အတွေးအမြင်

သူရဲဘောကြောင်သူများက မြောက်ဦးကို ဓားစာခံလုပ်ထားသည်

ရခိုင်၏အမှတ်လက္ခဏာဖြစ်သော ရခိုင်ဘုရင်နောက်ဆုံးစိုးစံရာ မြောက်ဦးမြို့သည် စစ်ကောင်စီလက်ထက် ပစ်မှတ်ထားခံရသော နေရာတစ်ခုဖြစ်လာပြီး စက်တင်ဘာလဆန်းအတွင်း လက်နက်ကိုင် ယူနီဖောင်းဝတ်စစ်သားများက ရှေးဟောင်းဘုရားများရှိသော နန်းရာကုန်းတွင် တပ်စွဲထားလိုက်ပြီး ဒေသခံများကို ဖိနှိပ်ခြိမ်းခြောက်နေသည်။ 

ယခုနှစ် ဇွန်လအတွင်းမှစ၍ ပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ရေးတင်းမာလာသည့် စစ်ကောင်စီတပ်က ဒေသတွင်း စစ်အင်အားအများအပြား ပို့ဆောင်လာသည်။

ဩဂုတ် ၂၅ တွင် စစ်သား ၁၃၀ ခန့်က ကျောက်တော် မဟာမုနိဘုရားအနီးမှ မြောက်ဦးမြို့နယ် လင်းမြွေတောင်ဘက်သို့ ကျေးရွာများအတွင်းမှ ဖြတ်ကာ ဝင်ရောက်လာ၍ ဒေသခံများ အထိတ်တလန့် ဖြစ်ခဲ့ရသည်။

နောက် ၃ ရက်အကြာတွင် ကျောက်တော်ဘက်မှ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းတစ်ခု ထပ်တက်လာရာ မြောက်ဦးမြို့မြောက်ဘက် ၇ မိုင်ခန့်အကွာ လက္ကာရွာနှင့် အောက်သကန်ရွာ အကြားတွင် AA က မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။

ထိုစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် တစ်နာရီခန့်အကြာတွင် အနီးအနားရှိ စစ်ကောင်စီတပ်စခန်းရှိရာ နေရာ ၆ ခုဖြစ် သော ၅၄၀၊ ၃၇၇၊ ၃၇၈ တပ်ရင်းများနှင့် ငွေတောင်ပေါက်၊ တိန်ညို၊ လင်းမြွေတောင်စခန်းနေရာများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ပေါ်သို့ လက်နက်ကြီးကျခဲ့သည့်အပြင် တိုက်ပွဲဧရိယာအတွင်းမရှိသော မြို့အနောက်ဘက်ကျေးရွာတစ်ခုအတွင်း လက်နက်ကြီးကျ၍ အသက် ၄ နှစ်အရွယ် ကလေးနှင့် လူကြီး ၂ ဦး သေဆုံးခဲ့သည်။

မြောက်ဦးမြို့ဟောင်းရှိ ဘုရားစေတီပုထိုးများကို ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ်။

မြောက်ဦးမြို့ထဲ စစ်သားများ ဝင်လာခြင်း

စက်တင်ဘာလ ၄ နံနက် ၁ နာရီခန့်တွင် စစ်ကောင်စီက မြောက်ဦးမြို့ထဲသို့ လက်နက်ငယ်၊ လက်နက်ကြီးဖြင့် စစ်ကားသုံးစီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် မြို့ခံလူထု ထိတ်လန့်ခဲ့ရသည်။ 

ထို့နောက် မြောက်ဦးမြို့အနှံ့အပြားတွင် စစ်တပ်က လုံခြုံရေးတင်းကျပ်လိုက်ပြီး ဒေသခံတို့ကို စစ်ဆေးမေးမြန်းလာသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ဟာသဗီဒီယိုများနှင့် စစ်ရေး၊ နိုင်ငံရေးအခြေအနေများကို မျှဝေရင်း လူသိများသူ ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့်ကို ထိုနေ့ နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်သားနှင့် ရဲအင်အား ၂၀ ခန့်က နေအိမ်၌ ဝင်ရောက်ဖမ်းဆီးသည်။

