဓာနမထားဘဲ စစ်အာဏာရှင်ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားပါမည်ဟု ကတိသစ္စာပြုပါသည်” ဟုလည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူလူထုနှင့် ပူးပေါင်းခဲ့သူ ရဲအုပ်ခွန်အောင်ကိုကိုက ကြွေးကြော်ခဲ့ပြီး အနာဂတ်မျိုးဆက်အတွက် ၎င်း၏အချစ်ဆုံးသမီးလေးကို ဆုံးရှုံးရမည်ဆိုပါက ဆုံးရှုံးခံနိုင်သည်ဟုလည်း သန္နိဋ္ဌာန်ပြုချက်တွင် ဖော်ပြထားသည်။

“နောက်နောင်တွင် စစ်အာဏာရှင်စနစ် လုံးဝ (လုံးဝ) မပေါ်ပေါက်ရေး”၊ “တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဒီမိုကရေစီနှင့်အညီ ပြုမူနေထိုင်ပါမည်” ဟုလည်း ရဲအုပ်ခွန်အောင်ကိုကိုက ၎င်း၏ကတိပြုသစ္စာကို ဆန္ဒပြလူထုအား ဟောပြောခဲ့သည်။ 

စာမျက်နှာ ၅ မျက်နှာရှိ ဒုရဲအုပ်ခွန်အောင်ကိုကို၏ ကတိပြုသစ္စာနှင့် အဓိဋ္ဌာန်ပြုချက်များတွင် စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရဲဝံ့ပြတ်သားစွာ ရေးသားထားသည်။ 

ထို့ပြင် အကြမ်းမဖက်သောနည်းလမ်းများဖြင့် ဆန္ဒထုတ်ဖော်မည်ဆိုပါက ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထုကို ဖြိုခွင်းပိုင်ခွင့်မရှိကြောင်းနှင့် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းသောနည်းဖြင့် အဆုံးသတ်အထိ တိုက်ပွဲဝင်သွားကြရန်လည်း ၎င်းက ဆန္ဒပြပြည်သူများကို ဟောပြောစည်းရုံးခဲ့သည်။ 

ဆန္ဒပြလူထုနှင့် ပူးပေါင်းခဲ့သူ ရဲအုပ်ခွန်အောင်ကိုကိုအား ထုတ်ပေးရန် ရဲတပ်ဖွဲ့ဝင်များက တောင်းဆိုခဲ့သော်လည်း လူထုက ထုတ်မပေးခဲ့ပေ။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းခဲ့သည်။ 

ရဲအုပ်ခွန်အောင်ကိုကိုသည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် လူထုနှင့် အတိအလင်းပူးပေါင်းလာသည့် ပထမဆုံးသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ရဲအရာရှိပင်ဖြစ်သည်။ 

ရဲအုပ်ခွန်အောင်ကိုကိုနှင့် ၎င်း၏အမြွှာညီဖြစ်သူ ခွန်အောင်ဘိုဘိုတို့ နှစ်ယောက်လုံးသည် တစ်ပြိုင်နက်တည်း ရဲတပ်ဖွဲ့ဝင်ရောက်ခဲ့သူများဖြစ်ပြီး တိုင်းရင်းသားများဖြစ်ကြသည်ဟု ၎င်းတို့အမြွှာညီအစ်ကိုနှစ်ဦးနှင့် ဒုရဲအုပ်လောင်းသင်တန်း အတူတက်ရောက်ခဲ့သူ ရဲအရာရှိတစ်ဦးက ပြောသည်။

ရဲအုပ်ခွန်အောင်ကိုကို၏ ညီဖြစ်သူ ခွန်အောင်ဘိုဘိုမှာ ဒုရဲအုပ်အဆင့်ဖြင့်ပင် ရဲတပ်ဖွဲ့မှ နုတ်ထွက်ခဲ့ပြီး အပြင်တွင် နေထိုင်လျက်ရှိသည်ဟုလည်း အဆိုပါရဲအရာရှိက ပြောသည်။

လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဘေးကျပ်နံကျပ်အနေအထားဖြစ်နေပြီး ပြည်သူများ၏ အထင်မြင်လွဲမှားမှုကို မခံလိုကြောင်းလည်း ထိုရဲအရာရှိက ဖွင့်ဟသည်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် နောက်ထပ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းလာ

ကယားပြည်နယ် လွိုင်ကော်မြို့ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင်များက အာဏာရှင်ဆန့်ကျင်ရေးအမှတ်အသားဖြစ်သည့် လက်သုံးချောင်းထောင်ပြနေစဉ်။ 

ယမန်နေ့က မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ဆန္ဒပြလူထုအား ရဲတပ်ဖွဲ့က ရေအမြောက်ကားဖြင့် ဖြိုခွင်းနေချိန်တွင် မခံမရပ်နိုင်ဖြစ်လာသော ရဲတပ်ဖွဲ့ဝင်သုံးဦးက ဆန္ဒပြလူထုအား ၎င်းတို့၏ လုံခြုံရေးအကာဖြင့် ဝင်ရောက်ခုခံကာကွယ်ပေးသည့် ရုပ်သံဗီဒီယိုတစ်ခု တွေ့ရသည်။

အဆိုပါရဲတပ်ဖွဲ့ဝင်သုံးဦးကို ဆန္ဒပြလူထုက “ပြည်သူ့ရဲ ပြည်သူ့ရဲ” ဆိုသော ကြွေးကြော်သံများနှင့်အတူ အော်ဟစ်အားပေးနေသည်ကိုလည်း အဆိုပါရုပ်သံမှတ်တမ်းတွင် တွေ့ရှိရသည်။ 

ယမန်နေ့၌ပင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဆန္ဒပြပြည်သူများနှင့်အတူ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပူးပေါင်းပါဝင်ခဲ့သည်။ 

မြိတ်မြို့ ဗဟိုလမ်းရှိ ဗိုလ်ချုပ်မြင်းစီးရုပ်တုရှေ့တွင် အင်အား ၁၄၀,၀၀၀ ခန့်ရှိ ဆန္ဒပြသူများ လှည့်လည်လာရာတွင် မြိတ်မြို့မရဲစခန်းမှ ကိုယ်ပိုင်အမှတ် လ ၂၅၃၀၉၄ ရဲတပ်သား ထွန်းအောင်လင်းသည် ရဲတပ်ဖွဲ့ယူနီဖောင်းဝတ်ဆင်လျက် ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်သားထွန်းအောင်လင်းက ၎င်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ မြိတ်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း၊ ပြည်သူဘက်မှ ရပ်တည်သွားမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး လက်ရှိတွင် ၎င်းကို ဖမ်းဆီးချုပ်နှောင်ထားပြီးဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် အမြို့မြို့အနယ်နယ်တွင် နေ့စဉ်ရက်ဆက်ဆန္ဒပြနေသော ပြည်သူလူထုနှင့် ထပ်မံပူးပေါင်းလာသော ရဲတပ်ဖွဲ့ဝင်များလည်း ရှိလာသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၀) တွင် ကယားပြည်နယ်မြို့တော် လွိုင်ကော်၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်နေစဉ် ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမေများနှင့် ရဲတပ်ဖွဲ့ဝင် ၄၀ ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြဟစ်ကြွေးခဲ့ကြသည်။ 

ထိုသို့ဆန္ဒထုတ်ဖော်ခဲ့သော ရဲတပ်ဖွဲ့ဝင်များကို အခြားရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာတွင် ဒေသခံလူထုက လုံခြုံရာသို့ ခေါ်ထုတ်သွားနိုင်ရန် လိုက်လံအကာအကွယ်ပေးနေသည့် ရုပ်သံမှတ်တမ်းတစ်ခုလည်း တွေ့ရသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့မှ ဒုရဲအုပ်အဆင့်ရှိ ရဲအရာရှိတစ်ဦးသည်လည်း ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၌ ဆန္ဒပြပြည်သူများနှင့် ပူးပေါင်းခဲ့ပြီး အားလုံးစွန့်လွှတ်ဖို့ ပြင်ဆင်ထားပြီးသားဖြစ်ကြောင်း အဆိုပါရဲအရာရှိ က လူထုကို အသိပေးဟောပြောခဲ့သည်။ 

