ဆောင်းပါး

လှပသော ရှေးဟောင်းပုဂံမြေကို အကျည်းတန်စေသူများ

ပြီးခဲ့သည့် နှစ်သစ်ကူးရုံးပိတ်ရက်က ပုဂံသို့ သွားသည်။ ပုဂံသို့ သွားလည်းသွားချင်သည်။ သွားလည်းမသွားချင်။ သွားလိုက်တိုင်း အနာဖေးတက်နေသည့် ဒဏ်ရာဟောင်းများက ပြန်ပြန်ပေါ်လာ၍ဖြစ်သည်။ တစ်ခါရောက်တိုင်းလည်း စိတ်တိုင်းမကျစရာတွေ၊ အားမလိုအားမရ ဖြစ်စရာတွေက အသစ်အသစ်ထပ်တွေ့ရသည်။ အယုဒ္ဓယမြို့ဟောင်းတို့၊ အန်ကောဝပ်တို့၏ ရှေးဟောင်းထိန်းသိမ်းပုံနှင့် နှိုင်းယှဉ်ကြည့်ပြီး စိတ်ပျက်ဝမ်းနည်းရသည်။ မပြောချင်သော်လည်း မပြောဘဲမနေနိုင်တော့သဖြင့် ပုဂံစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး မြင်မိသည့်အလွဲများ၊ လိုအပ်ချက်များ၊ ပြင်ရမည့်အချက်များကို အကြံပြုတင်ပြလိုက်ပါသည်။ ဖွင့်ထားသော မျက်စိ၊ ဖွင့်ထားသော နားတို့ဖြင့် လက်ခံယူနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

၁။ သန့်ရှင်းသပ်ရပ်မှု

ရှေးဟောင်းဘုရားတစ်ဆူအနီး ပစ်ထားသည့်အမှိုက်များ

မြန်မာပြည်တစ်နံတစ်လျား အမှိုက်များသည် လက်ညှိုးထိုးမလွဲဖြစ်သော်လည်း ပုဂံကဲ့သို့သော တိုင်းပြည်၏ အဓိကခရီးသွားလည်ပတ်စရာဒေသတွင် ကြွပ်ကြွပ်အိတ်များ၊ ကွမ်းသွေးများ၊ ဖော့ဘူးများဖြင့် မြင်မကောင်းရှုမကောင်း အလှတန်ဆာဆင်ထားသည့်ကိစ္စကတော့ အလွန် အရုပ်ဆိုး အကျည်းတန်လွန်းသည်။ ဧည့်သည်အလာများသည့် ဘုရားအချို့ (ကန်တော့ပုလင်၊ ဓမ္မရံကြီး) တွင် အသံသွင်းထားသည့် တိပ်ခွေဖြင့် အမှိုက်မပစ်ရန် မေတ္တာရပ်ခံချက်ကို ဖွင့်ပြ သည်ဆိုသော်လည်း မလုံလောက်ပါ။ မြန်မာလူမျိုးသည် ကျောင်းမှာကတည်းက အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ဖို့ အလေ့အကျင့်ရခဲ့သူ မဟုတ်သဖြင့် မေတ္တာရပ်ခံပါသည် ဆိုရုံလောက်ဆိုလျှင် ပျင်းတောင်ပျင်းပါသေးသည်။ ဝန်ထမ်းများများ ခန့်အပ်ပြီး အမှိုက်မပစ်ဖို့ လိုက်ပြော၊ လိုက်စည်းရုံးပေးနေရမည်။ ဖြစ်နိုင်လျှင် မက်ဂါဖုန်းခေါ် လက်ကိုင်အော်လံငယ်လေးများဖြင့် အမှိုက်မပစ်ဖို့၊ ကွမ်းသွေးမထွေးဖို့ အဆက်မပြတ် သတိပေးနေရမည်။ ပစ်ချသူတွေ့လျှင်လည်း ချက်ချင်းအရေးယူနိုင်ရမည်။ အရေးအကြီးဆုံးကတော့ အမှိုက်ပုံး လုံလုံလောက်လောက် ထားရှိရေးဖြစ်သည်။

၂။ အလှူခံ/တောင်းရမ်းသူ

ဗျတ္တပန်းဆက်လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ထွက်ကာ ပိုက်ဆံတောင်းရမ်းသည့် ဒေသခံများကို တွေ့ရစဉ်

