သတင်း

လားရှိုးမြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး မြို့ပတ်လည်ကို MNDAA ပိတ်ဆို့

တရုတ်နိုင်ငံ၏ ဖိအား၊ ထိန်းချုပ်မြို့များ ဗုံးကြဲခံနေရမှုတို့ကို ရင်ဆိုင်နေရသော်လည်း ကိုးကန့်တပ် MNDAA က လားရှိုးမြို့ကို အရယူနိုင်ရန် ကြိုးပမ်းနေသည်။

ကိုးကန့်တပ် (MNDAA) ၏ ထိုးစစ်သည် လားရှိုးမြို့ပေါ် ရပ်ကွက်များထဲအထိ ရောက်ရှိလာပြီး မြို့ကိုလည်း အပြင်ဘက်မှ ဆက်လက် ပိတ်ဆို့ထားသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်သည့် လားရှိုးမြို့၏ အနောက်တောင်ဘက် မြို့အဝင်မုခ်ဦးအနားတွင် ရှိသည့်၊ အကြမ်းဖက်နှိမ်နင်းရေးတပ်အဖြစ် ပြောင်းထားသော ခလရ (၄၁) တပ်ရင်းဌာနချုပ်စခန်းနှင့် ထိုနေရာအနီးရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်အဖြစ် ပြောင်းထားသော ခမရ (၅၂၂) တပ်တို့ကို ဇူလိုင် ၂၂ ရက်နေ့ကတည်းက MNDAA ဦးဆောင်သည့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

ထို့နောက် လားရှိုးမြို့တွင်းရှိ  အမှတ် (၄) နှင့် အမှတ် (၁) ရပ်ကွက်အတွင်း MNDAA တပ်များ ဝင်ရောက်လာသလို မြို့မြောက်ဘက် သိန္နီမြို့အထွက်ဘက်ရှိ (၁၂) ရပ်ကွက်တွင်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု စစ်ရှောင်အရေးကူညီသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မြို့ရဲ့ ပတ်ပတ်လည် တပ်တွေအကုန်လုံးကို သူတို့ (MNDAA) ထိန်းချုပ်နိုင်ပြီလို့ ထင်တယ်၊ ပြီးတော့ ရပ်ကွက် (၁၂) တစ်ခြမ်းလောက်ကို သူတို့ နေရာယူထားပြီ” ဟု ထိုသူက ဆိုသည်။

“အန္တရာယ်များတဲ့ အဆင့်ဖြစ်သွားတာက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ နီးနေပြီ”

(၁၂) ရပ်ကွက်သည် လားရှိုးမြို့၏ မြောက်ဘက်စွန်းတွင် ရှိပြီး အကျဉ်းထောင်၊ လေယာဉ်ကွင်းတို့အပြင် တိုင်းစစ်ဌာနချုပ်လည်း အခြေစိုက်ထားသည့် စစ်ရေးအရ အရေးကြီးသည့် ရပ်ကွက်ဖြစ်သည်။

ယနေ့ နံနက် ထိုရပ်ကွက်အနီးတွင် ရှိသည့် ခလရ (၆၈) တပ် ဆက်လက်တိုက်ခိုက်ခံနေရသလို ရပ်ကွက်ထဲတွင်လည်း တိုက်ပွဲတချို့ရှိသည်ဟု ဒေသခံတချို့က ပြောသည်။

ယမန်နေ့က လားရှိုးအကျဉ်းထောင်အနီး တိုက်ပွဲများ ပြင်းထန်ခဲ့၍ အကျဉ်းထောင်ပွင့်သွားပြီဟု သတင်းထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပေ။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကလည်း လားရှိုးထောင် မပွင့်သေးဘဲ နိုင်ကျဉ်းများ မတရားအကျဉ်းချခြင်း ခံနေရဆဲဖြစ်ကြောင်း ယနေ့ ညနေက ထုတ်ပြန်ထားသည်။

