သတင်း

ကလေးငယ်များ အခွင့်အရေးချိုးဖောက်သည်ဟု စွပ်စွဲခံရသည့် ပရဟိတဂေဟာကို စစ်ဆေးရေးဝင်နေ

ရန်ကုန် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာ(ထုံးဖို)ရှိ ရင်ခွင်မဲ့ကလေး ၂၀၀ ကျော်ကို စောင့်ရှောက်ထားသည့် ‘ရန်တိုင်းအောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ’တွင် ကလေးသူငယ်အခွင့်အရေးများ ချိုးဖောက်မှု များရှိနေ သည် ဟူသောစွပ်စွဲချက်များ လူမှုကွန်ရက်တွင် ပျံ့နှံခဲ့ပြီးနောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ယနေ့ ဝင်ရောက်စစ်ဆေးခဲ့သည်။

Facebook လူမှုကွန်ရက် Sai Lukhay စာမျက်နှာတွင် “တောင်ကြီးမြို့မှတာဝန်ရှိသံဃာ့ အကြီးအကဲများနှင့် သက်ဆိုင်ရာ ရပ်မိ ရပ်ဖများ သိနိုင်ရန်”ဟု အစချီကာ ရန်တိုင်းအောင် ပရဟိတကျောင်းမှ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများကို အချက် ၁ဝ ချက်ဖြင့် ရေးသားထားပြီး၊ ကလေးငယ်များ၏ ရင်တွင်းခံစားချက်များနှင့် ဓာတ်ပုံများကိုဇန်နဝါရီလ ၁၃ ရက်နေ့က တင်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ ပို့စ်တွင် ယင်းပရဟိတစာသင်ကျောင်း၌ ကလေးသူငယ် အခွင့်အရေးများ ဆုံးရှုံးနေခြင်း၊ အကြမ်း ဖက်ခြင်း၊ မိုက်ရိုင်းစွာဆဲဆိုခြင်း၊ အာဟာရများအား ချို့တဲ့စွာ ကျွေးမွေးခြင်း၊ ကျန်းမာရေး အသည်းအသန် ဖြစ်ပေါ် နေ သော ကလေးများအား ကုသမပေးဘဲ နေရပ်သို့ အဓမ္မ ပြန်လွှတ်ခြင်း၊ ပညာရေးကို ဦးစားမပေးခြင်း၊ ကလေး သူငယ်များအား ခွဲခြားဆက်ဆံခြင်း၊ တာဝန်ယူမှုတာဝန်ခံမှု မရှိသော စကားများပြောဆိုခြင်း၊ အလှူအား ကလေး များအတွက်ဟု ခံယူ၍ ကလေးများဆီ မရောက်ခြင်းနှင့် အများလာရောက်လှူဒါန်းထားသော ပစ္စည်းများ ကလေး တွေ ဆီမရောက်ပဲ ပျောက်ပျောက်သွားခြင်းများကို ခြောက်လအကြာလေ့လာပြီးနောက် တွေ့ရှိခဲ့ရသည်ဟု ရေးသားထားသည်။

ယင်းအကြောင်းအရာကို ယနေ့ ညနေလေးနာရီခွဲအချိန်ထိ ကြည့်ရှုသူပေါင်း ၁၄,၀၀၀ ရှိပြီး၊ မျှဝေသူပေါင်း ၂၅၀၀အထိ ရှိခဲ့သည်။

အဆိုပါ အကြောင်းအရာကို ဦးဆုံးရေးသားခဲ့သည့် Sai Lukhay အမည်ဖြင့် facebook သုံးစွဲသည့် စိုင်းလူးခေးက ၎င်းကို ယနေ့ သက်ဆိုင်ရာတာဝန်ရှိသူများက မေးမြန်းခဲ့ကြောင်း ပြောသည်။

“ဒီကိစ္စက အခုစစ်ဆေးဆဲဖြစ်တာကြောင့ တစ်ခုပဲပြောချင်တယ်။ ကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမနဲ့ ကလေးတွေ ဘယ်သူ့ကိုမှမကြောက်ဘဲ အမှန်အတိုင်း ထွက်ဆိုပေးကြပါ။ ကြောက်လို့ လိမ်ပြီးထွက်ရင် နစ်နာမယ့်သူက သူတို့ပါပဲ။ ကျွန်တော်က ဘာမှမဖြစ်ပါဘူး။ ဒါကြောင့် အမှန်အတိုင်းပဲပြောပေးကြပါ” ဟု စိုင်းလူးခေးက Myanmar Now ကိုပြောသည်။