ပုဂံရှိ ဘုရားများ၊ ထမင်းဆိုင်များအနီးတစ်ဝိုက်တွင် တောင်းရမ်းစားသောက်သူများ မတွေ့ချင်မှ အဆုံးဖြစ်သည်။ ရုပ်အဆိုးဆုံးကတော့ ပုပ္ပားနှင့် ညောင်ဦးမြို့တို့ကို ဆက်သွယ်ထားသည့် ဗျတ္တပန်းဆက်လမ်း တစ်လျှောက်ရှိ ဒေသခံ တောင်းရမ်းသူများပင် ဖြစ်သည်။ မိုင်နှင့်ချီသော များပြားလှသည့် တောင်းရမ်းသူ လူတန်းကြီးသည် ပုပ္ပားမှအထွက် ဒေါင်းလည်ရွာလမ်းခွဲမှစ၍ ညောင်ဦးမြို့နယ်အတွင်း ဝင်သည်အထိ မဆုံးနိုင်အောင်ကို များပြားလှသည်။ တောင်းရမ်းသူများ ထဲတွင် သက်ကြီးရွယ်အိုများသာမက အရွယ်ကောင်းများအပြင် ကလေး သူငယ်များလည်း ပါနေသည်ကိုတွေ့ရသည်။ ကားတစ်စီးပေါ်က ပိုက်ဆံပစ်ချပေး လိုက်သည်နှင့် နောက်ကားကို မကြည့်ဘဲ အလုအယက် ဝိုင်းကောက်ကြရာ အန္တရာယ်လည်း များလှသည်။ နိုင်ငံခြားသား ခရီးသွားများအမြင်တွင် အထင်သေး စရာဖြစ်သဖြင့် တားဆီးသင့်သည်။ ပုဂံဘုရားတစ်ဆူမှာတော့ တောင်းရမ်းသူကို ဒဏ်ငွေကျပ် ၅၀ ချ၍ ရသည်ဟု ဆိုင်းဘုတ်ရေးထားသည်ကိုတွေ့ရသည်။ သို့သော် ဒဏ်ငွေသည် ခေတ်ဟောင်းက ဥပဒေဖြစ်နေရာ ဒဏ်ငွေပမာဏမှာလည်း လူရယ်စရာဖြစ်နေရာ ခေတ်နှင့်ညီအောင် ပြန်လည် ပြင်ဆင်သင့်သည်။ သည့်ထက်အရေးကြီးသည်က တောင်းစားသူများကို စာရွက်ပေါ်မှာသာ အရေးယူမနေဘဲ တကယ်အရေးယူရေး ဖြစ်သည်။

တောင်းရမ်းသူများအား ဒဏ်ငွေကျပ်(၅၀) ကောက်မည်ဆိုသော ကြေညာချက်

၃။ ဆူညံမှု

ပုဂံရှိ ရှေးဟောင်းဘုရားများသို့ လာရောက်ကြသူ မြန်မာအများစုသည် ရှေးဟောင်းသမိုင်းဝင် ပစ္စည်းများကို လေ့လာရန်၊ တရားဘာဝနာစည်းဖြန်းရန်ထက် အပျော်သဘော လာရောက်ကြသူ က များနေသည်။ အာနန္ဒာဘုရားရှိ ဆင်းတုတော်ကြီးလေးဆူအနက် နှစ်ဆူရှေ့တွင် တင်ပျဉ်ခွေကာ တရားထိုင်နေသည့် နိုင်ငံခြားသူအမျိုးသမီးနှစ်ဦးကို တွေ့ခဲ့သည်။ ထိုအချိန်တွင် အင်္ကျီ ဆင်တူဝတ်ထားသည့် ဘုရားဖူးခရီးသွားတစ်သိုက် ဆူညံစွာစကားပြောဆိုလျက် ဝင်ရောက်လာ သည်။ နိုင်ငံခြားသားများပင်လျှင် ငြိမ်သက်စွာဖြင့် လေ့လာကြည့်ရှုခြင်း၊ ဓာတ်ပုံ ရိုက်ခြင်း၊ တချို့က တရားဘာဝနာ အားထုတ်ခြင်းဖြင့် ပုဂံကို အလေးအမြတ်ပြုနိုင်ကြပြီး မြန်မာ လူမျိုးအများစုကမူ အပျော်ခရီးသက်သက် ဖြစ်နေသည်မှာ ရှက်စရာကောင်းသည်။ အာဏာပိုင်များအနေဖြင့် လူအရောက်အပေါက်များသည့် ဘုရားစေတီများ၌ မဆူညံကြဖို့ ဘုရားဖူးများ၊ ဧည့်သည်များကို လိုက်လံကြည့်ရှုသတိပေးခြင်းများ လုပ်သင့်သည်။

