
ပဏာမအပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အစိုးရဘက်က ကမ်းလှမ်းထားသော်လည်း တွေ့ဆုံဆွေးနွေးမည့် အချိန်နှင့် နေရာကို မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကြား အတည်မပြုနိုင်သေးကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အစိုးရနှင့် တွေ့ဆုံပွဲအတွက် KIA ၊ ရက္ခိုင့်တပ်တော် (AA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် ယမန်နေ့ (ဇန်နဝါရီ ၁၁) တွင် အင်တာနက်မှတစ်ဆင့် ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း TNLA နှင့် MNDAA သည် အင်တာနက်အသုံးပြုနိုင်မှုအခြေအနေကြောင့် သေသေချာချာ မပါဝင်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
KIA နှင့် AA နှစ်ဖွဲ့တည်းသာ ဆွေးနွေးခဲ့ကြရပြီး အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးအစီအစဉ်တို့ကို မဟာမိတ် ၄ ဖွဲ့ကြား အတည်မပြုနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် အစိုးရနဲ့ တွေ့ဆုံဖို့ဆိုတာမှာ အမြန်ဆုံးတွေ့ဆုံနိုင်ဖို့တော့ ကျွန်တော်တို့လည်း ကြိုးစားနေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လာမည့်ရက်ပိုင်းအတွင်း ၄ ဖွဲ့လုံး ထပ်မံတွေ့ဆုံရန် ရှိနေသော်လည်း မည်သည့်ရက်တွင် တွေ့ဆုံနိုင်မည်ကိုမူ အတိအကျ မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။
ဇန်နဝါရီလအတွင်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းထားပြီး အစိုးရဘက်က အဆင်သင့်ဖြစ်နေပြီဟု သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဇန်နဝါရီ ၈ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးရန် ဖြစ်နိုင်ခြေရှိသည့်နေရာများအဖြစ် အစိုးရက ရှမ်းပြည်နယ် ကျိုင်းတုံမြို့နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့ကို အဆိုပြုထားကြောင်း၊ ကိုဗစ်နိုင်တင်းရောဂါကာလ အခက်အခဲများကြောင့် တရုတ်ပြည်တွင် တွေ့ဆုံနိုင်ရေးကိုလည်း ၎င်းတို့မဟာမိတ်အဖွဲ့များကြား ဆွေးနွေးနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မြောက်ပိုင်း ၄ ဖွဲ့ထံမှ အကြောင်းမပြန်သေးသည့်အတွက် ဇန်နဝါရီ ဒုတိယအပတ်အတွင်း တွေ့ဆုံဆွေးနွေးရန် အစိုးရ၏ မျှော်မှန်းချက်မှာ မဖြစ်နိုင်တော့ကြောင်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရကြား ချိတ်ဆက်ဆောင်ရွက်ပေးနေသည့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောသည်။
တပ်မတော်နှင့် AA သည် နိုဝင်ဘာ ၂၅ နှင့် ဒီဇင်ဘာ ၃၀ တို့တွင် အင်တာနက်မှတဆင့် ဆွေးနွေးခဲ့ပြီး ဒီဇင်ဘာ ၉ တွင် ပန်ဆန်းမြို့၌ နှစ်ဖက်ထိပ်တန်းကိုယ်စားလှယ်များ လူချင်းတွေ့ဆုံမှု ရှိခဲ့သည်။ တပ်မတော်နှင့် AA သည် ရခိုင်ပြည်နယ်အတွင်း နှစ်နှစ်ခန့် ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြပြီး ရွေးကောက်ပွဲမကျင်းပမီ ရက်အနည်းငယ်အလိုမှသာ တိုက်ပွဲများ ရပ်တန့်သွားခြင်းဖြစ်သည်။
TNLA နှင့် တပ်မတော်မှာမူ နိုဝင်ဘာလအတွင်း မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့သလို ဇန်နဝါရီ ၅ တွင်လည်း ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့သည် ၂၀၁၉ အတွင်း အစိုးရနှင့် ၆ ကြိမ်အထိ ဆွေးနွေးခဲ့ကြသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့တိုးနိုင်ခြင်း မရှိခဲ့ပေ။