သတင်း

ရုရှားထံမှ လေယာဉ်ပစ်ဒုံးကျည်စနစ်နှင့် ‌မောင်းသူမဲ့လေယာဉ်များ ဝယ်မည်

ရုရှားက မြန်မာနိုင်ငံကို လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များ၊ ထောက်လှမ်းရေးသုံး မောင်းသူမဲ့ လေယာဉ်များ (Drone)နှင့် ရေဒါစနစ်များရောင်းချသွားမည်ဟု ရုရှားအစိုးရထောက်ပံ့သည့် မော်စကိုမြို့အခြေစိုက်သတင်းဌာန RT (Russia Today) က ယနေ့ (ဇန်နဝါရီ ၂၂ ) တွင် ရေးသားဖော်ပြခဲ့သည်။ 

အရေအတွက် အတိအကျမသိရသော်လည်း လက်နက်စနစ်များရောင်းချမည့် သဘောတူစာချုပ်ကို ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ဇန်နဝါရီ ၂၁ တွင် ဗိုလ်ချုပ်မှူးကြီးနှင့် စာချုပ်ချုပ်ခဲ့သည်ဟု ရုရှားသတင်းဌာနက ဆိုသည်။ 

တပ်မတော်ကို ရောင်းချမည့် လက်နက်စနစ်များမှာ ရုရှားတို့၏ နာမည်ကျော် တာတိုလေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်တစ်ခုဖြစ်သည့် Pantsir-S1 စနစ်၊ ထောက်လှမ်းရေးသုံးမောင်းသူမဲ့လေယာဉ်ဖြစ်သည့် Orlan-10 E နှင့် ရေဒါစနစ်များဖြစ်သည်ဟု သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးနှင့် အဖွဲ့များကို ကြိုဆိုသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ 

ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်နှင့် လက်နက်ရောင်းချမှုအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

Pantsir-S1 စနစ်သည် လတ်တလောဖြစ်ပွားနေသည့် ဆီးရီးယားစစ်ပွဲတွင် ရုရှားတို့ အသုံးပြုနေသည့် ဒုံးကျည်နှင့် စက်အမြောက်နှစ်မျိုးသုံး တာတိုလေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်ပြီး မျိုးကွဲပေါင်းများစွာရှိသည်ဟု စစ်ပွဲများ၊ စစ်လက်နက်များကို လေ့လာသုံးသပ်နေသည့် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ‌ဒေါက်တာနိုင်ဆွေဦးက Myanmar Now ကို ပြောသည်။

ရုရှားက ၂၀၀၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး အဆိုပါစနစ်တွင်အသုံးပြုထားသည့် ဒုံးကျည်မှာ အကွာအဝေး ၁၈ ကီလိုမီတာနှင့် အမြင့် ၁၅ ကီလိုမီတာအထိရောက်အောင် ပစ်ခတ်နိုင်ကာ အသံထက် သုံးဆခန့် မြန်သည်ဟု ၎င်းက ပြောသည်။

ယခင်နှစ်များက ပြုလုပ်ခဲ့သည့် နေပြည်တော်စစ်ရေးပြပွဲများအတွင်း ထုတ်ဖော်ပြသခဲ့သည့် စနစ်များတွင် ရုရှားထုတ် မိုင် ၂၀ ခန့် ပစ်ခတ်နိုင်သည့် Pechora 2M လေကြောင်းရန်ကာကွယ်ရေးစနစ်အပြင် တရုတ်နိုင်ငံထုတ် လေကြောင်းရန်ကာကွယ်ရေးစနစ်လည်း ရှိနေသည့်အတွက် မြန်မာသည် ဒေသတွင်းနိုင်ငံများတွင် အမျိုးအစားစုံသုံးနိုင်လာသည့် နိုင်ငံတစ်ခုဖြစ်လာသည်။ 

