သတင်း

ပုဂံတွင် ပစ်သတ်ခံရသူ ကိုမိုးမြင့်အောင်နာရေး ထောင်နှင့်ချီတက်ရောက်

မန္တလေးတိုင်း၊ ပုဂံမြို့ရှိ နေအိမ်တစ်အိမ်ကို စစ်တပ်က ဝင်ရောက်ရှာဖွေစဉ် ပစ်သတ်ခံရသူ ကိုမိုးမြင့်အောင်၏ နာရေးအခမ်းအနားကို ယနေ့ (မေ ၃၁)နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဒေသခံ ထောင်နှင့်ချီတက်ရောက်ခဲ့သည်။ 

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့် အသက် ၂၇ နှစ်အရွယ် ကိုမိုးမြင့်အောင်ကို ပုဂံမြို့သစ်သုသာန်တွင် ယနေ့ မနက် ၁၀ နာရီက ဂူသွင်းသင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်။

ရှေးဟောင်းစေတီများကြောင့် နိုင်ငံတကာတွင် ထင်ရှားသည့် ပုဂံရှိ ပျူစောထီးရုံးတန်းရပ်ကွက်မှ ကိုမိုးမြင့်အောင်၏ နေအိမ်တွင် သေနတ်နှင့် လက်နက်ခဲယမ်းများရှိသည်ဟု စွပ်စွဲချက်ဖြင့် ယမန်နေ့ မနက်ပိုင်းတွင် ရဲနှင့် စစ်သား အင်အား ၂၀ ဝန်းကျင်က ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။

ထိုသို့စီးနင်းစဉ် ကိုမိုးမြင့်အောင်က အိပ်ခန်းတံခါးပေါက်ကို ထပိတ်ရာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။ 

“သူတို့က ခြေထောက်နဲ့ ဆောင့်ကန်လိုက်တော့ အပေါက်က ပွင့်သွားပြီးတော့ အမျိုးသားကို သေနတ်နဲ့ ပစ်လိုက်တာ။ ဗိုက်မှန်သွားတယ်”ဟု  ကိုမိုးမြင့်အောင်၏ ဇနီးဖြစ်သူက Myanmar Now ကို ပြောသည်။ 

“သူတို့က သေနတ်လာရှာတယ်လေ။ အဲ့ဒါကို မတွေ့ဘဲနဲ့ သေနတ်နဲ့ ပစ်လိုက်တာ။ အခန်းထဲက အပေါက်ကိုဖွင့်ပြီးတော့ သေနတ်ပစ်လိုက်တာ။ သူက အဲ့ဒီကတည်းက စကားမပြောနိုင်တော့တာ”  

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ကိုမိုးမြင့်အောင်၏ ယောက်ဖဖြစ်သူနှင့် ညီနှစ်ဦးကို ရိုက်နှက်ဖမ်းဆီးကာ လက်နောက်ပြန်ကြိုးတုပ်ခေါ်ဆောင်သွားကြောင်း၊ ရင်ဘတ်ဘယ်ဘက်ခြမ်း နှလုံးအောက်ဘက်နား နေရာကို ထိမှန် ဒဏ်ရာရထားသည့် ကိုမိုးမြင့်အောင်ကို စစ်ကားပေါ်သို့ ပစ်တင်ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များက ပြောသည်။ 

ကိုမိုးမြင့်အောင်၏ ရုပ်အလောင်းကို ထိုနေ့ ညနေပိုင်းက ညောင်ဦးဆေးရုံတွင် ထုတ်ယူခွင့်ရခဲ့သည်ဟု မိသားစုဝင်များက ဆိုသည်။

ကွယ်လွန်ချိန်တွင် ကိုယ်ဝန် ၃ လလွယ်ထားရသည့် ဇနီးသည် ကျန်ရစ်သည်။

ကြုံရာကျပန်းအလုပ်လုပ်ကိုင်သူ ကိုမိုးမြင့်အောင်သည် မကြာသေးခင်အချိန်များအတွင်း ဘူးခွံပုလင်းခွံကောက်ပြီး ပြန်ရောင်းခြင်းဖြင့် အသက်မွေးသူသာ ဖြစ်သည်ဟု မိသားစုဝင်များက ဆိုသည်။

“သူက ထမင်းတစ်နပ်တောင် ရုန်းကန်စားသောက်နေရတာ။ ဆန္ဒပြတာတောင် မလိုက်ဘူး။ သူ့ဆီမှာ ဘာလက်နက်မှ မရှိဘူး။ အဆက်အသွယ်လည်းမရှိဘူး။ ဆက်စပ်မှုလည်းမရှိဘူး။ စခန်းက ပြောလိုက်တာက အိမ်မှားပြီး ဝင်တာ” ဟု ကိုမိုးမြင့်အောင်၏ ညီအစ်ကိုဝမ်းကွဲတော်စပ်သူက ပြောသည်။

ထိုနေ့က ကိုမိုးမြင့်အောင်နှင့်အတူ ညီ ၂ ဦး၊ ယောက်ဖတို့ကိုလည်း ခေါ်ဆောင်သွားပြီး ညပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

လက်နက်ခဲယမ်းရှိသည်ဟု စွပ်စွဲချက်ဖြင့် ဝင်ရောက်ရှာဖွေစဉ် အကြောင်းမဲ့သက်သက် ပစ်ခတ်သတ်ဖြတ်မှုအပေါ် လက်ခံနိုင်စရာမရှိကြောင်း၊ ဥပဒေကြောင်းအရ တုံ့ပြန်နိုင်သည့် အခြေအနေမရှိကြောင်း မိသားစုဝင်က ပြောသည်။ 

“ဒီကိစ္စက ဘာဆက်လုပ်လို့ရမှာလဲ။ တရားဥပဒေမှ မရှိတာ။ သူတို့လုပ်ချင်သလို လုပ်နေကြတာပဲ။ ကျွန်တော်တို့က ခံဆိုလည်း ခံနေရမှာပဲ။ ဒါပေမဲ့ ဒီမဟုတ်တာကြီးကို ခံလိုက်ရတာတော့ ရင်ထဲမှာမကောင်းဘူးပေါ့” ဟု ကိုမိုးမြင့်အောင်၏ ညီဝမ်းကွဲတော်စပ်သူတစ်ဦးက ပြောသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ 

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရသည့် အရပ်သားပြည်သူ ၈၄၀ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက မေ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီကမူ ၃၀၀ ခန့်သာ သေသည်ဟု ပြောသည်။

Show More

Related Articles

Back to top button