သတင်း

သီပေါမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ကျောက်မဲခရိုင်တွင် မြို့ ၆ မြို့ရှိသည့်အနက် ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို ထိန်းချုပ်ထားသည့် TNLA က လက်ကျန် သီပေါမြို့ကို ဆက်လက် တိုက်ခိုက်နေသည်။

မန္တလေး-လားရှိုးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ တစ်ခုတည်းသော ထိန်းချုပ်ရာမြို့ဖြစ်သော သီပေါမြို့ကို သိမ်းပိုက်နိုင်ရေး တအာင်းတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေရာ ယနေ့ (ဩဂုတ် ၁၂) တွင်လည်း တိုက်ပွဲပြင်းထန်နေ၍ မြို့ခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို ပြီးခဲ့သည့်ရက်ပိုင်းမှ စတင်ကာ ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ပြီး ယမန်နေ့အထိ မြို့အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ သီပေါအခြေစိုက် အမှတ် ၂၃ ခြေလျင်တပ်ရင်း (ခလရ) ကို အပြင်းအထန် တိုက်ခိုက်နေဆဲဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ခဲ့သလို Y 12 အမျိုးအစား လေယာဉ်ဖြင့် ၁၂ ကြိမ် လာရောက်ပြီး ဗုံးအလုံးရေ ၈၅ လုံးအထိ ကြဲချခဲ့ပြီး  ၎င်းတို့၏ မြေပြင်တပ်များအတွက် ထောက်ပို့ပစ္စည်းများကို ၅ ကြိမ် လာရောက်ပို့ဆောင်ခဲ့သည်ဟု TNLA ထံမှ သိရသည်။

ယနေ့နံနက်တွင် တိုက်ပွဲအဓိက ဖြစ်ပွားနေသည့် နေရာများမှာ မြို့အရှေ့မြောက်ဘက်ရှိ သီပေါ-နမ္မတူလမ်းပိုင်းမှ စစ်တပ်စခန်းနေရာများတွင် ဖြစ်သည်ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အသံကတော့ ကြားရတယ်ဆိုတာ ခပ်လှမ်းလှမ်းကဆိုတော့ နည်းနည်းတော့ ဝေးတာပေါ့၊ အဓိကကတော့ လက်နက်ကြီးသံတွေကတော့ တော်တော်လေးကို ကြားရတာပေါ့။ လက်နက်ငယ်သံကျတော့ ထိတွေ့မှုတွေကျတော့ နည်းနည်း ခပ်လှမ်းလှမ်းကြားရတာပေါ့။ သူတို့ (TNLA ပူးပေါင်းတပ်များ) က အခု မြို့ပြင် ၈ မိုင်လောက်က စပြီး အဝင်မခံဘူး။ (စစ်ကောင်စီ) တပ်တွေ ရှိတဲ့နေရာတွေမှာ ဖြစ်နေကြတာ” ဟု အဆိုပါ အမျိုးသားက ဆိုသည်။

သို့သော် ဖုန်းလိုင်းအခက်အခဲကြောင့် မြို့တွင်းရှိ တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေအသေးစိတ်ကို မသိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသော်လည်း ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု မရှိသေးကြောင်း သီပေါဒေသခံတချို့က အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားနေကြသည်။

သီပေါမြို့တွင် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ (၅၀၄) တပ်များလည်း အခြေစိုက်သည်။

သီပေါမြို့ပေါ်အထိ TNLA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားနိုင်သည်ဟု ဒေသတွင်းသတင်းဌာနတချို့က ဖော်ပြကြသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်နေ့က မြို့ပေါ်ရှိ အကျဉ်းထောင်ကို TNLA က သိမ်းပိုက်ခဲ့ပြီး အကျဉ်းသား ၁၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက ရေးသားထားသည်။

အကျဉ်းထောင်သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး ထိုနေ့တစ်ရက်တည်းတွင်ပင် မြို့ပေါ်ရှိ ရဲစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု အဆိုပါသတင်းက ဆိုသည်။

ထို့ပြင် သီပေါမြို့အရှေ့ဘက် ဒုဋ္ဌဝတီမြစ်အရှေ့ဘက်တွင်လည်း ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည် ဆိုသည့် သတင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ပွဲအသေးစိတ် အခြေအနေများကို သိရှိနိုင်ရန် TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်၍ မရသေးပေ။

