မြန်မာမှတ်တမ်းရုပ်ရှင် ရိုက်ကူး၊ ဖန်တီးသူတွေကြားထဲ လူသိများထင်ရှားသူတစ်ဦးဖြစ်တဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ၊ တည်းဖြတ်သူနဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကိုဖေမောင်စိမ်းဟာ စစ်တပ်ရဲ့ လူမဆန်တဲ့ စစ်ကြောရေးဒဏ်ကြောင့် ထောင်ကလွတ် လာပြီး ၃ရက်အကြာ ဩဂုတ်လ ၁၉ရက်နေ့က ကွယ်လွန်သွားခဲ့တာပါ။
အခုနှစ် ဧပြီလအတွင်းမှာတော့ ကိုဖေမောင်စိမ်းဟာ လွိုင်ကျော်အကျဉ်းထောင်မှာ အရိုးတီဘီရောဂါနဲ့ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး သေသွားခဲ့ပါတယ်။ လွိုင်ကော်မြို့ စစ်ဆေးရုံမှာ ပြောင်းရွှေ့ကုသခွင့်ရခဲ့ပေမယ့် ကျန်းမာရေးအခြေအနေက ပိုမိုးဆိုးရွားလာခဲ့ပါတယ်။
သူရဲ့ကျန်းမာရေးအခြေအနေကြောင့် လွိုင်ကော်ထောင်ကနေ ရန်ကုန်အင်းစိန်ထောင်ကို ဇူလိုင်လထဲမှာ ပြောင်းရွှေ့ခွင့်ရခဲ့ပြီး၊ အင်းစိန်ပြည်သူ့ဆေးရုံမှာ ခြေထောက်ကို သံကြိုးခတ်ပြီး၊ ရဲလုံခြုံရေးနဲ့ ဆေးကုသခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ရက်နေ့မှာ လွတ်ရက်စေ့လို့ ပြန်လွှတ်ခဲ့ပြီး ရန်ကုန်မြို့က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ မိသားစုက ပြောင်းရွှေ့ကုသပေးခဲ့ပေမယ့် ဩဂုတ်လ ၁၉ရက်နေ့မှာတော့ အရိုးတီဘီ၊ အဆုတ်ကင်ဆာ စတဲ့ ရောဂါတွေနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
ခန္ဓာကိုယ်အောက်ပိုင်းသေပြီး၊ ရောဂါဝေဒနာခံစားနေရပေမယ့် ကိုဖေမောင်စိမ်းဟာ ‘ဆေးရုံကဆင်းရင် အိမ်ပြန်မယ့်အကြောင်း’ ကွယ်လွန်ခါနီးအချိန်ထိ ပြောသွားခဲ့တယ်လို့ ဇနီးဖြစ်သူက ပြောပြပါတယ်။
သူရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်တွေထဲ လွန်ခဲ့တဲ့ ၁၆နှစ်ကျော်က ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာ လူတစ်သိန်းကျော်သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းအကြောင်းနဲ့ မြန်မာနိုင်ငံမှာ အရှည်ဆုံးသော ဧရာဝတီမြစ်ရဲ့ အရေးပါပုံအကြောင်း မှတ်တမ်းရုပ်ရှင်တွေဟာ ထင်ရှားအောင်မြင်ခဲ့ပြီး နိုင်ငံတကာဆုတွေလည်း ရရှိခဲ့ပါတယ်။
လူမှုပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို မှတ်တမ်းရုပ်ရှင်အဖြစ် ဖန်တီးဖို့ အရူးအမူးစိတ်အားထက်သန်သူ ကိုဖေမောင်စိမ်းဟာ လွိုင်ကော်ထောင်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ လှုပ်ရှားခဲ့ကြတဲ့ စာပေ၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲတွေ ဦးဆောင်ကျင်းပခဲ့သူတွေထဲမှာ တစ်ဦးပါဝင်ပါတယ်။
ကိုဖေမောင်စိမ်းက သူကိုယ်တိုင်လည်း ထောင်ထဲကနေ အက်ဆေးတစ်ပုဒ်ရေးခဲ့ပါတယ်။
သူရေးခဲ့တဲ့ အက်ဆေးအကြောင်းအရာကတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အကျိုးမပြုတဲ့ ‘မြန်မာပေါကားရုပ်ရှင်’ တွေအကြောင်းဖြစ်တယ်လို့ သူနဲ့အတူ နှစ်နှစ်နီးပါး လွိုင်ကော်ထောင်ထဲအတူဖြတ်သန်းခဲ့သူက ပြန်ပြောပြပါတယ်။