အဆိုပါ ရပ်ကွက်အနီး နေထိုင်ကြသူတချို့မှာ တိုက်ပွဲများကြား ပိတ်မိနေသည့်အတွက် အကူအညီတောင်းခံမှုများ ရှိနေသည်ဟု မြို့ခံတချို့က ပြောသည်။

ယမန်နေ့က တိုက်ပွဲများပြင်းထန်နေစဉ် ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် (၁၂) ရပ်ကွက်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တချို့ ထိမှန်ပျက်စီးသလို ဒေသခံတချို့ သေဆုံး၊ ဒဏ်ရာရခဲ့သည်ဟု ကူညီကယ်ဆယ်ပေးသူ အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့က ရပ်ကွက် ၁၂ မြို့ထဲအထိကို ကြဲတာ၊ မြို့ထဲကို သုံးလုံးကြဲတယ်၊ တစ်နေရာကတော့ သုံးယောက်က သေတယ်၊ ဝပ်ရှော့ထဲကို ကျတာပေါ့နော်၊ နှစ်ယောက်က အထိနာတယ်” ဟု သူက ပြောသည်။

ထို့ပြင် မြို့အနောက်တောင်ဘက်အစွန်ရှိ ခလရ (၄၁) တပ်ကို MNDAA ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ရပ်ကွက် (၁) နှင့် ရပ်ကွက် (၄) တို့တွင် နေရာယူတပ်စွဲထားကြသည်ဟု ဒေသခံတချို့က ပြောသည်။

“ရပ်ကွက် (၁) ရိုးရာအရက်ဆိုင်ကနေ ကားကြီးဝင်း၊ အဲ့တစ်ကြောလုံးမှာ သူတို့ကို (ကိုးကန့်တပ်တွေကို) တွေ့ခဲ့တယ်၊ မြို့ အတွင်းအထဲထိကိုတော့ ဝင်မလာကြသေးဘူး” ဟု ရပ်ကွက် (၁) တွင် နေထိုင်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ခလရ (၄၁) မှ အင်အားတချို့ကမူ မြို့တွင်းသို့ ဆုတ်ခွာသွားပြီး ရပ်ကွက် (၂) တွင် ရှိသည့် မြို့တော်ခန်းမသို့ သွားရောက်ပူးပေါင်းကြသည်ဟု သိရသည်။

ခလရ (၄၁) စခန်းကို သိမ်းပိုက်ရရှိစဉ် ဖမ်းဆီး စစ်ကြောခံထားရသည့် နိုင်ငံရေးအကျဉ်းသားတချို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တချို့ ပြန်လည် လွတ်မြောက်လာကြသည်ဟု ဒေသခံတချို့ထံမှ သိရသည်။

အရပ်သားများ မြို့တွင်းမှ ဆက်လက် စွန့်ခွာနေကြသည်၊ မြို့အဝင်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်အတွက် မော်တော်ယာဉ်တချို့ မြို့ထဲတွင် ပိတ်မိနေသည်ဟုလည်း ဒေသခံတချို့က ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် စစ်ရှောင်များ မြို့တွင်းမှ စတင်ထွက်ခွာကြပြီး မြို့အနောက်တောင်ဘက် မယ်ဟန်ဂိတ်မှ ဖြတ်သန်းကြသည်၊ အများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဦးတည်ထွက်ခွာနေကြသည်ဟု သိရသည်။

“ဒီနေ့ ကားတွေ တန်းစီပြီး ထွက်လာကြတယ်၊ လားရှိုးကမြို့ခံတွေလည်း အများကြီးပဲဗျ၊ ခန့်မှန်းခြေ ကားက အစီး ၃၀၀ လောက်ရှိတယ်။ မယ်ဟန်ကနေ ထွက်တယ်၊ မယ်ဟန်က အထွက်တွေက ဘာမှမဖြစ်ဘူး” ဟု ယနေ့နံနက် မြို့တွင်းမှ ထွက်ခွာလာသည့် အထက်ပါ ကူညီကယ်ဆယ်ရေးသမား အမျိုးသားတစ်ဦးက ပြောသည်။