သီပေါမြို့ အခြေအနေပြမြေပုံ။

လက်ရှိတွင် သီပေါမြို့ကို အလုံးစုံထိန်းချုပ်၍ မရသေးဘဲ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း TNLA နှင့် နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ခလရ ၂၃ ကျန်မယ်၊ ၅၀၃၊ ၅၀၄ ကျန်မယ်၊ ထောက်ပို့တပ်ခွဲ ၆၂၆ နည်းနည်းကျန်သေးတယ်။ ရန်သူ (စစ်ကောင်စီ) စခန်းကို တိုက်တာဖြစ်တယ်။ ရန်သူက ရပ်ရွာတွေကို ဗုံးကြဲတယ်” ဟု ထိုသူက ဆိုသည်။

“စစ်ကောင်စီအမြဲတမ်းပေးနေကျ ဆင်ခြေကတော့ တော်လှန်ရေးတပ်ဖွဲ့တွေက လူထုရဲ့ နေအိမ်တွေကို အကာအကွယ်ယူပြီးတော့ သူတို့ကို တိုက်ခိုက်တယ်လို့ ပြောတယ်။ ဒါက သူတို့ ပုံမှန်လိမ်နေကျအခြေအနေပေါ့”

ယနေ့ နံနက်အထိ တိုက်ပွဲများပြင်းထန်နေသောကြောင့် သီပေါမြို့ပေါ်မှ ဒေသခံအများစုမှာ မြို့မှ ပြီးခဲ့သည့် ရက်များအတွင်း မြို့မှ အလုံးအရင်းဖြင့် တိမ်းရှောင်နေကြရပြီဖြစ်ကြောင်း သီပေါမြို့အခြေစိုက် လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

“သီပေါက စစ်ရှောင်တွေကတော့ မနေ့ကတစ်ရက်နဲ့ တစ်နေ့ကတစ်ရက်တို့မှာ အားလုံးရှောင်နေကြပြီဗျ၊ ဘယ်ဘက်ကို ရှောင်နေကြတယ်ဆိုတာ အတိအကျမသိရသေးဘူး၊ ပြီးတော့ စာရင်းဇယားနဲ့ မှတ်တမ်းမှတ်ရာ မလုပ်ရသေးလို့လေ”

တိုက်ပွဲပြင်းထန်နေစဉ်ကာလဖြစ်သလို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း သီပေါမြို့တွင် ပြတ်တောက်နေသည့်အတွက် မြေပြင်အဆက်အသွယ် ခက်ခဲနေကြောင်း ၎င်းက ဆက်ပြောသည်။

သီပေါမြို့ပေါ်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခြင်း၊ မြို့ပျက်စီးခြင်းမရှိသေးသလို မြို့ခံ သုံးပုံနှစ်ပုံခန့်မှာလည်း မြို့တွင် ကျန်ရစ်နေသေးသည်ဟု သီပေါမြို့မှ စစ်ရှောင်လာခဲ့သည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်း၏အိမ်တွင်လည်း အိမ်စောင့်များအဖြစ် ဝမ်းကွဲညီအစ်ကိုမောင်နှမများ ကျန်ခဲ့ပြီး တိုက်ပွဲအတွင်း ဒေသခံများ သေဆုံးသည့် သတင်းများလည်း ကြားနေရသည်ဟု ဆိုသည်။

“ကျွန်တော်တို့က စစ်ရှောင်လာကြတော့ သူတို့ကျန်ခဲ့တယ်။ လိုင်းပေါ်မှာလည်း လက်နက်ကြီးကျလို့ အရပ်သားတွေ သေတယ်လို့ တွေ့ပေမဲ့လည်း အတည်ပြုလို့မရသေးဘူး။ မြို့ထဲမှာ ပရဟိတအသင်းနဲ့ ကြက်ခြေနီတွေ ကျန်ခဲ့တယ်။ စစ်ကောင်စီရုံးတွေအကုန်လုံး လည်ပတ်တာတွေ ရပ်သွားပြီ” ဟု အဆိုပါ အမျိုးသားက ပြောပြသည်။

ရွှေဖီမြေသတင်းဌာန၏ ယနေ့ဖော်ပြချက်အရ ဩဂုတ် ၉ ရက်မှ ယနေ့ (သြဂုတ် ၁၂) အထိ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရသူ ၉ ဦးခန့် ရှိနေသည်ဟု ဖော်ပြထားသည်။

