ကိုဗစ်နိုင်တင်း (Covid-19) ကမ္ဘာ့ကပ်ရောဂါရိုက်ခတ်မှုကြောင့် ရန်ကုန်မြို့ရှိ အထင်ကရ ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ မှစ၍ နှစ်ကုန်ပိုင်းအထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အဆိုပါဟိုတယ်က ယနေ့ (ဇန်နဝါရီ ၁၃) တွင် သတင်းထုတ်ပြန်သည်။
ကပ်ရောဂါကာလအတွင်း စီးပွားရေးထိခိုက်မှု လျော့ပါးစေရန် ၂၀၂၀ ဒီဇင်ဘာတွင် ဟိုတယ်ဝန်ထမ်းအင်အား လျှော့ချခြင်းအပါအဝင် အခြားစီမံခန့်ခွဲမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ ဟိုတယ်ကို ယာယီပိတ်ထားရန် ဆုံးဖြတ်ခဲ့ပြီး စီးပွားရေးနာလန်ထူလာပါက ၉ လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်း ဟိုတယ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟိုတယ်ပိတ်ထားစဉ်ကာလတွင် ဝန်ထမ်းအနည်းအငယ်မှအပ အခြားဝန်ထမ်းများကို ခွင့်မဲ့ပျက်ကွက်ခွင့်ပေး၍ လစာတစ်စိတ်တစ်ပိုင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကျိုးခံစားခွင့်များ ပေးထားမည်ဟု ဆိုသော်လည်း လစာ၏ ရာခိုင်နှုန်းမည်မျှပေးမည်ကို ဟိုတယ်တာဝန်ရှိသူက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
“ဝန်ထမ်းတွေရဲ့ Confidential (လျှို့ဝှက်အတွင်းရေး) ဖြစ်လို့ ကျွန်မတို့ ပြောပြပေးလို့ မရပါဘူး” ဟု ဆူးလေရှန်ဂရီလာဟိုတယ်၏ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုမန်နေဂျာ ဒေါ်ကေသရီက Myanmar Now ကို ပြောသည်။
ဟိုတယ်၌ တည်းခိုရန် ကြိုတင်စာရင်းသွင်းထားသည့် ဧည့်သည်များကို ဟိုတယ်ပိတ်ထားမည့်သတင်းနှင့် ပတ်သက်၍ တစ်ဦးချင်း ဆက်သွယ်အကြောင်းကြားမည်ဖြစ်ကြောင်း၊ ဆူးလေရှန်ဂရီလာဟိုတယ်ကို ပိတ်ထားမည်ဖြစ်သော်လည်း ၎င်းနှင့် ဆက်လျက်ရှိသည့် Sule Square Mall & Office ၊ Shangri-La Residences ကို ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ဟိုတယ်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
“ဟိုတယ်တွေကတော့ ဝန်ထမ်းစရိတ်တွေနဲ့ မဖြစ်မနေ ကုန်ကျတဲ့ ကုန်ကျစရိတ်တွေ ရှိတယ်လေ။ အဲဒီကုန်ကျစရိတ်တွေ မခံနိုင်လို့ ပိတ်တာ။ အခြားဟိုတယ်တွေဆိုလည်း အများကြီး ဆိုးရွားနေပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ အရှုံးတွေပိုပြီး မိမိလုပ်ငန်းကို မရပ်ချင်တဲ့အတွက် ဆက်လက်ဆောင်ရွက်နေတာ ဖြစ်တယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က Myanmar Now ကို ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ကပ်ရောဂါကူးစက်ပြန့်ပွားမှု နည်းပါးသွားချိန်တွင် ပြည်တွင်းခရီးသွားလုပ်ငန်းကိုသာ ကနဦးပြန်လည်စတင်မည်ဖြစ်ရာ ဆူးလေရှန်ဂရီလာကဲ့သို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို အဓိကဦးတည် ဝန်ဆောင်မှုပေးသည့် နိုင်ငံတကာဟိုတယ်ကြီးများမှာ လုပ်ငန်းပြန်လည်ဦးမော့ရန် အလားအလာနည်းပါးသဖြင့် ယာယီရပ်နားခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့လယ်တွင် တည်ရှိသည့် ဆူးလေရှန်ဂရီလာဟိုတယ်သည် အခန်းပေါင်း ၄၆၆ ခန်းရှိပြီး ယခင်က ကုန်သည်ကြီးများဟိုတယ်အမည်ဖြင့် ဟိုတယ်ဝန်ဆောင်မှုများပေးခဲ့ကာ ၂၀၁၄ တွင် ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာအုပ်စုက ဆူးလေရှန်ဂရီလာအဖြစ် အမည်ပြောင်းလဲလုပ်ကိုင်ခဲ့သည်။
ဆူးလေရှန်ဂရီလာဟိုတယ်သည် နိုင်ငံတကာအဖွဲ့အစည်းများ၊ ထိပ်တန်းစီးပွားရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာကုမ္ပဏီများတွင် တာဝန်ယူထားသူများ၊ ငွေကြေးတတ်နိုင်သည့် ခရီးသည်များ တည်းခိုလေ့ရှိသည့် အဆင့်မြင့်ဟိုတယ်တစ်ခု ဖြစ်သည်။ တည်းခိုခ တစ်ညလျှင် ဒေါ်လာ ၁၀၀ ကျော် အနည်းဆုံးစရိတ် ရှိသည်။
ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်း ရပ်တန့်လုနီးပါး ဖြစ်သွားချိန်တွင် ယင်းနှင့် ဆက်နွှယ်လျက်ရှိသည့် ဟိုတယ်လုပ်ငန်းမှာလည်း ဧည့်သည်မရှိသဖြင့် ဝင်ငွေအကြီးအကျယ် ထိခိုက်လျက်ရှိသည်။
သို့သော်လည်း ကပ်ဘေးကာလအတွင်း လေကြောင်းခရီးဖြင့် ရောက်လာသော နိုင်ငံခြားသားများ၊ ပြည်ပမှ ပြန်လာသော မြန်မာနိုင်ငံသားများသည် ၁၄ ရက် သို့မဟုတ် ၂၁ ရက်ကြာ သီးသန့်နေထိုင်ရသည့် ကာလတွင် ရန်ကုန်ရှိ အချို့ဟိုတယ်များတွင် နေထိုင်ကြလေ့ရှိရာ ဟိုတယ်အချို့သည် ဝင်ငွေအထိုက်အလျောက် ရခဲ့ကြသည်။