သတင်း

မတ္တရာအရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပြီး အရပ်သားတစ်ဦး ကျည်ထိဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် ယနေ့ (ဒီဇင်ဘာ၁၂) နံနက်ပိုင်းက နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်တွင် ထိခိုက်မှု ရှိသလို အရပ်သားတစ်ဦးလည်း ကျည်ထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

နံနက် ၅ နာရီခွဲခန့်တွင် MDY-PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မြို့နယ်အရှေ့ခြမ်း ကျောက်တံတားကျေးရွာရှိ စစ်တပ်စခန်းကို ဝင်တိုက်ခြင်းဖြစ်ကြောင်း၊ ညာလက်မောင်း ဒဏ်ရာရသွားသူမှာ ကျောက်တံတားကျေးရွာသား အသက် ၆၂ နှစ်အရွယ် ဦးမောင်ကြည် ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်သားတွေ အကျအဆုံး များတယ်။ နှစ်ဦး အရှင်မိတယ်လို့ ကြားထားတယ်။ ပြည်သူတစ်ဦးကတော့ လက်မောင်းကို ထုတ်ချင်းပေါက်သွားတာပေါ့။ အသက်တော့ မစိုးရိမ်ရပါဘူး” ဟု ထိုရွာအနီးနေထိုင်သူ အထက်ပါအမျိုးသားက ဆိုသည်။

မန္တလေး-မိုးကုတ်လမ်း အရှေ့ဘက်ခြမ်းတွင်ရှိသော ကျောက်တံတားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားစဉ် မတ္တရာမြို့‌ပေါ်မှ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးကျည်များမှာ ရှမ်းရွာ၊ ရှားစေးချက်ကြီးရွာတို့တွင် ကျရောက်ပေါက်ကွဲကြောင်း ၎င်းက ပြောသည်။

“ရှမ်းရွာမှာ လက်နက်ကြီးကျတယ်။ ရှားစေးချက်မှာ ကျတယ်။ အကုန်ပြေးနေကြရတော့ အထိအခိုက်တော့ မစုံစမ်းနိုင်သေးဘူး” ဟု ၎င်းက ပြောသည်။

-ဦးမောင်ကြည် လက်မောင်းတွင် ဖောက်ဝင်နေသော ကျည်ဆန်ကို ထုတ်ယူရန် ကြိုးပမ်းနေကြစဉ်။ (ဓာတ်ပုံ-ပေးပို့)

တိုက်ပွဲအနီး ရွာ ၃ ရွာမှ စစ်ရှောင်တစ်ရာနီးပါး ရှောင်တိမ်းလာကြကြောင်း၊ ယခင်လအတွင်းက တိုက်ပွဲအခြေအနေများကြောင့် စစ်ရှောင် ထောင်ချီကာ နေရပ်မပြန်နိုင်သေးကြောင်း စစ်ရှောင်အရေးကူညီနေသည့် ဒေသခံအမျိုးသမီးတစ်ဦးက ယနေ့ မွန်းတည့်က Myanmar Now ကို ပြောသည်။

“အစကတည်းက ကျောက်တံတားတို့ ရှမ်းရွာတို့က စစ်ရှောင်နေကြတာ။ အခု ကျန်ခဲ့တဲ့လူတွေလောက်ပဲ အရေးပေါ် ထပ်ရှောင်ကြရတာပေါ့” ဟု ၎င်းက ဆိုသည်။

“မတ္တရာမှာ စစ်ရှောင် ထောင်ချီသောင်းချီ ရှိနေပါပြီ။ အချို့က မန္တလေးဘက်ကို ပြေးကြတယ်။ အချို့က တောထဲ တောင်ထဲ ဘေးလွတ်ရာ ရှောင်ကြတယ်။ ဘုန်းကြီးကျောင်းတို့ စစ်ရှောင်စခန်းတို့မှာ ရှောင်ကြတယ်။ အားလုံးတော့ နေရပ်ကို မပြန်နိုင်ကြဘူး။ ကျွဲ၊ နွား၊ တိရိစ္ဆာန်တွေလည်း ဒီအတိုင်း ပစ်ထားခဲ့ကြရတယ်”

ယနေ့ နံနက်တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ MDY-PDF က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍ မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် MDY-PDF, တအာင်းတပ်မတော် (TNLA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှု၊ လေကြောင်းနှင့် လက်နက်ကြီးရန်ကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် (ဒီဇင်ဘာ ၄) ညနေကလည်း မတ္တရာမြို့နယ်အရှေ့မြောက်ပိုင်းရှိ မှော်နီကုန်းကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်က နေအိမ် ၇ လုံး၊ ဘုန်းကြီးကျောင်းရှိ လူမှုကူညီရေးကားဂိုဒေါင်နှင့် ကားတစ်စီးကို မီးရှို့ဖျက်ဆီးကာ ဆိုင်ကယ် ၅ စီးကို ယူသွားသည်ဟု ဒေသခံများက ဆိုကြသည်။

အိမ်မီးရှို့သည်၊ ဆိုင်ကယ် လုယူသွားသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူ ဖော်ပြနိုင်ခြင်း မရှိသေးပေ။

ယင်းနေ့၌ပင် မတ္တရာမြို့နယ်အတွင်း မန္တလေး-မိုးကုတ်လမ်းမအနောက်ဘက် ရွာသစ်ကျေးရွာကို အနီးရှိ ဇီးဖြူကုန်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး အသက် ၄၀ ကျော်အရွယ် ဦးကျော်ယံဖြိုးနှင့် ဒေါ်သိမ့်နန္ဒာလွင်တို့ ဇနီးမောင်နှံ ဒဏ်ရာရရှိခဲ့သည်။

အလားတူ ဒီဇင်ဘာ ၃ နံနက်ကလည်း မတ္တရာမြို့နယ် ဆိတ်သာရွာနှင့် ရှားစေးချက်ရွာတို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကလေး ၂ ဦး အပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒီဇင်ဘာ ၅ ည ၁၁ နာရီခန့်တွင်လည်း မတ္တရာမြို့နယ်အနောက်ခြမ်း ကျွဲခြံကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ သနပ်ကုန်းရွာနှင့် ငယ်တိုးကျေးရွာတို့တွင် ကျရောက်ပေါက်ကွဲရာ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး နွားလေးကောင် သေဆုံးခဲ့သည်။

စစ်ကောင်စီသည် မတ္တရာအရှေ့ခြမ်းတွင် MDY-PDFနှင့် တိုက်ပွဲများ ဖြစ်ပွားနေသလို မတ္တရာမြို့ အနောက်ဘက် မြစ်ကမ်းဘေးရှိ မန္တလေးမြို့နှင့် ၅ မိုင်အကွာ သုံးဆယ်ပေးရွာနှင့် နီးစပ်များတွင်လည်း အင်အားဖြည့်တင်းထားပြီး စခန်းချထားသည်။

ယင်းရွာအနီး စစ်စခန်းတချို့ကို ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မတ္တရာ ပကဖ)၊ ပုသိမ်ကြီးပကဖ၊ မန္တလေးမြို့ပြပြောက်ကျား Generation Z Power (GZP) အစရှိသည့် တော်လှန်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ထားသည်။

မန္တလေးမြို့မြောက်ဘက် မတ္တရာနယ်သည် တော်လှန်ရေး အားကောင်းသောကြောင့် စစ်တပ်က အမြဲ စစ်ကြောင်းထိုးလေ့ရှိသော ဒေသဖြစ်ပြီး မြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရွာများမှာ မကြာခဏ စီးနင်းခံရလေ့ရှိသည်။

Show More

Related Articles

Back to top button