ထိုအခြေအနေတွင် AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြောက်ဦးမြို့သည် သူရဲဘောကြောင်သူများ၏ လက်ထဲသို့ ဓားစာခံအဖြစ် ကျရောက်နေသည်ဟု ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။ 

ထိုနေ့ညတွင်ပင် မြောက်ဦးဈေးကို မီးရှို့မည်ဟု သတင်းများထွက်လာ၍ ဒေသခံများ ထိတ်လန့်ခဲ့ကြသည်။

စက်တင်ဘာ ၆ တွင်လည်း မြောက်ဦးဈေးတွင် ဗုံးတွေ့သည်ဟု ဆိုကာ စစ်ကောင်စီတပ်က ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။ စက်တင်ဘာ ၈ တွင် မြောက်ဦးမြို့မဈေးအနီး တောင်ရပ်ခွဆုံ၊ နန်းရာကုန်းအရှေ့ဘက်၊ ခမရ ၅၄၀ ရှေ့၊ သင်္ဘောဆိပ် ဆင်းလမ်းနေရာများတွင် စစ်တပ်နှင့် ရဲများ ပေါင်း၍ စစ်ဆေးခဲ့သည်။ စက်တင်ဘာ ၁၆ က မြောက်ဦးမြို့နယ်အတွင်း ပရဟိတသမားများ လိုက်ပါလာသည့် မော်တော်ကားကို မြောက်ဦးအခြေစိုက် ခမရ ၅၄၀ တပ်ရင်းဂိတ်က လိုက်လံပစ်ခတ်ခဲ့သည်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ကုန်ခဲ့တဲ့ ရက်ပိုင်းတွေကလည်း မြောက်ဦးမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ နန်းရာကုန်းအပါအဝင် မြောက်ဦးမြို့က ရခိုင်တို့၏ အထွတ်အမြတ်ထားရာ သမိုင်းဝင် ရှေးဟောင်းစေတီ၊ ဘုရားပုထိုးတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာ၊ မြောက်ဦးမြို့ထဲကို စီးနင်းဝင်ရောက်ပြီး ရိက္ခာဖြတ်တောက်ဖို့ ဈေးကို ပိတ်ထားတာတွေကိုပါ ဗြောင်ကျကျ လုပ်ဆောင်လာပါတယ်” စက်တင်ဘာ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် စက်တင်ဘာ ၁၉ ည ၁၁ နာရီခန့်က မြောက်ဦးမြို့ တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ပြန်သည်။

ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် စပါးဆိပ်ရပ်ကွက်မှ လူနေအိမ်တစ်လုံးကို လက်နက်ကြီးကျည် ထိမှန်ခဲ့သည်။

လက်ရှိ မြောက်ဦးမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ညအချိန်များတွင် စစ်တပ်က ကင်းပုန်းဝပ်၊ လက်နက်ငယ်၊ လက်နက်ကြီးများကို ပစ်ဖောက်နေသဖြင့် စိုးရိမ်ထိတ်လန့်နေရသည်ဟု မြို့ခံများက ဆိုသည်။ 

“စစ်ကောင်စီဟာ မြောက်ဦးကို အဓိက ပစ်မှတ်ထားပြီး ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေတာဖြစ်တယ်။ အခုဆိုရင် နေ့ဘက် အပြင်ထွက် ဈေးသွားပြန်ရင်လည်း လမ်းခွဆုံတိုင်းမှာ လက်နက်အပြည့်အစုံနဲ့ စစ်ဆေးတယ်။ ညဘက်ဆိုရင်လည်း ဘယ်အချိန် ပစ်ခတ်သံကြားရမလဲဆိုပြီး ထိတ်လန့်နေရတယ်။ AA ကို တိုက်မနိုင်တော့တဲ့ စစ်ကောင်စီဟာ သူတို့လက်လွှတ်လိုက်ရမယ့်အခြေအနေနဲ ရင်ဆိုင်လာရတဲ့ မြောက်ဦးကို တစ်စစီ ဖျက်ပစ်ချင်နေပြီလား မသိဘူး” ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

