သတင်း

မုဒိမ်းမှုဖြင့် မဖွင့်ဘဲ တစ်လင်တစ်မယားပုဒ်မ တပ်သည့်အပေါ် မိသားစုက မကျေနပ်

ရန်ကုန် – အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရမှုကို ရဲစခန်းတွင် မုဒိမ်းမှုဖြင့် သွားရောက်တိုင်တန်းရာ ရဲစခန်းက မုဒိမ်းမှုဖြင့်မဖွင့်ဘဲ တစ်လင်တစ်မယားပုဒ်မဖြင့်သာ ဖွင့်ပေးထားသည့်အပေါ် ကာယကံရှင်မိသားစုနှင့် ဥပဒေကျွမ်းကျင်သူတို့ သဘောကွဲလွဲနေကြသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးက ၎င်းကို လွန်ခဲ့သည့် ရှစ်လခန့်က စကာ အဒေါ့်ယောက်ျား၏သူငယ်ချင်း အသက် ၄၀ အရွယ် အိမ်ထောင်ရှိအမျိုးသားက အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်ဟု ကာယကံရှင် မိန်းကလေးကပြောသည်။ 

အဓမ္မပြုကျင့်ခံရမှုနှင့်ပတ်သက်ပြီး မြောက်ဒဂုံမြို့မရဲစခန်းသို့ ဒီဇင်ဘာလ ၃၀ ရက်နေ့က မုဒိမ်းမှုဖြင့် သွားရောက်တိုင်ကြားရာ ကနဦး တိုင်ကြားသည့်နေ့ တွင် ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် အမႈဖွင့်ပေးခဲ့ကြောင်း၊ နောက်တစ်နေ့မနက်တွင် ရဲစခန်းသို့ ခေါ်သဖြင့် သွားရောက်သည့်အခါ တစ်လင်တစ်မယားဥပဒေ ပုဒ်မ(၁၃) ဖြင့်သာ ဖွင့်ပေးမည်ဖြစ်ကြောင်း ပြောသည်ဟု အဆိုပါမိန်းကလေး၏ အတူနေ အဒေါ်ဖြစ်သူက ပြောသည်။

“ကလေးက သူဗိုက်ကြီးမှန်းတောင်မသိဘူး။ ဆော့မြဲဆော့ သွားမြဲသွားနေတာ။ ဒီလို ကလေးကို မတရားလုပ်တဲ့ ကောင်ကို ဒီပုဒ်မနဲ့ ဖွင့်တယ်ဆိုတာတော့ ရဲစခန်း မတရားဘူး။ သူတို့ (ကျူးလွန်သူဟုစွပ်စွဲခံရသူ) ဘက်က ငွေတတ်နိုင်လို့ မုဒိမ်းမှုနဲ့ မဖွင့်ပေးရင်တောင် ကျွန်မသမီးအတွက် အထက်ထိတိုင်မှာ” ဟု ၎င်းကပြောသည်။

ထိုမိန်းကလေး၏ မိဘနှစ်ပါးစလုံး မရှိကြတော့သဖြင့် အဒေါ်ဖြစ်သူက ခေါ်ယူထားပြီး ၎င်းတို့ အိမ်နှင့်တွဲလျက် ဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်သို့ လက်ဖက်ရည် လာသောက်နေကျဖြစ်သည့် အဒေါ့်ယောက်ျား၏ သူငယ်ချင်း၊ တစ်ရပ်ကွက်တည်း နေသူ အသက် ၄၀ အရွယ် အမျိုးသားက အဓမ္မပြုကျင့်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

အဓမ္မပြုကျင့်စဉ် ပြန်ပြောလျှင်သတ်ပစ်မည်ဟု ခြိမ်းခြောက်သဖြင့် ကိုယ်ဝန်  ခုနစ်လရှိသည့်အချိန်ထိ အိမ်သားများအား ပြန်မပြောခဲ့ကြောင်း မိန်းကလေးကပြောသည်။ လရင့်မှ ဗိုက်အောင့်သည်ဟုဆိုကာ နီးစပ်ရာဆေးခန်းသို့ သွားပြရာမှ ကိုယ်ဝန် ခုနစ်လရှိကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု အဒေါ်ဖြစ်သူက ပြောသည်။

“အမှုစစ်က တစ်လင်တစ်မယားစနစ်ကလည်း ထောင်ကျမှာပါပဲ (လို့ ပြောတယ်)။ ဒီကလေးလည်း မွေးလာရင် မယူဘူး။ ကျွန်မသမီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့လည်း ကလေးသည်မိခင် ဆိုပြီး နာမည်မတပ်ချင်ဘူး” ဟု ၎င်းကဆိုသည်။

အဒေါ်ဖြစ်သူဆိုင်မှာ မရှိသည့်အချိန်၊ ဈေးသွားသည့်အချိန်များတွင် ထိုလူက ၎င်းကို အတင်းအဓမ္မပြုကျင့်လေ့ရှိကြောင်း ကာယကံရှင် မိန်းကလေးက ပြောပြသည်။

