သတင်း

မြောက်ဦးပစ်ခတ်မှုကြောင့် လူခုနစ်ဦးဒဏ်ရာရ၊ နေအိမ်တစ်လုံးမီးလောင်ကျွမ်း

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာအတွင်းသို့ ယမန်နေ့ညနေ ၇ နာရီခွဲခန့်က လက်နက်ကြီးကျည်ဆန်များ ကျရောက်လာသောကြောင့် လူ ခုနစ်ဦးခန့် ဒဏ်ရာ ရရှိသွားသည်။

ဒဏ်ရာရသူများမှာ အမျိုးသမီးကြီး သုံးဦး၊ အမျိုးသားတစ်ဦး၊ ဒုတိယတန်း ကျောင်းသူတစ်ဦးနှင့် အလယ်ဈေးအုပ်စုမှ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရသွားကြောင်း သိရသည်။

ထို့ပြင် အိမ်တစ်ဆောင် မီးလောင်သွားသဖြင့် ထိုအိမ်ရှိ ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားသည်။

ယောက်ျားတစ်ယောက်ကတော့ ဘယ်ဘက်လက်မှာ ဒဏ်ရာရထားတယ်။ တံတောင်ဆစ်နဲ့လက်ကောက် ဝတ်ကြားမှာပေါ့။ ဒဏ်ရာကတော့ပြင်းတယ်ဟု ဒဏ်ရာရသူများကို ဆေးကုသပေးနေသည့် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းနေဝင်းက ပြောသည်။

ဒဏ်ရာရသူများမှာ ဒေါ်သိန်းသိန်း (၅၁) နှစ်၊ ဦးမောင်ဝင်းရီ (၃၆ နှစ်)၊ မစိုးမြသန်း (၃၆ နှစ်)၊ ဒေါ်ရီနွယ် (၃၈ နှစ်)၊ မမြင့်အေး (၂၁ နှစ်) နှင့် မြတ်မြတ်ဝေ (၈ နှစ်) တို့ဖြစ်သည်။

၁၈ ရက်နေ့နံနက် နာရီခွဲခန့်တွင်လည်း မြောက်ဦးအနီးတစ်ဝိုက် စခန်းချထားသော တပ်မတော် စစ်ကြောင်းများက အမြောက်များဖြင့် ပစ်ခတ်နေသည့်အတွက် တစ်မြို့လုံး လမ်းသွားလမ်းလာများ မရှိဟု ဒေသခံတစ်ဦးက ဆိုသည်။

မြောက်ဦးမြို့တွင်း ရွှေတောင်၊ ဟာရီတောင်၊ မင်းသားကြီး ရွှေဘန်းတောင်၊ ပွဲကြည့်တောင်နှင့် တခြား တောင်ကုန်းများတွင်လည်း တပ်မတော် စစ်ကြောင်းက နေရာယူထားကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သော ၁၆ ရက်နေ့ကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့အား သေနတ်ကျည်ဆန်ထိမှန်ခဲ့သည့်အတွက် မြောက်ဦးဆေးရုံမှာ ကုသနေရဆဲဖြစ်သည်။

မေတ္တာရပ်ခံ

တပ်မတော်နှင့် အေအေတို့အကြား အရှိန်ပြင်းထန်လာနေသော တိုက်ပွဲများကြောင့် မတ်လ ၁၅ ရက်နေ့က မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း လက်နက်ကြီးများ ကျရောက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မြန်မာရှေးဟောင်း သုတေသန ပညာအသင်းက မတ်လ ၁၈ ရက်နေ့စွဲဖြင့် မေတ္တာရပ်ခံချက်တစ်စောင် ထုတ်ပြန်ထားသည်။

ယင်းတွင် မြောက်ဦးသည် နိုင်ငံတော်အဆင့်အစောင့်အရှောက်ခံ အမွေအနှစ်ဖြစ်ခြင်းကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်းနေသည့်အချိန်တွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးနိုင်မှု၊ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရရေး ကြိုးပမ်းမှုတွင် အဟန့်အတားဖြစ်လာနိုင်ခြေများအပေါ် ၎င်းတို့ အသင်းက စိုးရိမ်မကင်းဖြစ်သည်ဟု ဆိုထားသည်။

ထို့ပြင် မြန်မာနိုင်ငံ လက်မှတ်ရေးထိုးထားခဲ့သည့် ၁၉၅၄ ခုနှစ် ဟေ့ဂ်နိုင်ငံတကာသဘောတူညီချက်အရ ယဉ်ကျေးမှုအမွေအနှစ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် စစ်မက်ဖြစ်ပွားခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို ခံတပ်သဖွယ် အကာအကွယ်ယူ အသုံးပြုခြင်းများကို ရှောင်ကြဉ်ရန် ပြဋ္ဌာန်းထားခြင်းကြောင့် မြောက်ဦးယဉ်ကျေးမှုဒေသကို စစ်မဲ့ဇုန်အဖြစ် နှစ်ဖက်အဖွဲ့အစည်းများ သဘောတူညီချက်ထားပေးရန် မေတ္တာရပ်ခံကြောင်း ဆိုထားသည်။
 

Show More

Related Articles

Back to top button