မြောက်ဦးမြို့ဟောင်းအတွင်းနံရံတွင် ထုဆစ်ထားသော အနုပညာလက်ရာများကို ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ်။

မြောက်ဦး

ကောဇာသက္ကရာဇ် ၇၉၂ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်နေ့တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင်ထူထောင်ခဲ့သည့် မြောက်ဦးသည် မြို့သက်တမ်း  ၅၉၂ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

အာရှတွင် နန်းသက်အရှည်ကြာဆုံး မြို့တော်များအထဲမှ တစ်ခုဖြစ်ခဲ့သည့် မြောက်ဦးသည် နန်းသက် နှစ်ပေါင်း ၃၅၄ နှစ်ထိ ရှည်ကြာခဲ့ပြီးနောက် ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ်၌ ရခိုင်ဘုရင် မဟာသမ္မတရာဇာမင်းလက်ထက် ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း၏ သိမ်းပိုက်ခြင်းကို ခံရသည်။ 

၁၇၈၄ ခုနှစ် မြောက်ဦးကျဆုံးချိန်မှစ၍ ရေတွက်လျှင် မြောက်ဦးမြို့သည် နှစ်ပေါင်း ၂၃၈ နှစ်ကြာ မင်းဆက်ပျောက်ခဲ့ပြီဖြစ်သည်။ ယင်းသို့ မင်းဆက်ပျောက်ခဲ့သည့် ပြာသိုလကွယ်နေ့ ကျရောက်တိုင်း ရခိုင်ဘုရင့်အချုပ်အခြာကျဆုံးနေ့အခမ်းအနားကို မြောက်ဦး နန်းရာကုန်းထက်နှင့် ရခိုင်ပြည်အနှံ့ ပြုလုပ်လေ့ရှိသည်။ 

လက်ရှိတွင် မြောက်ဦးမြို့ကို ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သည့် UNESCO ၏ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း ဝင်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က တင်သွင်းခဲ့သည်။ 

တစ်ကျော့ပြန် စစ်မဖြစ်မီ ၂၀၂၂ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီအတွင်း အီတလီနိုင်ငံသား ရေအသုံးချမှုပညာရှင် ပါမောက္ခ Massimo Sarti က မြောက်ဦးမြို့ ထိုစာရင်းဝင်နိုင်ရေးအတွက် ရှေ့ပြေးကွင်းဆင်းမှုအဖြစ် မြောက်ဦးမြို့၏ ရေအသုံးချမှုစနစ်ကို ကွင်းဆင်းလေ့လာခဲ့သေးသည်။ 

လာမည့်နှစ်တွင် ယူနက်စကိုမှ ပညာရှင်များက လာရောက် ကွင်းဆင်း လေ့လာကြတော့မည်ဟု သိရသည်။

ဤအခြေအနေတွင် မြောက်ဦးမြို့သည် ဗုံးသံ၊ အမြောက်သံတို့ ကြား၌ စစ်ဘေးသင့်ပြည်သူများကို လုံခြုံမှု မပေးနိုင်သည်အထိ ဖြစ်နေပြီး ရှေးဟောင်းပုထိုး၊ စေတီ၊ ကျောင်းကန်ဘုရားတို့မှာလည်း ကျည်သင့်ခဲ့ရသည်။

မြောက်ဦးမြို့ဟောင်းအတွင်းနံရံတွင် ထုဆစ်ထားသော အမျိုးသမီးသရုပ်ဖော်ပုံလက်ရာတစ်ခုကို ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ်။

