သတင်း

၄ ရက် အပစ်ရပ်မည့် ရှမ်းမြောက်တွင် မြောက်ပိုင်းတပ်များ လားရှိုးမြို့အနီး ရောက်ရှိလာ

စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ရှိသည့် လားရှိုးမြို့အဝင် ၇ မိုင်အကွာရှိ စစ်တပ်ဂိတ်ကို MNDAA တပ်များက ရောက်ရှိ ထိန်းချုပ်လိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီကို ထိုးစစ်ဆင်နေသော တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့က ယာယီအပစ်ရပ်မည်ဟု ထုတ်ပြန်ထားသော်လည်း ယမန်နေ့ (ဇူလိုင် ၁၅) ညနေတွင် လားရှိုးမြို့အဝင် မယ်ဟန်စစ်ဆေးရေးဂိတ်ကို မြောက်ပိုင်းတပ်များက ထိန်းချုပ်လိုက်သည်။

မြို့အနောက်ဘက် ၇ မိုင်အကွာ မယ်ဟန်ကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး ယမန်နေ့ ညဦးပိုင်းက ကိုးကန့်တပ် (MNDAA) ဦးဆောင်သော မြောက်ပိုင်းတပ်များနှင့် တိုက်ပွဲဖြစ်ပြီးနောက် ထိုဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ဘက်သို့ ဦးတည်ဆုတ်ခွာသွားသည်။ 

ထို့နောက် ယနေ့ နံနက်တွင် MNDAA ဦးဆောင်သော မြောက်ပိုင်းတပ်များက မြို့အဝင်ကို ထိန်းချုပ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။

ယမန်နေ့ညက မယ်ဟန်မှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်များမှာ လားရှိုးမြို့အဝင် နားမခေါ်ရွာအနီးရှိ ဈေးဆိုင်တန်းများတွင် တပ်စွဲထားကြသည်ဟု မြို့ခံတချို့က ပြောသည်။

“နားမခေါ်မှာ (စစ်တပ်) သူတို့ထိုင်နေကြတယ်ဗျ၊ ဒီနေ့မနက်တော့ ကျွန်တော်တို့ လက်နက်ကြီးသံတွေပဲ ကြားရတယ်။ လက်နက်သေးသံတွေတော့ မကြားရဘူး၊ လေယာဉ်နဲ့ ကြဲနေတာတော့ ဒီနေ့မနက်က ၄ ခါလောက်ရှိပြီ” ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လားရှိုးမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ စစ်ကောင်စီ အခြေစိုက်တပ်များက ယမန်နေ့ တစ်နေ့လုံးနီးပါး လက်နက်ကြီးများပစ်ခတ်နေရာ ညဦးပိုင်းတွင် ပစ်ခတ်မှုများ စိပ်လာပြီးနောက် ထိုသို့တိုက်ပွဲဖြစ်ခဲ့ကြခြင်း ဖြစ်သည်။

မယ်ဟန်ကျေးရွာအနီး တိုက်ပွဲတွင် အရပ်သား ၃ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

သေဆုံးသူ သုံးဦးသည် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးဖြစ်ပြီး သေဆုံးသည့်အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရပ်သားသေတာတော့ များတယ်၊ လက်နက်ကြီးမှန်ပြီးသေတဲ့သူ သုံးယောက်ရှိတယ်ပေါ့၊ ဒါပေမဲ့ ကျွန်တော် မရှိတဲ့အချိန်မှာ လာပို့တဲ့သူတွေလည်း ရှိသေးတယ်” ဟု အဆိုပါ ကူညီသူ အမျိုးသားက ဆိုသည်။

ယနေ့နံနက်တွင် နှစ်ဖက်တပ်များ မြေပြင်တွင် ထိတွေ့မှုမရှိသော်လည်း စစ်ကောင်စီက လေကြောင်းမှ ၄ ကြိမ်ခန့်တိုက်ခိုက်ခဲ့ရာ MNDAA တပ်များ သိမ်းပိုက်လိုက်သည့် မယ်ဟန်ဗျူဟာကုန်းနှင့် လားရှိုးမြို့အရှေ့ဘက်ရှိ ခမရ (၅၀၇) တို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ထို့ပြင် မြို့တွင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်တချို့မှာ မြို့ပေါ်ရှိ (၈) ရပ်ကွက်တွင် အကျများပြီး (၁၂) ရပ်ကွက်သို့လည်း လက်နက်ကြီးကျည်တချို့ ကျရောက်ခဲ့သည်ဟု ဆိုကြသည်။

တိုက်ပွဲမဖြစ်ဘဲ မြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်စခန်းများက မြို့အရှေ့နှင့် မြောက်ဘက်များကို လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု မြို့ပေါ်ကျန်ရှိသည့် ဒေသခံနောက်တစ်ဦးက Myanmar Now ကို ပြောသည်။

“အပစ်ရပ်က လားရှိုး အကျုံးမဝင်ဘူး လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတာပဲလေ။ အခု ဖုန်းပြောနေတာတောင် သုံးလုံး ပစ်သွားပြီ။ ဒီနေ့လယ်ထိတော့ အပြန်အလှန်ပစ်ခတ်တာတွေ မကြားရသေးဘူး“ ဟု ယနေ့ ဆိုသည်။

