ရွေးကောက်ပွဲ

မဲဆန္ဒရှင်များ၏ သဘောထားကို အပေးအယူလုပ်မရကြောင်း ရွေးကော် ပြတ်ပြတ်သားသားတုံ့ပြန်

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌ တည်သည်ဆိုသော အခြေခံမူအရ မဲဆန္ဒရှင်များ၏ ဆန္ဒသဘောထားကို အပေးအယူလုပ်မရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည်။ 

ရွေးကောက်ပွဲကော်မရှင်၏ ယနေ့ (ဇန်နဝါရီ ၂၈) ထုတ်ပြန်ချက်တွင် “နိုင်ငံတော်အခြေခံမူအရ မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒသဘောထားကို ညှိနှိုင်းဖြေရှင်းပြီး အတိုးအလျှော့ အပေးအယူဖြင့် မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းကမျှ ဥပဒေကျော်လွန်ကာ တစ်မျိုးတစ်ဖုံ ပြောင်းလဲ၍ ရသည့်ကိစ္စမဟုတ်ပါ” ဟု ဖော်ပြထားသည်။ 

ဆက်လက်၍ “ထိုသို့ ပြောင်းလဲမည်ဆိုပါက မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒကိုလည်း ဆန့်ကျင်ရာ ရောက်ပါသည်” ဟု ဆိုထားသည်။ 

ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများရှိပါက ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအတိုင်း ကန့်ကွက်လွှာတင်သွင်းခြင်း၊ ရွေးကောက်ပွဲခုံအဖွဲ့၏ အဆုံးအဖြတ်ခံယူခြင်းသာ ဥပဒေက ပေးထားသော အခွင့်အရေးဖြစ်သည်ဟုလည်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကော်မရှင်၏ ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်သည်ဆိုရုံမျှဖြင့် မလုံလောက်ဘဲ တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မှသာ လက်ခံသွားမည်ဖြစ်ကြောင်း တပ်မတော်က ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာထုတ်ပြန်ခဲ့သည်။  

လက်ရှိအခြေအနေကို “နိုင်ငံရေးအကျပ်အတည်း” ဟုပင် ရည်ညွှန်းထားသည့် တပ်မတော်က ရွေးကောက်ပွဲမဲစာရင်း မှားယွင်းနိုင်ခြေများနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ထံ ဆက်တိုက်တောင်းဆိုလျက်ရှိသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှု ၈ ဒသမ ၆ သန်းကျော်ရှိသည်ဟုလည်း ဇန်နဝါရီ ၂၆ က နေပြည်တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်က ထုတ်ပြန်ခဲ့သည်။  

တပ်မတော်၏ ထုတ်ပြန်ချက်များအတိုင်း ရွေးကောက်ပွဲမဲစာရင်းတွင် အသက်ကြီးလွန်းသူ၊ ငယ်လွန်းသူ၊ အသက်မပြည့်သေးသူ၊ ကွယ်လွန်သူ၊ မဲစာရင်းထပ်နေသူများ ရှိကောင်းရှိမည်ဖြစ်သော်လည်း တစ်နေ့တည်းတွင် မဲအကြိမ်ကြိမ်ပေးရန် မည်သို့မျှ မဖြစ်နိုင်ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင်၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တပ်မတော်၏ တောင်းဆိုချက်များ ဖြေရှင်းပေးခြင်း မရှိပါက မည်သို့ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ထိုမေးခွန်းထုတ်မှုများအတွက် ၎င်းတို့တွင် အဖြေရှိပြီးဖြစ်ကာ အာဏာမသိမ်းဟု မမှတ်ယူနိုင်ကြောင်းပင် နေပြည်တော်သတင်းစာရှင်းလင်းပွဲ၌ တပ်မတော်တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ 

“ဖြေရှင်းပေးသင့်သူတွေက ဖြေရှင်းပေးဖို့ တောင်းဆိုသွားမယ်။ ဘာဆက်လုပ်မလဲဆိုရင်တော့ ဥပဒေနဲ့ အကျုံးဝင်တာ မှန်သမျှကို ကျန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ၎င်းက ပြောခဲ့သည်။

တပ်မတော်သတင်းစာရှင်းပွဲတွင် ထိုသို့ပြောကြားပြီးနောက် လိုက်နာခြင်းမရှိပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်လို့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ထပ်မံပြောကြားခဲ့သည်။ 

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများကို အမှာစကားပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က နေ့တွင်းချင်း သတင်းထုတ်ပြန်ခဲ့သည်။  

“ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစားလိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်။ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်” ဟု တပ်ချုပ်က ပြောသည်။ 

“ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။ ဒါကြောင့် တော်လှန်ရေးကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကိုဖျက်လိုက်တာပဲ။ နဝတခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ” ဟု ဆိုသည်။ 

စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ် မေလတွင် အတည်ပြုပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က တိုက်ရိုက်အာဏာသိမ်းခွင့်မရှိဘဲ နိုင်ငံအတွင်း အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာသည့်အခါ နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့်သာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံ့အာဏာကို အချိန်အပိုင်းအခြားဖြင့် ရယူကျင့်သုံးခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပစ်မှသာ တပ်မတော်အနေဖြင့် တိုင်းပြည်အာဏာကို သိမ်းယူနိုင်မည်ဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

Show More

Related Articles

Back to top button