AA သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးစားနေသည့် မြောက်ဦးမြို့ နှင့် မြို့ပတ်ဝန်းကျင်ရှိ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်နေရာများကို ဂရုပြု ရှောင်ကြဉ်သော်လည်း စစ်ကောင်စီတပ်သည် တိုက်ပွဲအတုများ ဖန်တီးကာ မြို့အတွင်း လူနေအိမ်များ၊ သမိုင်းဝင် စေတီပုထိုးများ၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံလာရနိုင်သည့် နေရာများသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သောဖြစ်ရပ်များ အကြိမ်ကြိမ်ရှိခဲ့ကြောင်း ULA ထုတ်ပြန်ချက်တွင် ပါရှိသည်။

“မြောက်ဦးဆိုတာ ရခိုင်ပြည်သူတွေရဲ့အသည်းနှလုံးဖြစ်သလို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ ဝိုင်းဝန်းကြိုးပမ်းနေတဲ့ ကာလလည်းဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ မိမိတို့ AA ဟာ ရခိုင်ပြည်သူလူထုက ပေါက်ပွားလာတဲ့ ပြည်သူ့သားကောင်း ရက္ခိုင့်အမျိုးသားတပ်တော်တစ်ရပ် ဖြစ်တာနဲ့အညီ မိမိတို့အသက်တမျှ တန်ဖိုးထားတဲ့ ဘူမိနက်သန်မြေ သမိုင်းအမွေအနှစ်တွေကို ထိခိုက်ပျက်စီးအောင် ကျွန်တော်တို့ ဘယ်သောအခါမှ လုပ်ဖို့မဟုတ်ပါ။“

“ဒါပေမဲ့ ရခိုင်လူမျိုးတွေကို ရန်သူလို့ သတ်မှတ်ထားတဲ့ မြန်မာစစ်တပ်ဟာ အလွန်တရာ မျက်နှာပြောင်တိုက်ပြီး မြောက်ဦးမြို့မှာ တိုက်ပွဲအတုတွေ ဖန်တီးကာ မြောက်ဦးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်ဖို့ ကြံစည်ကြိုးစားလာနေပါတယ်” ဟု ဦးခိုင်သုခက ပြောထားသည်။

“လွန်ခဲ့တဲ့စက်တင်ဘာ ၆ ရက်နေ့ကဆိုရင် မြောက်ဦးမှာ မြန်မာစစ်တပ်ဟာ သူတို့ကိုယ်တိုင် မိုင်းအတုတွေဖောက်ပြီး ပိတ်ဆို့ပြီး ပြည်သူလူထုကို အထိတ်တလန့်ဖြစ်အောင်၊ စိုးရိမ်မှုရှိအောင် လုပ်ဆောင်ခဲ့ပါတယ်။ မြောက်ဦးဈေးကို ပိတ်ထားပြီး မိုင်းရှာဟန်ဆောင်ကာ ဓာတ်ဆီပုံးတွေထမ်းလို့ မြောက်ဦးမြို့ကို မီးတိုက်ဖို့ လုပ်ခဲ့ပါသေးတယ်”

မြောက်ဦးမြို့ဟောင်းအတွင်းရှိ ထိုင်တော်မူ ဘုရားရုပ်ပွားတော်တစ်ဆူကို ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ်။

ဘုရားစေတီကို အကာအကွယ်ပြု

AA ၏ သြဇာကြီးထွားလာသည်နှင့် တစ်ချိန်တည်းမှာပင် စစ်ကောင်စီသည် ရခိုင်တွင် နယ်မြေဆုံးရှုံးမှုများ၊ ၎င်းတို့ သြဇာလက်လွှတ်လိုက်ရသည့် နေမြေများ ပိုကျယ်ပြန့်လာသည်။ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို လုပ်နိုင်စွမ်းမရှိတော့သော်လည်း စစ်ကောင်စီသည် စစ်ရေးအရ ၎င်းတို့၏ ရှေ့တန်းတပ်စခန်းများကို အင်အားဖြည့်တင်းသည်။ 

