တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားသည့် မြို့များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူ ထိခိုက်သေဆုံးသည်အထိ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေခြင်းကို ဟန့်တားပေးရန် မြောက်ပိုင်းညီနောင်သုံးဖွဲ့က တရုတ်အစိုးရကို ဩဂုတ် ၆ ရက်တွင် ထုတ်ပြန်တောင်းဆိုထားသည်။
ပြီးခဲ့သည့် ရက်များအတွင်း ရှမ်းပြည်နယ် လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန်နှင့် ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့နယ်တို့ရှိ ဈေး၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများနှင့် တံတားများကို ပေါင် ၅၀၀ ဗုံးများအပါအဝင် ဖျက်အားပြင်းဗုံးများသုံးပြီး တိုက်ခိုက်ခဲ့သည်ဟု တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA) နှင့် ရခိုင်တပ် (AA) တို့၏ ထုတ်ပြန်ချက်က ဆိုသည်။
တိုက်ခိုက်မှုများကို ကန့်ကွက်ရှုတ်ချပြီး စစ်ရာဇဝတ်ကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို ဟန့်တားပေးရန် တရုတ်နိုင်ငံနှင့် နိုင်ငံတကာသို့ တောင်းဆိုသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီက တရုတ်ကို ဦးတည်သည့် ကန့်ကွက်ဆန္ဒပြပွဲများ နေပြည်တော်၊ ရန်ကုန်တို့တွင် စီစဉ်ပြုလုပ်သည့်နေ့တွင် ညီနောင်သုံးဖွဲ့က ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
တောင်းဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် တရုတ်တို့ထံမှ တုံ့ပြန်ချက် ထွက်မလာသေးပေ။
ပြီးခဲ့သည့် ဩဂုတ် ၅ ရက်က TNLA တပ်များ သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၆ ဦးသေဆုံးခဲ့ပြီး မြို့မဈေးရှိ ဆိုင်ခန်းပေါင်း ၃၀၀ ကျော်လည်း မီးလောင်ပျက်စီးသွားသည်။
ထိုဈေး မီးလောင် ပျက်စီးသွားသည့်အတွက် ဒေသခံများ ပိုမိုခက်ခဲလာနိုင်ကြောင်း ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဒီမှာက တခြားဘယ်မှ သွားမဝယ်ကြဘူး၊ ဒီဈေးမှာပဲ အဓိက ဝယ်ကြတာ၊ စားသောက်ကုန်ရော ကျန်တာတွေရော လူသုံးကုန်ကို အဓိက ဝယ်ကြတာ၊ အခုက တိုက်ပွဲလည်း မရှိဘဲ သက်သက် လူထုကို ဒုက္ခပေးသလို ဖြစ်နေပြီ” ဟု ထိုအမျိုးသားက ပြောသည်။
ထို့ပြင် ယနေ့ (ဩဂုတ် ၇) မွန်းလွဲ ၂ နာရီခန့်တွင်လည်း ကွတ်ခိုင်မြို့ကို စစ်တပ်က ထပ်မံဗုံးကြဲခဲ့သည်ဟု သိရသည်။ ထိခိုက်ပျက်စီးမှု အခြေအနေများကို မသိရသေးပေ။
“သိရသလောက်ကတော့ (ဗုံး) ၂ လုံး၊ ၃ လုံးလောက် ချသွားတယ်၊ နေရာက အရင်ဗျူဟာကုန်းနေရာရယ်၊ ရဲစခန်းရယ်ပါတယ်၊ လူသိပ်မရှိတော့ သေတာရှိမရှိကတော့ မသေချာဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ဇူလိုင် ၁၈ ရက်နေ့ကလည်း ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့မဈေးမီးလောင်ပြီး ဒေသခံ ၈ ဦး သေဆုံးခဲ့သည်။
ပြီးခဲ့သည် ဇူလိုင်လမှ ဩဂုတ် ၂ ရက်နေ့အထိ ကိုးကန့်တပ်များ သိမ်းပိုက်ထားသည့် သိန္နီမြို့နှင့် လောက်ကိုင်မြို့တို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၄ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။
ဩဂုတ် ၄ ရက်နှင့် ၅ ရက်နေ့တို့တွင်လည်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် စဉ့်ကူးမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၁၅ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့သည်။
သေဆုံးသွားသူများမှာ စဉ့်ကူးမြို့နယ်တွင်းရှိ ကံတောင်၊ နွယ်ရုံနှင့် လက်ပံလှ ရွာတို့မှဖြစ်ပြီး ဩဂုတ် ၄ ရက် တိုက်ခိုက်မှုတွင် နွယ်ရုံကျေးရွာတစ်ရွာတည်းမှ ကလေးငယ်တစ်ဦးအပါအဝင် ၁၁ ဦးအထိ သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်က လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခြင်းဖြစ်သည်ဟု စဉ့်ကူးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့က မစားရတဲ့အမဲ သဲနဲ့ပက်မှာပဲ၊ သူတို့လက်လွှတ်ရလို့ စဉ့်ကူးကို မဲနေတာ၊ တိုက်ပွဲဖြစ်တာမျိုး မဟုတ်ဘူး၊ သက်သက် လေကြောင်းလာကြဲတာ” ဟု သူက ပြောသည်။
MDY-PDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကလည်း အလားတူ ပြောသည်။
“အကြမ်းဖက်စစ်ကောင်စီအနေနဲ့ သူတို့လက်လွှတ်ထားပြီးသား မြို့ရွာတွေအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတာဟာ စစ်တပ်တစ်တပ်အနေနဲ့ ဂုဏ်သိက္ခာကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်၊ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်” ဟု ကိုအော်စမွန်က ပြောသည်။
အရပ်သားထိခိုက်သေဆုံးမှုများသည့် ဗုံးကြဲတိုက်ခိုက်မှုများအတွက် စစ်ကောင်စီတပ်က နှုတ်ဆိတ်နေလေ့ရှိသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီတပ်ကို ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ဆက်လက်ထိုးစစ်ဆင်နေပြီး မြို့ပေါင်းများစွာကို သိမ်းပိုက်ထားသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် ရာနှင့်ချီသည့် အရပ်သားများ သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုလုပ်ရပ်များ ရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက အစဉ်တစိုက် တောင်းဆိုထားသည်။