
တပ်မတော်က အာဏာသိမ်းပြီး ၇ ရက်မြောက်နေ့ဖြစ်သည့် ယနေ့ (ဖေဖော်ဝါရီ ၈) တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ပို၍ကျယ်ပြန့်လာသော အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) တွင် နိုင်ငံ့ဝန်ထမ်းများလည်း အများအပြားပါဝင်လာသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတို့မှ ဝန်ထမ်းများ ပါဝင်နေသည်။
မိမိတို့ ကိုယ်တိုင်ဖန်တီးခဲ့သည့် အမှန်တရားကို ပြန်လည်ရယူနိုင်ရေးနှင့် နောင်မျိုးဆက်များအတွက် ကြောက်ရွံ့ခြင်းကင်းသည့် အနာဂတ်ကို ပုံဖော်နိုင်ရေးအတွက် CDM တွင် ပါဝင်ရခြင်းဖြစ်ကြောင်း ဝန်ထမ်းများက ဆိုသည်။
ခန့်မှန်းခြေစာရင်းများအရ ယနေ့ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းပေါင်း ထောင်ချီရှိနေပြီး လတ်တလောအခြေအနေအရ ဝန်ကြီးဌာနရုံးများတွင်လည်း ခွင့်တိုင်သူများ၊ ခွင့်မတိုင်ဘဲ ပျက်ကွက်သူများကို စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ရုံးမတက်သည့် ဝန်ထမ်းများရှိနေသဖြင့် ရုံးတက်စာရင်းကို အထက်က ကောက်ယူခိုင်းထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အရေးကြီးဆုံးသော ဝန်ကြီးဌာနတစ်ခုဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) မှ ပြည်ထောင်စုဝန်ကြီးရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတို့မှ ပြည်သူ့ဝန်ထမ်းများသည်လည်း CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။
“ရွေးကောက်ပွဲအနိုင်ရ အစိုးရအဖွဲ့ကို အာဏာအပ်နှင်းမှသာ လုပ်ငန်းခွင်ပြန်ဝင်မည်ဖြစ်ကြောင်း” အဆိုပါ ဝန်ထမ်းများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူမှုကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် မိမိတို့၏ စိတ်ဆန္ဒမပါဘဲ ဖွဲ့စည်းထားသော အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ထမ်းဆောင်လိုခြင်း မရှိပါသောကြောင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခြင်းဖြစ်သည်ဟု ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ ၃၅၄ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မိမိ၏ထင်မြင်ယူဆချက်၊ မိမိ၏ ယုံကြည်ချက်များကို လွတ်လပ်စွာဆန္ဒထုတ်ဖော်ခြင်းသာဖြစ်ပြီး ဝန်ကြီးဌာနအသီးသီးမှ ပြည်သူ့ဝန်ထမ်းများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်ထားသည်။
အရေးကြီးဌာနတစ်ခုဖြစ်သော နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းဝန်ထမ်းများလည်း CDM လှုပ်ရှားမှုတွင် ပါဝင်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ယနေ့ဆန္ဒပြမှုများအတွင်း လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဆရာဆရာမများနှင့် ဆရာဝန်များပါဝင်သည့် သီးသန့်စစ်ကြောင်းတစ်ခု စမ်းချောင်းမြို့နယ် ဗားကရာလမ်းပေါ်တွင် ယနေ့ နံနက်ပိုင်းက တွေ့ခဲ့ရပြီး ရန်ကုန်မြို့လယ် ဆူးလေဘုရားသို့ ချီတက်သွားသော ဆရာမများပါဝင်သည့် အခြားဆန္ဒပြစစ်ကြောင်းတစ်ခုလည်း တွေ့ရသည်။
မြို့အသီးသီးရှိ ယနေ့ ဆန္ဒပြပွဲများတွင် ဒေသရှိ သက်ဆိုင်ရာ အစိုးရဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ ပါဝင်ပူးပေါင်းခဲ့ကြသည်ကို တွေ့ရပြီး တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့ဆန္ဒပြပွဲတွင် ပညာရေးဝန်ထမ်းများ၊ ဆရာဆရာများ၊ ကျန်းမာရေးနှင့် သစ်တောဝန်ထမ်းများ ပါဝင်ခဲ့သည်ကို တွေ့ရသည်။
မန္တလေးဆန္ဒပြသူများကြားထဲတွင် ပညာရေး၊ ကျန်းမာရေး၊ မီးရထားဌာန ဝန်ထမ်းများနှင့် မီးသတ်သမားများလည်း ပါ၀င်နေသည်။