လားရှိုးမြို့စစ်ဘေးရှောင်များကို လားရှိုးမြို့နယ်တစ်နေရာတွင် ယမန်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ – လူမှုကွန်ရက်)

မြို့တွင်း၌ မြို့ခံလူဦးရေ၏ ၁၀ ပုံ တစ်ပုံခန့်သာ ကျန်ရှိကြောင်း၊ ကျန်နေသူအများစုမှာ ကား၊ ဆိုင်ကယ်မရှိသည့် လက်လုပ်လက်စားမိသားစုများဖြစ်ပြီး အချို့ကမူ အိမ်စောင့်အဖြစ် ကျန်ရစ်ခဲ့သူများဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် မြို့တွင်းမှ စစ်ရှောင်များ ထွက်ခွာလာသလို MNDAA တပ်ဖွဲ့ဝင်များကလည်း မြို့တွင်းသို့ တဖွဲဖွဲဝင်ရောက်နေသည်ဟု အထက်ပါ မြို့ခံ အမျိုးသားက ပြောသည်။

“ကိုးကန့်တွေကတော့ ဝင်နေပြီ၊ ကိုးကန့်တွေကတော့ ကားနဲ့ အစီးလိုက် အစီးလိုက်ဝင်သွားတာတော့ ကျွန်တော်တို့ တွေ့တယ်၊ အဝင်ကားတွေကတော့ ကိုးကန့်တွေပဲရှိတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

သိမ်းပိုက်နိုင်ပြီဟု မကြာခဏ သတင်းများ ထွက်ပေါ်နေသည့် မြို့အရှေ့ဘက် ရပ်ကွက် (၅) နှင့် မန်အိုင်ကျေးရွာ အနီးရှိ ခမရ (၅၀၇) တပ်အနီးတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

သို့သော် ခမရ (၅၀၇) တပ်တွင် မည်သည့်တပ်မျှ တပ်စွဲထားခြင်းမရှိကြောင်း စစ်မြေပြင်နှင့် အနီးဆုံးတွင် ရောက်ရှိနေသည့် ဒေသခံ သတင်းသမားအချို့က ပြောသည်။

ယနေ့နံနက်တွင် လားရှိုးမြို့၏ အရပ်လေးမျက်နှာလုံးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မကြာမီ လားရှိုးမြို့ သိမ်းပိုက်ခံရနိုင်ခြေရှိသည်ဟု စစ်ကောင်စီတပ်မှ CDM ပြုလုပ်ပြီးနောက် စစ်ရေးသုံးသပ်ချက်များ ရေးသားနေသူ ဗိုလ်ကြီးဇင်ယော်က ပြောသည်။

လားရှိုးမြို့ရှိ တပ်နှစ်ခု သိမ်းပိုက်ခံရပြီးဖြစ်သလို ခမရ (၅၀၇) အနီးဝန်းကျင်၊ ခလရ (၆၈) နှင့် လားရှိုးထောင်အနီးဝန်းကျင်တွင် တိုက်ပွဲများပြင်းထန်နေသည့်အတွက် တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြားမှပင် MNDAA က လားရှိုးမြို့ကို ရအောင်သိမ်းပိုက်သွားနိုင်သည်ဟု ၎င်းက သုံးသပ်သည်။

“ဘယ်လိုဖိအားတွေပဲရှိရှိ လားရှိုးကို ရပြီးသွားရင် သူတို့ပြန်ပြီးတော့ ပြင်ဆင်မှုလုပ်မယ်၊ ပြင်ဆင်မှုလုပ်ပြီးတာနဲ့ ရှမ်းမြောက် ရှမ်းတောင် လမ်းကြောင်းဖောက်တဲ့ စစ်ရေးစီမံချက်ကို သူတို့ မဖြစ်မနေသွားပါလိမ့်မယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