“သမီးက ဒီကလေးကို မွေးလည်း မမွေးစားဘူး။ ဦးကိုခိုင် (စွပ်စွဲခံရသူ) ကို လည်း မုန်းတယ်။ ထောင်တစ်သက်လုံး ကျစေချင် တယ်။ ဒီကလေးလည်း သံယောဇဉ် တစ်စက်မှမရှိတာ”  ဟု ဆိုသည်။

ထိုမိန်းကလေးသည် ဓမ္မတာမပေါ်သည်နှင့် ကိုယ်ဝန်ရနိုင်သည်ကိုပင် မသိရှိကြောင်း အဒေါ်ဖြစ်သူက ဆိုသည်။ ၎င်းတို့အနေဖြင့် တစ်လင်တစ်မယားဖြင့် အမှုဖွင့်ပေးထားခြင်းကို မကျေနပ်ကြောင်း၊ ၎င်းတို့သဘောတူပြီး ပေါင်းသင်းခိုင်းထားခြင်းမျိုး မဟုတ်သဖြင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း စာပို့တိုင်ကြားမည်ဖြစ်ကြောင်း ဆက်ပြောသည်။

ကျူးလွန်သည်ဟု စွပ်စွဲခံထားရသူ ဦးကိုခိုင်ကို မြောက်ဒဂုံရဲစခန်းတွင် ချုပ်ထားသည်။

ရဲ၏အကြောင်းပြချက်

တစ်လင်တစ်မယားဥပဒေ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ထားရခြင်းမှာ သက်ငယ်မုဒိမ်းသည် အသက် ၁၆ နှစ်အောက် ဖြစ်မှသာလျှင် ပြစ်မှုမြောက်ခြင်းကြောင့် ဖြစ်ကြောင်း မြောက်ဒဂုံမြို့မရဲစခန်းမှ စခန်းမှူး သက်နိုင်ဦးက ပြောသည်။

“ကျွန်တော်တို့စခန်းကို လာတိုင်ကြားတဲ့အချိန်မှာ သူကအသက် ၁၆ နှစ်နဲ့ လေးလဖြစ်နေပြီ။ (သက်ငယ်) မုဒိမ်းမှု လက္ခဏာမှာ မိန်းမက အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ၁၆ နှစ်အောက်မှမြောက်တာလေ။ နောက်တစ်ခုက သူ့အနေနဲ့က တစ်ကြိမ်တည်းဖြစ်တာလည်းမဟုတ်ဘူး။ ကျူးလွန်တဲ့အမျိုးသားကလည်း အိမ်ထောင်ရှိတယ် ဆိုတော့ တစ်လင်တစ်မယားနဲ့ဖွင့်ထားတာပါ” ဟု မြောက်ဒဂုံမြို့မရဲစခန်းမှ စခန်းမှူး သက်နိုင်ဦးက ပြောသည်။

ထို့အပြင် မုဒိမ်းမှုဖြင့် အမှုစဖွင့်ပြီဆိုပါက တရားခံဟု ယူဆရသူအနေဖြင့် လွတ်မြောက်နိုင်သဖြင့် တစ်လင်တစ်မယားဥပဒေပုဒ်မဖြင့် ဖွင့်ဆိုထားခြင်းဖြစ်ကြောင်း မြောက်ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူး မျိုးခိုင်ဦးက Myanmar Now ကိုပြောသည်။

အဆိုပါမိန်းကလေးသည် စတင်ကျူးလွန်ခံရစဉ်က အသက် ၁၅ နှစ်ကျော်ကျော်သာ ရှိသေးသည်ဟု မိသားစုက ပြောသည်။

ဥပဒေပညာရှင်တစ်ဦးကမူ ထိုအချက်ကို သဘောမတူဘဲ ရဲစခန်းအနေဖြင့် ကလေးအသက်ကျော်နေသဖြင့် သက်ငယ်မုဒိမ်းမှုဖြင့် မဖွင့်နိုင်လျှင်တောင်မှ သာမန်မုဒိမ်းမှုဖြင့် ဖွင့်နိုင်သည်ဟု ပြောသည်။

“၁၆ နှစ်အထက်ဆိုလည်း သက်ငယ်မုဒိမ်းမှု မမြောက်ရင်တောင် မုဒိမ်းမှုနဲ့ဖွင့်ပေးလို့ရတယ်။ ဒါကို တစ်လင် တစ်မယားနဲ့ ဖွင့်တယ်ဆိုရင်တော့ အဲ့ဒီဖွင့်ပေးတဲ့ ရဲစခန်းကိုပဲ ပြန်မေးရမယ်” ဟု ဥပဒေ အကူအညီ ပေးသည့် Legal Clinic Myanmar ၏ ဒါရိုက်တာ ဒေါ်လှလှရီက ပြောသည်။

တစ်လင်တစ်မယား ဥပဒေ ပုဒ်မ ၁၃ ၏ပြစ်ဒဏ်မှာ ထောင်ဒဏ်ခုနစ်နှစ် ဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ၏ အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ဆယ်နှစ် သို့မဟုတ် တစ်သက်တစ်ကျွန်းဖြစ်သည်။

Show More

Related Articles

Back to top button