၄။ အသစ်ဖြစ်သွားသည့်အဟောင်း

တစ်ဆူလုံးနီးပါး အုတ်အသစ်များဖြင့် အစားထိုးထားသည့် ရှေးဟောင်းစေတီတစ်ဆူ

ပုဂံကိုချစ်သူတစ်ဦးအနေဖြင့် ပုဂံရောက်တိုင်း စိတ်ဆင်းရဲရသည့်ကိစ္စမှာ ရှေးဟောင်းဘုရားများရှိ နှစ်ပေါင်း ၇၀၀၊ ၈၀၀ သက်တမ်းရှိ အုတ်ချပ်များကြားတွင် ခေတ်အုတ်များ၊ ခေတ်ဘိလပ်မြေများကို မြင်ရခြင်းဖြစ်သည်။ ရှေးဟောင်း အငွေ့အသက်များ ပျောက်ဆုံးကုန်သည်။ အရာရာသည် အသစ်လို ဖြစ်နေသည်။ ပုဂံကိုသွားသည်မှာ အဟောင်းကိုခံစားလို၍ဖြစ်သည်။ အသစ်ကိုခံစားလိုလျှင် ယနေ့ပင် ခေတ်အုတ်ဖြင့် ဘုရားအသစ်တစ်ဆူ တည်လျှင်ရသည်။ ရှေးယခင် မြန်မာကြီးများ၏ အံ့မခန်းဗိသုကာများကို ခံစားလို၍ ပုဂံသို့သွားခြင်းဖြစ်ရာ ယခင် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်လက်ထက်က စလိုက်သည့် ဘုရားပြိုတွေ့တိုင်း အသစ်ပြင်ရေးမူအရ အဟောင်းတို့ အကြား အသစ်တို့ရောနေသည်ကိုမြင်ရသည်မှာ ရင်နာစရာကောင်းလှသည်။ တန်ဖိုးရှိလှသည့် ရှေးဟောင်း နံရံဆေးရေးပန်းချီများကိုလည်း ထုံးသုတ်ထားသည်မှာ နာကျင်ရသည်။ ဘယ်လို အတွေးအခေါ်တွေနှင့်များ ခုလို လုပ်ရပါသလဲဟု မေးခွန်းအခါခါထုတ်နေမိသည်။ ရင်နာစရာ အကောင်းဆုံးမှာ ထိုသို့ ရှေးဟောင်းဘုရားများကို ပြင်ဆင်ခြင်းမှာ မှားယွင်းသော လုပ်ရပ်မဟုတ်ဟု ခံငြင်းခဲ့သည့် ဦးခင်ညွန့်၏စကားပင် ဖြစ်သည်။

ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်၏ အဟောင်းပြင်အသစ်ဖြစ် မှတ်တမ်းကမ္ပည်းတစ်ခု

၅။ ဖိနပ်စီးခြင်း

စေတီဘုရားကျောင်းကန်များ၌ ဖိနပ်မစီးကြသည်မှာ မြန်မာ့ယဉ်ကျေးမှုဖြစ်သည်။ သို့သော်လည်း ပုဂံဘုရားအများစုတွင် သဲမြေများပေါ်၌ ဖိနပ်ချွတ်၍လမ်းလျှောက်သည့်အခါ သဲထဲရှိ သံတိုသံစများ၊ ကျောက်မှုန်စလေးများ၊ ဆူးလေးများ ခြေထောက်ကိုစူးနိုင်သည်။ အများအားဖြင့် ဘုရားပရိဝုဏ်အများစုမှာ သန့်ရှင်းသပ်ရပ်မှုမရှိရာ ဖိနပ်ချွတ်ဝင်ရသဖြင့် အဆင်မပြေပါ။ ယခုလို ဆောင်းရာသီတွင် ခြေဗလာဖြင့် ခလုတ်တိုက်မိလျှင် အတော်နာသည်။ အထူးသဖြင့် ခြေထောက်ကို သန့်သန့်ရှင်းရှင်း အလွန်ထားတတ်ကြသော ခြေအိတ်ဝတ်၊ ရှူးဖိနပ်စီးကြသည့် နိုင်ငံခြားသားများ ဖိနပ် တစ်ခါပြန်စီးတိုင်း သူတို့ ခြေထောက်ကို တစ်ရှူးဖြင့် တစ်ခါပြန်သုတ်နေကြရသည်။ ဖိနပ်မစီးစေချင်လျှင် ပရိဝုဏ် တစ်ခုလုံး လုံးဝ သပ်ရပ်နေအောင် စီစဉ်ထားသင့်သည်။ ဖိနပ်မစီးရဆိုသည်မှာ ဘုရားဟော မဟုတ်ပါ။ ဓလေ့ထုံးတမ်းသာဖြစ်သည်။ ယခုခေတ် ရိပ်သာအချို့၊ ဘုန်းကြီးကျောင်း အချို့ပင် ဖိနပ်စီးခွင့်ပြုလာကြသည်။ အရာရာကို ကျားကျား မီးယပ်မလုပ်ဘဲ အလိုက်တသင့် စီမံခန့်ခွဲသင့်သည်။ ဖိနပ်ချွတ်စေချင်လျှင်လည်း အာရုံခံ တန်ဆောင်းအဝင် ကော်ဇော၊ ဖယောင်းပုဆိုး စသည် ခင်းထားသည့်နားကျမှ ဖိနပ်ချွတ်ခိုင်း သင့်သည်။