ဝင်ရောက်စစ်ဆေး

ယင်းပရဟိတကျောင်းရှိ ကလေးများမှာ အခွင့်အရေးချိုးဖောက်ခံနေရကြောင်းပျံ့နှံပြီး ညတွင်းချင်းပင် သတင်းရဲတပ်ဖွဲ့ (SB) က လာရောက်စစ်ဆေးပြီး၊ ယနေ့မနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက် စစ်ဆေးခဲ့သည်ဟု အဆိုပါပရဟိတဂေဟာတည်ရှိရာ ရန်တိုင်းအောင် ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးဝိလာသက Myanmar Now ကို မိန့်သည်။

“ဦးပဉ္စင်းမှာ အပြစ်ရှိရင် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက တည်ဆဲဥပဒေအရ အရေးယူ။ တခြား ဘုန်းကြီး၊ စာသင်ပေးတဲ့ ဆရာမတွေမှာ အပြစ်ရှိရင် အရေးယူနိုင်ပါတယ်။ သူ့ (post ကိုတင်ခဲ့သူ) ကို ဘယ်လိုမှ မအောက်မေ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ထင်မြင်ယူဆချက် ဝါးလုံးရှည်နဲ့ သိမ်းရိုက်တာကြောင့် ကလေး တွေ နစ်နာပြီး ဒီပို့စ်ကြောင့် တခြားပရဟိတကျောင်း တွေမှာ ထိခိုက်မှုဖြစ်မှာကိုတော့စိုးရိမ်တယ်”ဟု ၎င်းက မိန့်သည်။

စစ်ဆေးတွေ့ရှိမှုနှင့် ပတ်သက်၍ တွေ့ရှိချက်များကို တောင်ကြီးမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးသို့ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် လက်ရှိအချိန်သည် သက်ဆိုင်ရာ ဘုန်းကြီး၊ ဆရာဆရာမများနှင့် ကလေးများကို ပဏာမမေးမြန်းခဲ့ခြင်းသာဖြစ်ပြီး၊ စစ်ဆေးစုံစမ်းမှုများကို ဆက်လက်လုပ်ဆောင်ပြီးမှသာ တွေ့ရှိချက်ကို ဖြေကြား ပေးနိုင်မည်ဟု တာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့သည်။

ယင်းပရဟိတကျောင်းကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊၂၀၀၈ ခုနှစ်တွင် လူမှုဝန်ထမ်း ဦးစီးဌာန၏ တရားဝင်အသိအမှတ်ပြုထောက်ပံ့မှုရရှိခဲ့သည့် ဘုန်းတော်ကြီးသင်ပညာရေးပရဟိတဂေဟာ တစ်ခု ဖြစ်လာခဲ့သည်ဟု ဦးဝိလာသက မိန့်သည်။။

လက်ရှိအချိန်တွင် မြေဧက၂ ဒသမ ၅ ဧကကျယ်ဝန်းသည့် ယင်းဘုန်းကြီးကျောင်း၌ ရှမ်းပြည်နယ်တစ်ဝန်းရှိ မိဘစောင့် ရှောက်မှု လိုအပ်နေသည့် အသက် ၃ နှစ်ခွဲမှ ၁၄ နှစ်အရွယ်အထိ ကလေးငယ်ပေါင်း ၂၂၁ ဦးကို  အစိုးရနှင့် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် စာသင်ကြားပေးကာ ပြုစုစောင့်ရှောက်နေကြောင်း ၎င်းက မိန့်သည်။

ကျောင်းစတင်တည်ထောင်ခဲ့သည့် ၁၂ နှစ်ကျော်ကာလအတွင်း ယခုကဲ့သို့ စွပ်စွဲမှုများတစ်ခါမှ မကြုံဖူးကြောင်း ကျောင်းရှိ တာဝန်ခံဆရာတော်များက Myanmar Now ကိုပြောသည်။

Show More

Related Articles

Back to top button