အထူးသဖြင့် မြို့နှင့်အနီးရှိ တပ်ရင်းများ၊ ကျေးရွာအနီးတည်ရှိသည့် တပ်စခန်းများ၊ ဘုရားစေတီတို့တွင် တပ်စွဲထားသည့် တပ်စခန်းများကို အခိုင်အမာ တည်ဆောက်ထားသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မင်းပြားမြို့နယ်တွင် သမိုင်းဝင် ရှေးဟောင်းဘုရားကြီးတည်ရှိရာ ကျိန်းတောင်တွင် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်နေသည်ကို ဩဂုတ်လအတွင်းက မြင်တွေ့ရကြောင်း မင်းပြားမြို့ခံများက ပြောသည်။

ထို့ပြင် ကျောက်တော်မဟာမုနိဘုရားကုန်းတွင်လည်း စစ်ကောင်စီက တပ်စွဲထားသည့်အတွက် ဘုရားဖူးခရီးသည်များ သွားရောက်ခြင်း မရှိသလောက်ဖြစ်နေပြီဟု သိရသည်။

၂၀၁၉ ခုနှစ်မှစ၍ မင်းပြားကျိန်းတောင်၊ ကျောက်တော် မဟာမုနိဘုရား၊ ကျောက်တော် တောင်စေတီ၊ မြောက်ဦးမြို့နယ် သင်းကျစ်တော်စေတီနှင့် အခြားနာမည်ကြီးတန်ခိုးကြီး ဘုရားပုထိုးစေတီများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြ တပ်စွဲထားသည်။ 

ယခင် ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်ချိန် ၂၀၁၉ နှစ်ကုန်ကလည်း မြောက်ဦးအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး ရှေးဟောင်းသမိုင်းဝင် ပုထိုးစေတီများ အဆောက်အအုံများ ထိခိုက်ခဲ့သည်။

၂၀၁၉ ဒီဇင်ဘာ ၁၃ နံနက်က မြောက်ဦးမြို့ မြောက်ဘက် သင်းကျပ်တောင်ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းကြောင့် ရှေးဟောင်းသင်းကျပ်တောင်ဘုရားစေတီအနီး လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည်။

၂၀၁၉ မတ် ၁၈ တွင် မြောက်ဦးမြို့သို့ ညအချိန် စစ်တပ်က မော်တော်ယာဉ် ၈ စီးဖြင့် ဝင်ရောက်ကာ တိုက်ပွဲအတု ဖန်တီးပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။ ယင်းဖြစ်စဉ်တွင် ကမ္ဘောဇဘဏ် အပါအဝင် မြို့အတွင်းရှိ နေအိမ်များ၊ ဘုရားများတွင် ကျည်ထိခဲ့သည်။ ၂၀၂၀ စက်တင်ဘာ ၂၀  ညကလည်း မြောက်ဦးမြို့မှ ငွေတောင်ပေါက်တံတားအနီး ဒေသခံနှစ်ဦး ပစ်ခတ်ခံရသည်။

မြောက်ဦးမြို့ဟောင်းအတွင်းရှိ ထိုင်တော်မူ ဘုရားဆင်းတုများကို ၂၀၀၇ ခုနှစ်အတွင်းက တွေ့ရစဉ်။

စစ်ကောင်စီအကျပ်အတည်း

ရခိုင်-ဘင်္ဂလားနယ်စပ် စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းဖြစ်သည့် မိုင်တိုင် ၄၀ စခန်း၊ ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းနှင့် သံတောင်ဗျူဟာစခန်းကုန်းများကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီး အိန္ဒိယ-ဘင်္ဂလား-မြန်မာနယ်စပ် ပလက်ဝမြို့နယ်အတွင်းရှိ မြိတ်ဝစခန်းကုန်း အပါအဝင် စစ်ကောင်စီစခန်းကုန်းများကို AA က ဝိုင်းပတ် ပိတ်ဆို့ ရိက္ခာဖြတ်တောက်မှုများကြောင့် စစ်တပ်၏ စခန်းအမြောက်အမြားကို စွန့်လွှတ်ထားရကြောင်း AA က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီတပ်သည် နိုင်ငံ၏ နယ်စပ်တစ်လျှောက် စစ်အင်အားများတိုးချဲ့လျက် ဂျက်တိုက်လေယာဉ်များ၊ လက်နက်ကြီးများကိုအလွန်အကျွံသုံးကာ အရပ်ဘက် စစ်ဘက် ပစ်မှတ်များကို ခွဲခြားမှုမရှိဘဲ မဆင်မခြင် ရမ်းသန်းပစ်ခတ်နေကြောင်း AA က စက်တင်ဘာ ၁၇ တွင် ထုတ်ပြန်သည်။