ရှေးဟောင်းအုတ်ရိုးပေါ်မှ မင်ဖျက်ဆေးဖြင့် ရေးထားသည့်စာ

၆။ မြို့အင်္ဂါရပ်ချို့တဲ့သောမြို့တွင်းလမ်းများ 

ပုဂံသို့လာသော နိုင်ငံခြားသားများထံမှ ဇုန်ဝင်ကြေးများစွာ ကောက်ခံနေသော် လည်း ပုဂံညောင်ဦးမြို့တွင်း အနီးတစ်ဝိုက် မြို့များမှာမူ အခြေခံ အဆောက်အအုံများ အားနည်းလှသည်။ လမ်းများသည် ကျဉ်းလွန်းပြီး ပေါက်ပြဲသည့်နေရာများ လည်း ရှိနေသည်။ လူနေရပ်ကွက် အတွင်းလမ်းများဆိုလျှင် မြေသား လမ်းသာရှိပြီး ရေမြောင်း၊ အမှိုက်စွန့်ပစ်ရာနေရာ စသည်တို့မှာလည်း နည်းပါးလှသည်။ တိုင်းပြည်၏အထင်ကရနေရာ ဖြစ်သည့် ပုဂံမြို့အနီးတစ်ဝိုက်ရှိ လူနေရပ်ကွက်များ၊ အဓိက လမ်းမများကြီးများသည် အမေရိကတို့၊ ဂျပန်တို့လောက်မကောင်းလျှင်တောင် ယခုထက်တော့ ပိုမိုသန့်ရှင်းအဆင့်မြင့် လှပနေသင့်သည်။

ခေတ်ဘိလပ်မြေအကွက်များကြားမှ ရှေးဟောင်းနံရံဆေးရေးစာ

၇။ လောဘဇောတိုက် လူခေါ်ပွဲစားများ

တန့်ကြည့်တောင်ကူးသည့် မော်တော်ဆိပ်ရှိရာ ဘူးဘုရားအောက်ဘက်သို့ ဆင်းလာသည်နှင့် လူခေါ်ပွဲစားများဝိုင်းလာပြီး အမဲဖျက်ဖို့ ကြိုးစား ကြသည်။ မော်တော်စီးခမှာ တရားဝင်ဈေးအားဖြင့် စင်းလုံးငှား ကျပ် ၂၅,၀၀၀ ဆိုထားသော် လည်း ၎င်းတို့က ၄၅,၀၀၀ အထိ တောင်းသည်။ လူအလာများချိန်မို့လို့ ထိုသို့ တောင်းရပါသည် ဟု ဆိုထားသည်။ ခရီးသည်တစ်ဖွဲ့ကို ပွဲစား သုံး၊ လေးယောက်လောက်က ဝိုင်းနေပြီး သူတို့ အချင်းချင်းလည်း စားမာန်ခုပ်နေကြသည်။ ငါ့လူ၊ သူ့လူတွေ သတ်မှတ်ပြီး အချင်းချင်းလည်း ရန်ဖြစ်နေကြသည်။ မော်တော်များကြည့်ပြန်တော့လည်း ဘေးကင်းရေး အစီအမံအားနည်းလှ သည်။ သက်ကောဗောကွင်းများ၊ သက်ကယ်အင်္ကျီများ မတွေ့ရ။ စင်းလုံးငှားမဟုတ်ဘဲ အများနှင့် ဝိုင်းစီးမည်ဆိုပါက မော်တော်တစ်စင်းကို လူဘယ်နှဦးသတ်မှတ်ထားပါသလဲ ဆိုတော့ ထိုသို့ မသတ်မှတ်ထားဟု ပြောသည်။ ကိုက်လောက်သည့် လူဦးရေ ရသည်အထိ တင်မည့်သဘော။ အသက်အန္တရာယ်တွေများလှသည်။