လားရှိုးစစ်ရှောင်တချို့ကို လမ်းခရီးတစ်နေရာ၌ ဇူလိုင် ၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – Konay)

မြို့ကို စွန့်ခွာနေသည့် ဒေသခံများလည်း နေ့စဉ်ထွက်ခွာနေပြီး လက်ရှိတွင် မြောက်ပိုင်းတပ်များ ထိန်းချုပ်လိုက်သည့် မယ်ဟန်ဂိတ်မှ ထွက်ခွာ၍ ရနေကြောင်း အထက်ပါလူက ဆိုသည်။

လားရှိုးမြို့အဝင် မယ်ဟန်စစ်ဆေးရေးဂိတ်နှင့် မြို့အထွက် ဟိုပိတ်တိုးဂိတ်အနီးရှိ လားရှိုးနည်းပညာတက္ကသိုလ်တို့ကို မြောက်ပိုင်းတပ်များ ထိန်းချုပ်ထားပြီး မြို့တွင်းဝင်ထွက်နိုင်သည့် လမ်းများအားလုံးရှိ စစ်ကောင်စီတပ်စခန်းများကို ဝိုင်းထားသည်ဟု ယနေ့ မွန်းတည့်ချိန်အထိ သိရသည်။

လားရှိုးမြို့တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇူလိူင် ၃ ရက်မှစတင်ကာ လားရှိုးမြို့ပြင်ဘက်ရှိ ကျေးရွာတချို့ လက်နက်ကြီးကျရောက်မှုများကြောင့် ဟတ်ကာ၊ မန်နား၊ ပန်ဖတ်၊ ဟိုပိတ် စသည့်ကျေးရွာများမှာ ဒေသခံ ၁၀၀၀ ကျော်မှာ လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများသို့ စစ်ရှောင်လာကြသည်ဟု သိရသည်။

ယမန်နေ့တစ်နေ့လုံး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် လားရှိုးမြို့အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်ရှိ ကျေးရွာ၊ ရပ်ကွက်တချို့တွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ထိုအခြေအနေများကြောင့် လားရှိုးမြို့အရှေ့မြောက်ဘက်ရှိ ဟတ်ကာရွာ၊ မန်နားရွာနှင့် ပန်ဖတ်ရွာတို့မှ ဒေသခံများသည် ယမန်နေ့ညတွင်းချင်းပင် မြို့ပေါ် (၁၂) ရပ်ကွက်ရှိ ကန်မိန်းဘုန်းကြီးကျောင်းသို့ တိမ်းရှောင်လာကြသည်ဟု ကူညီပေးသူများက ပြောကြသည်။

ကိုးကန့်တပ် MNDAA က တရုတ်ကွန်မြူနစ်ပါတီ၏ မျက်နှာစုံညီအစည်းအဝေး ကျင်းပမည့် ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်နေ့အထိ အပစ်ရပ်ထားမည်ဖြစ်ကြောင်း တရုတ်ဘာသာဖြင့် ဇူလိုင် ၁၄ ရက်နေ့လယ်တွင် ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာလျှင်မူ ခုခံတိုက်ခိုက်မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အပစ်ရပ်ကာလ အသက်မဝင်မီ ဇူလိုင် ၁၄ ရက် ည ၁၂ နာရီခန့်အထိ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ကို MNDAA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ (၄) ရပ်ကွက်မှ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။

ရှမ်းပြည်နယ်တွင် အပစ်ရပ်ရန် ဖိအားပေးလေ့ရှိသူမှာ အိမ်နီးချင်း တရုတ်အစိုးရဖြစ်ပြီး စစ်ကောင်စီက ယခုအခြေအနေနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။

ယမန်နေ့နံနက်က တိုက်ပွဲအရှိန်လျော့ကျသွားစဉ်အတွင်း လားရှိုးမြို့မစျေးကြီးအနီး စားသောက်ကုန် ရောင်းဝယ်မှုရှိခဲ့ပြီး မြို့တွင်းလမ်းမများတွင် သွားလာနေကြသော ကား၊ ဆိုင်ကယ်များ၊ လမ်းလျှောက်သူများ ရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲများနှင့် ပိုနီးကပ်သည့် (၄) ၊ (၅) ၊ (၇) ရပ်ကွက်တို့တွင် လူအသွားအလာနည်းပါးနေပြီး (၈) ရပ်ကွက်တွင် လူအသွားအလာပိုများခဲ့သည်ဟု မြို့တွင်းကျန်နေသူများက ဆိုကြသည်။