ယနေ့ မွန်းလွဲပိုင်းအထိ မြို့တွင်းမှ တိမ်းရှောင်ရန် ပြင်ဆင်နေသည့် မြို့ခံ ရာနှင့်ချီကာ ရှိနေပြီး မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးအဆောက်အအုံများတွင် ယာယီခိုလှုံနေကြသည်ဟု ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

“ကျွန်တော်တို့ဆီလာတဲ့ သူတွေက စုရပ်တစ်ခုမှာပဲ စုနေကြတာကို ကျွန်တော်တို့က သွားပြီး ကြိုကြတာပေါ့၊ စစ်ရှောင်က ရာဂဏန်းကို ရှိပါတယ်” ဟု မြို့တွင်းရှိ စစ်ရှောင်များကို မော်တော်ယာဉ်များဖြင့် စေတနာ့ဝန်ထမ်းကူညီကယ်ထုတ်ပေးနေသူ ထိုဒေသခံက ပြောသည်။

“အခုက နေရာခွဲပြီးနေကြတာက ဘကကျောင်းတွေ၊ ဘာသာရေးကျောင်းတွေမှာ နေကြတာရှိတယ် ရပ်ကွက်တွေထဲမှာလည်း အမျိုးတွေစုပြီး နေကြတာရှိပါတယ်”

နီးစပ်ရာမြို့များ၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိမြို့များအပြင် မန္တလေးမြို့အထိ တိမ်းရှောင်နေကြသူများလည်း ရှိနေသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် ပူးပေါင်းတပ်များက ဇွန် ၂၅ ရက်မှစတင်ကာ ရှမ်းမြောက်ရှိ မြို့ကြီးများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

ပထမအကြိမ်စစ်ဆင်ရေးအတွင်း စစ်ကောင်စီသည် MNDAA ထံ ၉ မြို့၊ TNLA ထံ ၇ မြို့၊ ဝ ဒေသ ဟိုပန်နှင့် ပန်လုံ နှစ်မြို့ကို “ဝ” တပ် UWSA ထံ စွန့်လွှတ်ခဲ့ရသည်။

ယခုအကြိမ်တွင်လည်း ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) အပါအဝင် ပူးပေါင်းတပ်များက မန္တလေးတိုင်းရှိ မိုးကုတ်နှင့် စဉ့်ကူးမြို့နယ်၊ ရှမ်းမြောက်ရှိ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်မြို့နယ်တို့ကို သိမ်းပိုက်ထားသည်။

ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့၊ သီပေါ၊ မိုင်းရယ်၊ တန့်ယန်းမြို့တို့သာ စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေသေးပြီး မူဆယ်နှင့် သီပေါ ဝန်းကျင်တွင် မြောက်ပိုင်းအဖွဲ့များ ထိန်းချုပ်မြို့များရှိနေသည်။

ကျောက်မဲခရိုင်တွင် မြို့ ၆ မြို့ရှိသည့်အနက် ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို TNLA က ထိန်းချုပ်ထားပြီဖြစ်ပြီး လက်ကျန် သီပေါမြို့ကို စတင်ထိုးစစ်ဆင်နေပြီဖြစ်သည်။

ရှမ်းစော်ဘွားများ ရုံးစိုက်ရာမြို့ဖြစ်ခဲ့သည့် သီပေါမြို့သည် မြစ်ငယ်မြစ် (သို့မဟုတ်) ဒုဋ္ဌဝတီမြစ်အနောက်ဘက်ကမ်းတွင် ကပ်လျက်တည်ရှိသည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ခဲ့သည့် လားရှိုးမြို့နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁) အခြေစိုက်ခဲ့သည့် ကျောက်မဲမြို့အကြားတွင် ရှိသည့် သီပေါမြို့သည် စစ်ရေးအရ အချက်အချာကျသည့် ဒေသတစ်ခုလည်းဖြစ်သည်။ 

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ဇူလိုင်လအတွင်း ရှမ်းမြောက်ဒေသ တော်လှန်ရေးအင်အားစု အထိနာခဲ့သည်ဟု ပြောသည်။

“ဒီဇူလိုင်လအတွင်းမှာ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါဒေသတစ်ဝိုက်တိုက်ပွဲတွေမှာ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး၊ ထွက်ပြေးသူတွေ တော်တော်များခဲ့ပါတယ်” ဟု သူက ပြောသည်။

Show More

Related Articles

Back to top button