
၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်သည်ဟု မယူဆနိုင်ကြောင်း ယနေ့သတင်းစာရှင်းပွဲတွင် တပ်မတော်က ပြောကြားလိုက်ပြီး နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပေးခြင်း မရှိပါက အာဏာမသိမ်းဟု မမှတ်ယူနိုင်ကြောင်းလည်း သတင်းမီဒီယာများ၏ မေးမြန်းမှုတွင် တပ်မတော်က ထည့်သွင်းပြောကြားခဲ့သည်။
တတိယအကြိမ်လွှတ်တော်အစည်းအဝေးများ မစတင်မီ ရက်ပိုင်းအလို နေပြည်တော်၌ ယနေ့ (ဇန်နဝါရီ ၂၆) ကျင်းပပြုလုပ်သော တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်က အာဏာမသိမ်းဘူးဟု ပြောနိုင်ပါသလားဟူ၍ သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “မရပါဘူး။ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို လိုက်နာသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် “တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ယူမယ်လို့လည်း မပြောဘူး။ မယူဘူးလို့လည်း မပြောဘူး” ဟု ၎င်းက ဆက်လက်ပြောကြားပြီး မဲစာရင်းမှားယွင်းမှု၊ မဲမသမာမှုဖြစ်နိုင်ခြေများထုတ်ပြန်နေခြင်းသည် နိုင်ငံရေးယဉ်ကျေးမှုအရ ဥပဒေနှင့်အညီ တောင်းဆိုနေခြင်းသာ ဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မှားယွင်းမှုရှိသော မဲစာရင်း ၈ ဒသမ ၆ သန်းကျော်ရှိသည်ဟုလည်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်က ထည့်သွင်းပြောကြားခဲ့သည်။
“နိုင်ငံရေးအကျပ်အတည်း”ဟုပင် တပ်မတော်က ရည်ညွှန်းထားသည့် ရွေးကောက်ပွဲမဲစာရင်း မှားယွင်းနိုင်ခြေများနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ထံ တောင်းဆိုထားပြီးဖြစ်ရာ ‘အမေးရှိရင် အဖြေရှိရမည်’ ဟုလည်း တပ်မတော်က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တပ်မတော်၏ တောင်းဆိုချက်များကို ဖြေရှင်းပေးခြင်း မရှိပါက မည်သို့ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကိုမူ အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ထိုမေးခွန်းထုတ်မှုများအတွက် ၎င်းတို့တွင် အဖြေရှိပြီးဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
“ဖြေရှင်းပေးသင့်သူတွေက ဖြေရှင်းပေးဖို့ တောင်းဆိုသွားမယ်။ ဘာဆက်လုပ်မလဲဆိုရင်တော့ ဥပဒေနဲ့ အကျုံးဝင်တာ မှန်သမျှကို ကျန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ၎င်းက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ (စ) တွင်ပါဝင်သည့် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဟူသည့် ပုဒ်မအတိုင်း ဆောင်ရွက်သွားမည်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်က ထိုအချက်ကို ငြင်းဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဒီမိုကရေစီကျသည့် အဓိကအချက်မှာ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးတည်သည်” ဟူသည့် ပုဒ်မဖြစ်သည်ဟု ဒီချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
ထိုအချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော် ပုဒ်မ ( ၄) တွင် ပါဝင်သည့် အချက်ဖြစ်သည်။
“ဒီမိုကရေစီလို့ ဆိုလိုက်တာနဲ့ နိုင်ငံတော်၏ အာဏာသည် ပြည်သူပြည်သားများထံမှ ဆင်းသက်၍ တစ်နိုင်ငံလုံးတွင် အာဏာတည်သည်ဆိုတဲ့ အချက်ရယ် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းဆိုတဲ့ အချက်သုံးချက်အပေါ် အခြေခံပြီးတော့ ကျန်တာ အကုန်လုံးပါဝင်မှသာ ဒီမိုကရေစီကျတယ်လို့ ကျွန်တော်တို့က ခံယူပါတယ်” ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။
လက်ရှိအခြေခံဥပဒေအရမူ တပ်မတော်က တိုက်ရိုက်အာဏာသိမ်းခွင့်မရှိပေ။ နိုင်ငံအတွင်း အရေးပေါ်အခြေအနေများပေါ်ပေါက်လာသည့်အခါ နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့်သာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံ့အာဏာကို အချိန်အပိုင်းအခြားဖြင့် ရယူကျင့်သုံးခွင့်ရှိသည်။
အခြေခံဥပဒေ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက် ပုဒ်မ ၄၁၃ တွင် နိုင်ငံတော်သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်နိုင်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အုပ်ချုပ်ရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးအာဏာများ ကျင့်သုံးဆောင်ရွက်စေနိုင်သည်ဟု ဖော်ပြထားသည်။
ထို့အတူ နိုင်ငံတော်၏ အချုပ်အခြာအာဏာထိခိုက်နိုင်သည့် အရေးပေါ်အခြေအနေဆိုလျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းတွေ့ရှိလျှင် တပ်မတော်က ကိုယ်စားပြုမှုအများဆုံးဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းကာ တပ်မတော်ကို ယင်းသို့သော အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိ သက်တမ်းရှိသည့် အာဏာအပ်နိုင်ပြီး သက်တမ်းလည်း တိုးနိုင်ကြောင်း အခြေခံဥပဒေ၌ ပြဋ္ဌာန်းထားသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း ဖြစ်သော်လည်း ယနေ့သတင်းစာရှင်းလင်းပွဲတက်ရောက်ရန် တပ်မတော်က ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းဌာနများကို တပ်မတော်လေယာဉ်ဖြင့် အမိအရခေါ်ယူခဲ့ပြီး နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက် ၁၅ ဦးခန့် လိုက်ပါခဲ့သည်ဟု နိုင်ငံခြားသတင်းထောက်တစ်ဦးက ပြောသည်။
နေပြည်တော် တပ်သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သော နိုင်ငံခြားသတင်းဌာနများတွင် Reuters, AFP, EPA, Nikkie Asia, Channel News Asia နှင့် ဂျပန်သတင်းဌာနများ ပါဝင်သည်ဟု အမည်မဖော်လိုသူ အဆိုပါ နိုင်ငံခြားသတင်းထောက်က Myanmar Now ကို ပြောသည်။
“တပ်မတော်လေယာဉ်နဲ့ နေ့ချင်းပြန်ပေါ့။ မင်္ဂလာဒုံလေယာဉ်ကွင်း (လေတပ်) မှာ ကိုဗစ်နိုင်တင်းစစ်ပေးတယ်။ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ ထွေထွေထူးထူးမှာတာတော့ မရှိပါဘူး။ တပ်မတော်လေယာဉ်ပုံကို ဓာတ်ပုံရိုက်ပြီး Facebook မှာ မတင်ဖို့ မှာတာလောက်ပဲ ရှိပါတယ်” ဟု အဆိုပါသတင်းထောက်က ဆိုသည်။