ရုရှား တပ်ဖွဲ့ဝင်တစုနှင့် မြန်မာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် နေပြည်တော်တွင် အသေးစား ပူးတွဲ စစ်ရေးလေ့ကျင့်မှု တခု ပြုလုပ်နေကြောင်း ထိုစစ်ရေးလေ့ကျင့်မှု အစီအစဉ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များအပြင်၊ စစ်ကောင်စီကို ထောက်ခံသော လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော ဗီဒီယိုမှတ်တမ်းများ အရ သိရသည်။
ထိုပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၆ ရက်နေ့တွင် စတင်ခဲ့ပြီး ဇူလိုင်လ ၁၇ ရက်နေ့အထိ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့စခန်းတခုတွင် ပြုလုပ်နေကြောင်း အစီအစဉ်နှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။
ထိုအစီအစဉ်တွင် ရုရှား စစ်အရာရှိနှင့် စစ်သည်အင်အား နှစ်ဒါဇင် ခန့် ပါဝင်ကာ မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့ကို စစ်ကောင်စီ၏ လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်းက ဦးဆောင်သည်။ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် ရုရှားနိုင်ငံထုတ် အလိုအလျောက်လက်နက်များ၊ စနိုက်ပါရိုင်ဖယ်များ၊ ဒရုန်းများနှင့် အခြားစစ်ဘက်ဆိုင်ရာ လက်နက် ပစ္စည်းများကို သရုပ်ပြသခြင်းများလည်း ပါဝင်ခဲ့သည်။
ဗီဒီယိုမှတ်တမ်းထဲ၌ ပြောက်ကျား ဝတ်စုံ ဝတ်ဆင်ထားသော ရုရှား တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်မှ အကြီးတန်း အရာရှိကြီးများ၊ အငယ်တန်း အရာရှိများနှင့်အတူ တွေ့မြင်ရသည်။ ဗွီဒီယိုမှတ်တမ်းထဲရှိ ပြကွက် အများအပြားတွင်၊ လက်နက်များ ခင်းကျင်းပြသထားသော စားပွဲတလျှောက် ကြည့်ရှုဝိုင်းရံလျက်ရှိသော မြန်မာ စစ်အရာရှိများအား ရုရှားတပ်ဖွဲ့ဝင်များက သေနတ်များနှင့် အခြား စစ်သုံးကိရိယာများကို လက်တွေ့ သရုပ်ပြသနေသည်ကိုလည်း တွေ့ရသည်။
ထို့အပြင် အဝေးထိန်းစနစ်ပါ စက်သေနတ်များ တပ်ဆင်ထားသည့် မောင်းသူမဲ့မြေပြင်သုံးယာဉ်များ ၊ ဒရုန်းများနှင့် အခြားစစ်ဘက်ဆိုင်ရာ စက်ပစ္စည်း ကိရိယာများကို ခင်းကျင်းပြသထားသည်ကိုလည်း ထိုဗွီဒီယို မှတ်တမ်းတွင် တွေ့ရသည်။ ထိုအစီအစဉ်တွင် နှစ်နိုင်ငံလုံးမှ တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည့် အခမ်းအနား တခုလည်း ပါဝင်သည်။ ထိုအခမ်းအနားကျင်းပရာ နေရာတွင် မြန်မာနိုင်ငံ အလံနှင့် ရုရှားနိုင်ငံ အလံ လွှင့်တင်ထားသည်ကိုလည်း တွေ့မြင်ရပြီး တပ်ဖွဲ့ဝင်များသည် စစ်ရေးပြအခမ်းအနားနှင့် စုပေါင်းဓာတ်ပုံ ရိုက်ကူးမှုများတွင်လည်း ပါဝင်ခဲ့ကြသည်။
ထိုအစီအစဉ်သည် ရုရှားနှင့် မြန်မာစစ်တပ် တို့မှ အထူးတပ်ဖွဲ့ဝင်များအကြား ပထမဆုံးအကြိမ် ပူးတွဲ ပြုလုပ်သည့် “လေ့ကျင့်ရေးနှင့် နည်းစနစ်ပိုင်းဆိုင်ရာ စုပေါင်းလေ့ကျင့်မှု” ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကား၍ ရုရှားသတင်းစာ Izvestia က အင်္ဂါနေ့က ဖော်ပြသည်။
ထိုသတင်းစာ၏ ဖော်ပြချက်အရ ထိုအစီအစဉ်တွင် စစ်ရေးနည်းဗျူဟာမြောက် ပစ်ခတ်မှု သရုပ်ပြသခြင်းနှင့် ရုရှားထုတ် ခေတ်မီ လက်နက်များကို ခင်းကျင်းပြသခြင်းတို့အပြင်၊ တက်ရောက်လာသူများသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးများ၊ ဒရုန်းများကို ခုခံကာကွယ် တန်ပြန်သည့် နည်းလမ်းများနှင့် အပူပိုင်းဒေသများတွင် စီးနင်းတိုက်ခိုက်ရေး နည်းဗျူဟာများကိုပါ လေ့ကျင့်သွားရန် မျှော်မှန်းထားကြောင်း သိရသည်။
ယခု စစ်ရေးလေ့ကျင့်မှုသည် ယခင်က ပြုလုပ်ခဲ့ဖူးသော နှစ်နိုင်ငံ ပူးတွဲ လေ့ကျင့်မှုများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် သေးငယ်သော်လည်း ရုရှား နှင့် မြန်မာစစ်ဗိုလ်ချုပ်များအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမို အရှိန်မြင့်လာချိန်တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ရုရှားသည် မြန်မာစစ်တပ်၏ အရေးအကြီးဆုံးသော နိုင်ငံတကာမိတ်ဖက်များထဲမှ တနိုင်ငံ ဖြစ်လာခဲ့ပြီး၊ မြန်မာ စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းနှင့် နီးစပ်သော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားရင်း၊ စစ်ကောင်စီအတွက် လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများကို ရုရှားက ရောင်းချ ပေးနေခဲ့သည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ထို အစီအစဉ်သည် အကြီးစား စစ်ရေးလေ့ကျင့်မှုမျိုးထက် ရုရှားလက်နက်များနှင့် စစ်သုံးကိရိယာများကို မြန်မာစစ်ဘက်ဆိုင်ရာဝန်ထမ်းများ ရင်းနှီးကျွမ်းဝင်လာစေရန်နှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မျှဝေရန်အတွက်သာ အဓိကရည်ရွယ်ပုံ ရသည်။
ထိုအစီအစဉ်အတွင်း ပြသခဲ့သည့် ရုရှားလုပ် စစ်သုံးကိရိယာများကို မြန်မာစစ်တပ်က ဝယ်ယူပြီး ဖြစ်မဖြစ် သို့မဟုတ် နောင်တွင် ဝယ်ယူနိုင်ရန်အတွက် လာရောက်မိတ်ဆက်ပြသခြင်း ဟုတ်မဟုတ်ကိုမူ Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။