ရဲတပ်ဖွဲ့အတွင်း တပ်မတော်မှ ကူးပြောင်းလာသူ ‘မိုးကျရွှေကိုယ်’ အရာရှိများ၏ အရပ်သားရဲတပ်ဖွဲ့ဝင်များအပေါ် နိုင်ထက်စီးနင်းပြုကျင့်မှုများကြောင့် အာဏာသိမ်းမှုမဖြစ်ကပင် ရဲတပ်ဖွဲ့မှ နုတ်ထွက်လိုသူ ရဲတပ်ဖွဲ့ဝင်အများအပြားရှိနေကြောင်း ရဲလုပ်သက် ၁၅ ရှိ ရဲအရာရှိဟောင်းတစ်ဦးက ပြောသည်။

“အာဏာမသိမ်းခင်ကတည်းက တချို့တွေ မလုပ်ချင်လို့ ထွက်စာတင်ထားတာကို ဆိုင်းငံ့ခံရသူတွေရှိတယ်။ အကြောင်းအမျိုးမျိုးပြပြီး ထွက်ခွင့်မပေးဘူးပေါ့။ စာချုပ်မှာ ငါးနှစ်ပြည့်ရင် ထွက်လို့ရတယ်ဆိုတာ ပါတယ်။ အင်အားနည်းနေတဲ့အခါကျတော့ ရဲလုပ်သက် ဘယ်လောက်ရှိမှ ပေးထွက်မှာတို့၊ ဘာသင်တန်းတက် ညာသင်တန်းတက်တို့နဲ့ ရာထူးမတက်ပေးဘူး။ ထွက်မရလို့ စိတ်ညစ်နေတဲ့သူတွေရှိတယ်” ဟု ထိုရဲအရာရှိဟောင်းက ဆိုသည်။ 

ရဲတပ်ဖွဲ့မှ မထွက်ချင်သူများအနေဖြင့် ဘယ်လိုအနေအထားဖြစ်ဖြစ် ပူးပေါင်းပါဝင်လာမည်မဟုတ်သော်လည်း ယခင်ကတည်းက ထွက်ချင်လို့ စိတ်ညစ်နေသူ ရဲတပ်ဖွဲ့ဝင်များမှာ ဆန္ဒပြပြည်သူများနှင့် ပူးပေါင်းလာနိုင်ကြောင်းလည်း ထိုရဲအရာရှိဟောင်းက ပြောသည်။ 

“အာဏာသိမ်းပြီးဖြစ်သွားတာ၊ ပဲခူးတိုင်း ပြည်ရဲစခန်းမှာဖြစ်သွားတဲ့ကိစ္စ။ တပ်က ဗိုလ်မှူးနဲ့အဖွဲ့က ရဲစခန်းမှူးကို ဝင်ရိုက်သွားတာ။ တစ်နိုင်ငံလုံးက ရဲတွေ မကျေနပ်ကြဘူး။ သမ္မတဦးဝင်းမြင့်ပုံကို ဘာလို့ဖြုတ်မချသေးတာလဲဆိုပြီး နံပါတ်တုတ်နဲ့ ရဲစခန်းမှူးနဲ့ ကင်းကျနေတဲ့ ရဲဘော်တွေကို အကုန်ရိုက်သွားတာ။ အဲဒါကို ရဲတော်တော်များများ မကျေနပ်ကြဘူး” ဟု ရဲအရာရှိဟောင်းက ဆိုသည်။ 

Related Articles

Back to top button