“ဒါကြောင့် လားရှိုးကို အမြန်ဆုံးရအောင် သူတို့ မဖြစ်မနေသိမ်းဖို့ ကြိုးစားပါလိမ့်မယ်ဗျ”

MNDAA နှင့် ပူးပေါင်းတပ်များ၏ စစ်ရေးရည်ရွယ်ချက်မှာ လားရှိုးမှသည် ရှမ်းတောင်၊ ထိုမှတစ်ဆင့် ကရင်နီပြည်နယ်အထိ ချိတ်ဆက်သွားနိုင်ရန် ကြိုးစားနေခြင်းဖြစ်ပြီး လားရှိုးမြို့မှတစ်ဆင့် ထောက်ပံ့ရေးလမ်းကြောင်း စတင်နိုင်သည်ဟု ၎င်းက ပြောသည်။

တိုင်းစစ်ဌာနချုပ်တစ်ခုအပြင် တပ်ရင်းဌာနချုပ်တချို့ပါ ရှိနေသည့် ပြည်နယ်မြို့တော် လားရှိုး မကျဆုံးရေး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်မှုအကြီးအကျယ်ပြုလုပ်နေသလို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အပေါ် ကြီးကြီးမားမား ဩဇာရှိသည့် တရုတ်နိုင်ငံနှင့် “ဝ” တပ်ဖွဲ့ UWSA တို့ထံတွင် ချဉ်းကပ်ကာ တိုက်ပွဲများ ရပ်တန့်ရန် ကြိုးစားနေသည်။

ထို့ပြင် လက်တုံ့ပြန်သည့်အနေဖြင့် MNDAA ထိန်းချုပ်ထားသည့် ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကို ဇူလိုင် ၁၄ နှင့် ဇူလိုင် ၂၃ ရက်တို့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နှစ်ကြိမ်အတွင်း ဒေသခံ ၄ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရကာ ဟိုတယ်တချို့နှင့် လူနေအိမ်တချို့ ပျက်စီးခဲ့သည်။

ဗုံးကြဲခံရသော လောက်ကိုင်မြို့တွင်း တစ်နေရာကို ယမန်နေ့က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ – The Kokang)

MNDAA ထိန်းချုပ်သည့် သိန္နီမြို့ကိုလည်း ၃ ကြိမ်ထက်မနည်း ဗုံးကြဲထားသည်။ သိန္နီမြို့ မြို့မဈေးကို ယမန်နေ့ (ဇူလိုင် ၁၈ ရက်) မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၅ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့သည်။

သို့သော် တိုက်ပွဲများ မရပ်ဘဲ တပ်ရင်းဌာနချုပ်တချို့လက်လွှတ်ရသလို လားရှိုးစစ်မြေပြင်မှ ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး စသည့် အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၃၀၀ ကျော်မှာ ဇူလိုင် ၂၁ ရက်က လက်နက်ချလိုက်ကြသည်ဟု MNDAA က သတင်းထုတ်ပြန်သည်။

ရှမ်းမြောက်တွင် ဇူလိုင် ၁၉ ရက်မှ ၃၁ ရက်အထိ အပစ်ရပ်ထားမည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

လားရှိုးတွင် အရေးနိမ့်ပါက စစ်ကောင်စီသည် တိုင်းစစ်ဌာနချုပ်တစ်ခုကို ပထမဆုံးအကြိမ် ဆုံးရှုံးရမည်ဖြစ်ပြီး တစ်ခုတည်းသော တရုတ်နယ်စပ်ထွက်ပေါက် မူဆယ်ကိုပါ လက်လွှတ်ရဖွယ်ရှိနေသည်။

ဇွန် ၂၅ ရက်မှ ပြန်စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် နောင်ချိုမြို့နှင့် စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး ရှမ်းမြောက်ရှိ ကျောက်မဲ၊ မိုးမိတ်၊ လားရှိုးမြို့နယ်တို့နှင့် မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေသည်။

Show More

Related Articles

Back to top button