အလားတူ မောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ ထောက်ပံ့ရေးကို ဖြတ်တောက်ထားနိုင်ပြီး နယ်မြေစိုးမိုးရေးများ ပိုအားကောင်းအောင် လုပ်လာနိုင်သည်။ သို့အတွက် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်း ဘီပီ ၄၀ မှ  မြောက်ဘက် ဘီပီ ၅၃ အထိ နယ်စပ်တစ်လျှောက် စခန်းများ ရုပ်သိမ်းသွားခဲ့သည်ဟု သိရသည်။

“အထူးသဖြင့် လူ ၂၀၊ ၃၀ လောက်နဲ့ တပ်စွဲထားတဲ့ စခန်းတော်တော်များများ ဆုတ်သွားတာရှိပါတယ်။ တချို့နေရာတွေမှာ စခန်း ၂ ခု၊ ၃ ခု ပေါင်းပြီး အင်အား ၆၀ ၊ ၇၀၊ ၁၀၀ စုပြီး ပိုလို့ လုံခြုံတဲ့အနေအထားနဲ့ သူတို့ဘက်က ရွှေ့သွားတာရှိပါတယ်။ လက်ရှိမြေပြင်အနေအထားအရ ကျွန်တော်တို့ဘက်က အသာစီးရထားတယ်လို့ ပြောလို့ ရပါတယ်”

“နောက်ဆက်တွဲအနေနဲ့ ရန်သူ့ဘက်က အင်အားအများအပြား ဖြည့်နေတာ တွေ့ရပါတယ်။ လူအင်အား၊ ရိက္ခာအင်အား၊ လက်နက်အင်အား တောက်လျှောက်ဖြည့်နေတာ တွေ့ရပါတယ်။ ဒါကြောင့် လာမဲ့ကာလတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာဖို့အခြေအနေရှိနေပါတယ်” ဟု ဦးခိုင်သုခက စက်တင်ဘာ ၁၉ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

တစ်ကျော့ပြန်စစ်ပွဲသည် နယ်မြေစိုးမိုးရေးထက် အပြီးသတ် နယ်မြေထိန်းချုပ်ရေးကို ပိုဦးတည်ပုံရသည်ဟု အကဲခတ်သူများက ပြောဆိုနေကြသည်။ 

ဦးခိုင်သုခကမူ အဆုံးအဖြတ်ပြောရန် အချိန်စောနေပါသေးကြောင်းနှင့် ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်နေဆဲ ဖြစ်ကြောင်းလည်း ပြောသည်။ 

မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝ ဒေသများတွင် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် သတိရှိရှိဖြင့် ဂရုစိုက်နေထိုင်ကြရန် AA က တိုက်တွန်းထားသည်။

လက်ရှိတွင် တော်လှန်ရေးကို အားပေးထောက်ခံကြသည့် ရခိုင်ပြည်သူလူထုကို စစ်ကောင်စီက ပစ်မှတ်ထားကာ အငြိုးတကြီး ဖမ်းဆီး၊ သတ်ဖြတ်ခြင်းများကို ပြုလုပ်နေသည်။

မြောက်ဦးမြို့ဟောင်းကို ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ်။

မြောက်ဦးကို ထိ မချိအောင်နာ

မြောက်ဦးသည် ရခိုင်သားတို့၏ နှလုံးသားလည်း ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် အားထုတ်နေသည့် မြောက်ဦးမြို့ကို အရုပ်ဆိုးအကျည်းတန်စေခဲ့သည့် ဖြစ်ရပ် သို့မဟုတ် ဝမ်းနည်းပူဆွေးရခြင်းမှ ပြန်လည်လက်စားချေခြင်းသို့ တွန်းပို့သည့်ဖြစ်ရပ်ဟု ဆိုရမည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ 