ဓမ္မရံကြီးဘုရားတံတိုင်းပေါ်တွင် တိရစ္ဆာန်စာအဖြစ် ကျွေးထားသည့် ထမင်းစေ့များ

၈။ ရည်းစားစာလိုက်ပေးသည်နှင့်တူသော ဈေးသည်များ

ဧည့်သည်ကို ဈေးသည်များက အလုအယက်ဝိုင်းရောင်း တာကတော့ မြန်မာပြည်မှာ မထူးဆန်း။ သို့သော် နိုင်ငံခြားသားများကို အတင်းကာရော ဣန္ဒြေ ပျက်လောက်အောင် လိုက်ရောင်းတာကတော့ ရုပ်ဆိုးသည်။ ဟိုက မယူပါဘူးဟု ငြင်းနေတာ တောင် ဘေးကနေ တောက်လျှောက်လိုက်ရောင်းနေသည်ကို မြင်ရသည်မှာ ရည်းစားစာလက်မခံချင်သည့် မိန်းကလေးကို အတင်းစာလိုက်ပေးနေပုံနှင့် တူသည်။ ထိုအကျင့်သည် တိုင်းပြည်နှင့်လူမျိုး၏ ဂုဏ်သိက္ခာကို ဆွဲချနေခြင်းဖြစ်သည်။

၉။ ကိုယ်ပျောက်တာဝန်ရှိသူတွေ

ရှေးဟောင်းမြို့ရိုးတံတိုင်းပေါ်သို့ တက်နေသည့်လူအချို့

ရှေးဟောင်းနယ်မြေဟု ဆိုသော်လည်း ရှေးဟောင်းပစ္စည်းကို တန်ဖိုးထားတတ်ဖို့ ပညာပေးမှု အားနည်းခြင်း၏ ပြယုဂ်တစ်ခုအဖြစ် ဘုရားနံရံများပေါ်တွင် မင်ဖျက်ဆေးဖြူဖြူလေးများဖြင့် “အမှတ်တရ”တို့၊ ဘယ်သူဘယ်ဝါကို ချစ်တယ်တို့ လက်ကမြင်းထားကြသည့် စာကြောင်းလေးများစွာက ပုဂံချစ်သူတစ်ဦး၏ ရင်ကို ဓားဖြင့် မွှန်းနေဘိသကဲ့သို့ရှိသည်။ မထင်မရှား ဘုရားငယ်များမှာသာမက အာနန္ဒာတို့၊ ဓမ္မရံကြီးတို့ သဗ္ဗညုတို့လို့ အထင်ကရ ဘုရားများ၏နံရံပေါ်မှာပင်လျှင် စာမရေးရမနေနိုင်သူတို့ လက်ချက်က မကင်း။ ဒါ့ပြင် သရပါဂိတ်စသည့် အန္တရာယ်ရှိ နေရာများအပေါ် လူတွေ တက်ကြသည်။ တားဆီးမည့်သူမရှိ။ လူမှုကွန်ရက်ပေါမှာ ပွထလာမှ တာဝန်ရှိသူတွေက သူတို့ ဘယ်လိုဘယ်ပုံ ဖြေရှင်းပါမယ် ထရှင်းသည်။ အမှန်ဆို ဒါတွေက မဖြစ်ခင်ကတည်းက ကြိုတင် တားဆီးထားရမည်ဖြစ်သည်။ လုပ်လျှင်လည်း ချက်ချင်းတားဆီးရမည်။ မလုပ်ဖို့ လိုက်တားတာ၊ လိုက်ဖျက်နေတာ၊ ပညာပေးနေတာလည်း မတွေ့ရ။ ဘုရားဂေါပကများ၏ တာဝန်၊ ရှေးဟောင်း သုတေသန ဦးစီးဌာန၏တာဝန်ဝတ္တရားများကို မေးခွန်းထုတ်စရာ။ မြန်မာလူမျိုးမည်သည် ဆိုင်းဘုတ်လေးရေးပြီး ဘာမလုပ်ရ၊ ညာမလုပ်ရ တားရုံဖြင့် မရ။

ဇာတ်ပေါင်းလျှင် ပုဂံသည် ယခုထက်ထိ ယူနက်စ်ကို ရှေးဟောင်းသမိုင်းဝင်စာရင်းဝင်ရန် ကုန်းအတက်မှာ စက်ကုန်ဖွင့်ရုန်းနေရဆဲဖြစ်သည်။ သူ့အပေါ်တင်ထားသည့် ဝန်ပိုတွေက များလေစွ။

Show More

Related Articles

Back to top button