“ကျွန်တော်မြင်တာကတော့ ဘင်္ဂလား‌ဒေ့ရှ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ထိုင်းတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တို့ထက် အများကြီးသာတယ်လို့ထင်တယ်။ တပ်မ‌တော်နေ့မှာပြတဲ့ လက်နက်တွေကို ကြည့်ရုံနဲ့တင် သာတဲ့အနေအထားရှိတယ်” ဟု ဒေါက်တာနိုင်ဆွေဦးက ပြောသည်။

ထို့အပြင် အဝယ်စာရင်းတွင် ထောက်လှမ်းရေးသုံးမောင်းသူမဲ့ယာဉ်ငယ်  Orlan-10 E  Drone များလည်း ပါဝင်ပြီး အဆိုပါ ထောက်လှမ်းရေးDrone သည် အကွာအဝေး ကီလိုမီတာ ၆၀၀ ခန့်နှင့် ၁၆ နာရီကြာ မရပ်မနားပျံသန်းနိုင်သော်လည်း လက်နက်တပ်ဆင်နိုင်ခြင်းမရှိဟု ၎င်းက ဆက်လက်ပြောသည်။ 

အဆိုပါ Drone ကိုလည်း ဝယ်ယူမည့်အရေအတွက် အတိအကျမသိရသေးဘဲ တန်ဖိုးအားဖြင့် တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၈၇,၀၀၀ မှ ၁၂၀,၀၀၀ ကြားရှိသည်ဟု ‌ဒေါက်တာနိုင်ဆွေဦးက ပြောသည်။

ပြီးခဲ့သည့် လအနည်းငယ်ကလည်း တပ်မတော်အတွက် စစ်သုံးသယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စီးကို ဂျော်ဒန်နိုင်ငံက‌ ရောင်းချခဲ့သည်ဟု တပ်မတော်၏ အကျိုးစီးပွားများနှင့် စစ်လက်နက်ဝယ်ယူမှုများကို စောင့်ကြည့်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိသည့် Justice for Myanmar အဖွဲ့က ဆိုသည်။

အကယ်၍ ရောင်းချမှုပြီးစီးသွားပါက ဤသယ်ယူပို့ဆောင်ရေးစစ်လေယာဉ်များသည် တိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းများကို ကြီးစွာသောအန္တရာယ်ဖြစ်စေနိုင်ပြီး တိုင်းရင်းသားဒေသများတွင် လောင်ကျွမ်းနေသော ရက်စက်ကြမ်းကြုတ်သည့် ပြည်တွင်းစစ်ကို မီးထိုးပေးစေနိုင်လိမ့်မည်ဟု ဇန်နဝါရီ ၂၀ က အဆိုပါအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ရုရှားနှင့် ကာကွယ်ရေးကဏ္ဍတွင် ပိုမိုပူးပေါင်းလာသည့် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံထုတ် ခေတ်မီတိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် သံချပ်ကာယာဉ်အမျိုးမျိုးကို ဝယ်ယူခဲ့ပြီး နောက်ဆုံးပေါ်တိုက်လေယာဉ်များထဲမှ တစ်မျိုးဖြစ်သည့် SU 30 SME အမျိုးအစား တိုက်လေယာဉ် ၆ စီးကိုလည်း ပြီးခဲ့သည့်နှစ်အတွင်း ဝယ်ယူခဲ့သည်။ 

အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများက စစ်လက်နက်ပစ္စည်းရောင်းချခွင့်နှင့် ပတ်သက်၍ တပ်မတော်ကို အရေးယူပိတ်ပင်ထားသော်လည်း ရုရှား၊ တရုတ်နှင့် အန္ဒိယတို့က ဆက်လက်ရောင်းချနေဆဲဖြစ်သည်။ ၂၀၁၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချနေသည့် နိုင်ငံပေါင်း ၇ နိုင်ငံအနက် ရုရှားနိုင်ငံလည်းပါဝင်သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြီးခဲ့သည့်နှစ်အတွင်း ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button