လာမည့် ဖေဖော်ဝါရီ ၁ တွင် တတိယအကြိမ် လွှတ်တော်သစ် စတင်ရေးနှင့် သမ္မတသစ်တစ်ဦး ရွေးချယ်တင်မြှောက်ရေး စီစဉ်နေကြချိန်တွင် ဒီမိုကရေစီစံနှုန်းများကို တပ်မတော်က စောင့်ထိန်းလိုက်နာရန် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ရန်ကုန်အခြေစိုက်သံရုံးများက စုပေါင်းသဘောထားကြေညာချက်တစ်စောင်ကို ယနေ့ ဇန်နဝါရီ ၂၉ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အစိုးရအကူးအပြောင်းကာလလုပ်ငန်းစဉ်ကို “ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်နိုင်ရေးအတွက် မိမိတို့မျှော်လင့်နေပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေရန်အလို့ငှာ မည့်သို့သောကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းများ၏ ပူးတွဲကြေညာချက် ခေါင်းစဉ်ဖြင့် ထုတ်ပြန်သော စာတွင် ရေးသားထားသည်။
အဆိုပါကြေညာချက်တွင် ” မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော ဒီမိုကရက်တစ်လွတ်လပ်မှု၊ အဓွန့်ရှည်တည်တံ့သောငြိမ်းချမ်းမှုနှင့် အားလုံးပါဝင်သော သာယာဝပြောမှုအတွက် ရှေးရှုလုပ်ဆောင်နေကြသူအားလုံးကို ထောက်ခံအားပေးကြောင်း” ဖော်ပြထားသည်။
သဘောထားထုတ်ပြန်ချက်တွင် ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်၊ ဒိန်းမတ် အစရှိသည့် သံရုံး ၁၄ ရုံး ထက်မနည်းသော ဥပရောပသမဂ္ဂအဖွဲ့ဝင် (EU) နိုင်ငံများ၏ သံရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးများ ပါဝင်သည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်နှင့် ဒီမိုကရေစီစံထုံးများကို လိုက်နာကြရန် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးကို တိုက်တွန်းခဲ့သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးသော်လည်း ရွေးကောက်ပွဲရလဒ်အပေါ် အငြင်းပွားမှုများ၊ ကန့်ကွက်မှုများ ရှိနေပြီး မဲစာရင်းမှားယွင်းနေသည်ဆိုကာ တပ်မတော်ကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို ဖြေရှင်းပေးရန်နှင့် မဖြေရှင်းပါက အာဏာမသိမ်းဘူးဟု မမှတ်ယူနိုင်ကြောင်း ဇန်နဝါရီ ၂၆ တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သတိပေးခြိမ်းခြောက်ခဲ့သည်။
ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း “တပ်မတော်က ကာကွယ်စောင့်ရှောက်ရမည်”ဟု အစဉ်တစိုက်ကြွေးကြော်လာသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာခြင်း မရှိပါက ဖျက်ပစ်ရမည်ဟု ပြောဆိုမှုများ ရှိလာသည်။
အခြေခံဥပဒေနှင့်ပတ်သက်၍ အထိမခံသော တပ်မတော်သည် ယခုအခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်က ဖျက်ပစ်ရမည်ဟု ပြောဆိုလာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူများက လက်ရှိနိုင်ငံရေးအခင်းအကျင်းသည် ရွေးကောက်ပွဲနိုင်သည့် NLD အစိုးရအတွက် စိုးရိမ်စရာဖြစ်ပြီး အာဏာသိမ်းခြင်း၊ မသိမ်းခြင်းမှာ တပ်မတော်ကို ဦးဆောင်သူ၏ဆန္ဒသာဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
ရွေးကောက်ပွဲအငြင်းပွားမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်း တပ်မတော်အစိုးရလက်ထက်တွင် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။