၄ ရက်တာ ကြာမြင့်မည့် အပစ်ရပ်အမိန့်ကို တပ်ဖွဲ့ဝင်အားလုံး လိုက်နာရမည်ဟု MNDAA က ဆိုသော်လည်း စစ်ကောင်စီဘက်မှ ချိုးဖောက်ပါက တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်ခဲ့ကြသလို ယမန်နေ့ညမှစတင်၍ တိုက်ပွဲပြန်ဖြစ်ခဲ့ကြသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် MNDAA နှင့် TNLA တပ်ဖွဲ့ဝင်များကို ကွတ်ခိုင်မြို့အတွင်း ယခုနှစ် ဇန်နဝါရီ ဒုတိယပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

အပစ်ရပ်ထားမည်ဟု ပြောလာသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ ပြောရေးဆိုခွင့်ရှိသူများကို Myanmar Now က မေးမြန်းရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ် မရရှိသေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းနယ်စပ်တွင် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် TNLA အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါနှင့် မိုးမိတ်မြို့တို့တွင်သာ အပစ်ရပ်မည်ဖြစ်ပြီး မန္တလေးတိုင်း မိုးကုတ်မြို့တွင် အပစ်ရပ်မည် မဟုတ်ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်တစ်ခုက ယမန်နေ့က ပြောထားသည်။

တစ်ဖက်သတ် အပစ်ရပ်ထားသည်ဆိုသော်လည်း စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တို့အကြား နှစ်ဖက်စစ်ရေးဆက်လက်ပြင်ဆင်နေကြောင်း၊ စစ်ကောင်စီဘက်က ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်မှ ကျောက်မဲမြို့သို့ ဦးတည်ကာ စစ်ကားအစီးရေ ၂၀ ကျော်ဖြင့် စစ်ကူတက်လာကြောင်း TNLA မှ အထက်ပါ Myanmar Now ၏ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

အပစ်ရပ်ထားသော်လည်း ယမန်နေ့ ဇူလိုင် ၁၅ တစ်ရက်အတွင်း ကျောက်မဲ၊ သိန္နီ၊ မိုးကုတ်တို့တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများရှိကြောင်း TNLA က ထုတ်ပြန်ထားသည်။

ကျောက်မဲမြို့တွင် လက်နက်ကြီးကြောင့် အဖွားအိုတစ်ဦးသေဆုံး၍ လူ ၃ ဦး ဒဏ်ရာရကြောင်း၊ သိန္နီမြို့လမ်းဆုံကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပါရှိသည်။ မိုးကုတ်မြို့နယ်တွင် ရေအေးရပ်ကွက်နှင့် ပန်းမရွာသို့ လက်နက်ကြီးပစ်ခတ်ခံရပြီး အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ဆိုသည်။ ယမန်နေ့ကလည်း နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ညသန်းခေါင်တွင် အပစ်ရပ်ရန် စီစဉ်ထားကြသည့် ဇူလိုင် ၁၄ ရက်တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးကုတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် လားရှိုးမြို့တို့တွင် အရပ်သား ၅ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရကြောင်း TNLA က နေ့တွင်းချင်း ထုတ်ပြန်ထားသည်။

မိုးမိတ်မြို့ တောင်ကိုင်းရွာဘုန်းကြီးကျောင်းအနီး တပ်စွဲထားသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၂၁ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-၂၇၆ နှင့် ခလရ-၂၂၃တို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း TNLA က ဇူလိုင် ၁၄ ရက် ညတွင် ထုတ်ပြန်ထားသည်။

မိုးမိတ်မြို့ တောင်ကိုင်းရွာ ဘုန်းကြီးကျောင်း ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ထိုကျောင်းထဲမှ ဆုတ်ခွာသွားသည်ဟု သိရသည်။ ဘုန်းကြီးကျောင်း ပျက်စီးနေပုံကို ဇူလိုင် ၁၁ ရက်နေ့က စတင်ပြီး အွန်လိုင်းလူမှုကွန်ရက်တွင် မျှဝေနေကြသည်။

သီပေါမြို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ ကျောက်မဲမြို့ရှိ နောက်ဆုံးလက်ကျန် ခြေမြန်တပ်ရင်းများဖြစ်သော  တပ်ရင်း ၅၀၁ နှင့်  ၅၀၂ အနီးတစ်ဝိုက် ယမန်နေ့နံနက်အထိ ပစ်ခတ်သံများ ကြားနေရသည်၊ စစ်ကောင်စီက TNLA တပ်များ ရှိနိုင်သည့် နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရသည်ဟု ဒေသခံတချို့က ပြောသည်။ 

စစ်ဆင်ရေးပြန်စသည့် ဇွန် ၂၅ ရက်မှ ဇူလိုင် ၁၅ ရက်အထိ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ စုစုပေါင်း ၆၇ ဦး ရှိပြီး ၁၀၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA စာရင်းများက ဆိုသည်။ 

စစ်ကောင်စီ၏ ဇူလိုင် ၁၁ ထုတ်ပြန်ချက်တွင်လည်း TNLA က လားရှိုးကို ဇူလိုင်လ ၃ ရက်နေ့က စတင် တိုက်ခိုက်စဉ်  အရပ်သား ၁၈ ဦးသေဆုံး၊ ၂၄ ဦး ဒဏ်ရာရသည်ဟု ဖော်ပြထားသည်။

Show More

Related Articles

Back to top button