သတင်း

နေပြည်တော်မှ ကျည်ထိသူနှစ်ဦးကို စစ်ဆေးရုံသို့ ပြောင်းရွှေ့ရန် ဖိအားပေး

နေပြည်တော်ဆန္ဒပြမှုဖြစ်စဉ်အတွင်း သေနတ်နှင့် ပစ်ခတ်ခံရသည့် အရပ်သားနှစ်ဦးမှာ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသမှုခံနေရာ ကျန်းမာရေးဝန်ကြီးဌာနအမိန့်ဖြင့် စစ်ဆေးရုံသို့ ပြောင်းရွှေ့ပေးရန် ဖိအားပေးခံနေရသည်ဟု နေပြည်တော်ဆေးရုံနှင့် နီးစပ်သည့် ဆရာဝန်တစ်ဦးက ပြောသည်။

ယနေ့ ‌ဖေဖော်ဝါရီ ၁ နေ့လယ် ၁ နာရီခန့်က နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းအနီး စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် ပါ၀င်သော အသက် ၂၀ အရွယ် မသွယ်သွယ်ခိုင်၏ ဦးခေါင်း ကျည်ဆန်ထိမှန်ပြီး အသက် ၂၃ နှစ်အရွယ် ကိုဆိုဝေမှာ ရင်ဘတ်တွင် ကျည်ဆန် ထုတ်ချင်းပေါက် ထိမှန်ခဲ့ခြင်းဖြစ်သည်။

ကိုဆိုဝေမှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း မသွယ်သွယ်ခိုင်မှာ ခေါင်းထဲတွင် ကျည်ဆန်ရှိနေပြီး အသက်ရှူပိုက်တပ်ထားရသည်ဟု သိရကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အသက် ၃၀ အရွယ် ခွဲစိတ်ဆရာဝန်အမျိုးသားတစ်ဦးက ပြောသည်။

“အရေးပေါ်ရောက်ရောက်ခြင်းမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့အမိန့်နဲ့ဆိုပြီး စစ်ဆေးရုံဘက်ကို ပြောင်းပေးဖို့ ဆေးရုံအုပ်က ပြောပါတယ်။ ဒါပေမဲ့ ခုတင် ၁၀၀၀ မှာရှိတဲ့ ခွဲစိတ်ဆရာဝန်တွေက ဒီလူနာတွေက ဒီအနေအထားမှာ အသက်အန္တရာယ်ရှိတဲ့အတွက် ပြောင်းပေးဖို့မဖြစ်နိုင်ဘူးဆိုပြီး ဒီမှာပဲ အတင်းခေါ်ထားပြီး ကုနေပါတယ်” ဟု အဆိုပါဆရာဝန်က ပြောသည်။

ထို့အပြင် ဦးခေါင်းတွင် ကျည်ထိမှန်ထားသည့် အမျိုးသမီးသေဆုံးသွားပြီဆိုသည့် သတင်းများ ပျံ့လာသော်လည်း အဆိုပါဆေးရုံမှ ဆရာဝန်တစ်ဦးနှင့် သူနာပြုတစ်ဦးတို့၏ ယနေ့ ညနေ ၄ နာရီခန့်က အတည်ပြုချက်အရ ကျည်ထိမှန်ထားသည့် အမျိုးသမီးမှာ မသေဆုံးသေးကြောင်းနှင့် မီးဖွားနေသည့် အမျိုးသမီးတစ်ဦး သေဆုံးသွားသည့် ဖြစ်ရပ်တစ်ခုရှိကြောင်း သိရသည်။

ယနေ့ နံနက်အစောပိုင်းမှ စတင်သည့် နေပြည်တော်ဆန္ဒပြပွဲအတွင်း လူဦးရေသောင်းနှင့်ချီ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့က ရေပိုက်များနှင့် ထိုးကာ နှိမ်နင်း လူစုခွဲလိုက်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေပြီး အစိုးရရုံးစိုက်ရာ နေပြည်တော်မြို့တော်တွင် ရဲတပ်ဖွဲ့က  ပစ်ခတ်သည်အထိ ပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့သည်။

လူနာကို အသက်ရှူစက်တပ်ထားပြီးဖြစ်သည့်အတွက် အခြားဆေးရုံပြောင်းရန် မဖြစ်နိုင်တော့သလို ဆေးရုံအုပ်ကလည်း ဆက်လက်ဖိအားပေးခြင်းလည်းမရှိတော့ဟု သိရသည်။ သို့သော် လူနာ အသက်ဆက်ရှင်ရန် မျှော်လင့်ချက်မှာ မရှိသလောက် နည်းပါးသည်ဟု အဆိုပါဆရာဝန်က ပြောသည်။

Show More

Related Articles

Back to top button