၂၀၁၈ ဇန်နဝါရီ ၁၆ ရက် (ပြာသိုလကွယ်) နေ့တွင် ကျရောက်သည့်  (၂၂၃) နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် ကျင်းပမည့် ညနေတွင် ဟောပြောပွဲ ခွင့်ပြုချက် မရသဖြင့် ဖျက်သိမ်းလိုက်ရသည်။ 

ယင်းသို့ဟောပြောပွဲ ဖျက်သိမ်းလိုက်ရပြီး နောက်ပိုင်း မြောက်ဦးမြို့၌ လူထုနှင့် နယ်မြေခံ ရဲတပ်ဖွဲ့အကြား ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းဖြစ်စဉ်အတွင်း အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ရပြီး ပြည်သူ ၁၂ ဦးမှာ ဒဏ်ရာရသွားသည်၊ ဒဏ်ရာရသူများအနက် ၈ ဦး တရားစွဲဆိုခံရသည်။

ယင်းဖြစ်ရပ်ကြောင့်ပင် မခံမရပ်နိုင်သည့် လူငယ်အများအပြားသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သွားကြသည်။ 

ယခုတစ်ဖန် ရခိုင်သားတို့၏ နှလုံးသား မြောက်ဦးကို ထပ်မံ အကျဉ်းတန်အောင် လုပ်လာမည်ဆိုလျှင် လူထုက နာကြည်းချက်ဖြင့် လက်နက်ကိုင်လာပြီး အဆုံးသတ်တိုက်ပွဲကို ဦးတည်သွားနိုင်သည်ဟု အများစုက ယူဆနေသည်။ 

ရခိုင်မင်းနေပြည်တော်တစ်ခုဖြစ်ခဲ့သည့် မြောက်ဦးမြို့  ၅၉၂ နှစ်ပြည့် အထိမ်းအမှတ်နေ့အခမ်းအနားကို သြဂုတ် ၂၇ ရက်ညက မြောက်ဦးဒေသခံတို့ ဆီမီးထွန်းပူဇော်ကာ ကျင်းပပြုလုပ်ခဲ့ကြသည်။

လာမည့် ၈ နှစ် ခရစ်သက္ကရာဇ် ၂၀၃၀ တွင် ဆိုလျှင် မြောက်ဦးမြို့ကို တည်ခဲ့သည်မှာ နှစ်ပေါင်း ၆ဝဝ ပြည့်မြောက်တော့မည်ဖြစ်ပြီး နှစ် ၆ဝဝ ပြည့်အထိမ်းအမှတ်အခမ်းအနားပွဲကိုလည်း မြောက်ဦးမြို့သူမြို့သားများနှင့် ရခိုင်တစ်ပြည်လုံးမှ ပြည်သူများအားလုံး စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ရည်ရွယ်ထားကြသည်။

သို့ရာတွင် လက်ရှိအခြေအနေမှာ မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်ပြီး မြောက်ဦးမြို့၏ ရေလမ်းကြောင်းကို ပိတ်ဆို့ခံထားရသည်။ အလားတူ လမ်းထွက်လျှင် စစ်ဆေးခံရနိုင်ခြင်း၊ ဖမ်းဆီးခံရနိုင်ခြင်း စသည့် အန္တရာယ်ကို မြို့ခံများ ရင်ဆိုင်နေရဆဲဖြစ်သည်။ 

ထို့ကြောင့် စစ်ကောင်စီ၏ စိတ်ရူးထဖောက်သမျှကို ခံရမည့် အနေအထားတွင် အမှန်တကယ်လည်း မြောက်ဦးသည် သူရဲဘောကြောင်သူများ၏ လက်ထဲတွင် ဓားစာခံအဖြစ် ကျရောက်နေသည်ဟု ဆိုရမည်ပင် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button