
မြန်မာတပ်မတော်၏ အထူးလေယာဉ်တစ်စင်း အဆင့်မြှင့်တင်ခြင်းနှင့် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်း ဝယ်ယူမည့်အစီအစဉ် အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များကို အစိုးရနှင့် လွှတ်တော်က ထိန်းကွပ်စီမံရန် Justice for Myanmar က တောင်းဆိုလိုက်သည်။
၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အထိ နှစ်အလိုက် ဘတ်ဂျက်ဆိုင်ရာ အချက်အလက်များကို ကိုးကားထားသော Justice for Myanmar ၏ ထုတ်ပြန်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာနသည် Airbus အမှတ်တံဆိပ် အထူးလေယာဉ်တစ်စင်းကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ သန်း အကုန်အကျခံကာ အဆင့်မြင့်တင်ခြင်းနှင့် ကန်ဒေါ်လာ ၃၈ ဒသမ ၆ သန်းတန် သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်း ဝယ်ယူရန် ရှိနေသည်။
“စစ်တပ်အနေနဲ့ အရပ်ဘက်ထိန်းကွပ်မှုအောက်မှာ အပြည့်အဝရှိနေချိန်အထိ၊ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီး သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်ပြစ်မှုတွေအတွက် ဥပဒေအတိုင်း အရေးယူမှုခံယူပြီးတဲ့အထိ၊ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာတဲ့အချိန်အထိ မြန်မာစစ်တပ်ရဲ့အသုံးစရိတ်တွေကို အမြန်ဆုံးထိန်းကွပ်စီမံဖို့ မြန်မာအစိုးရနဲ့ လွှတ်တော်ကို တောင်းဆိုပါတယ်” ဟု Justice for Myanmar ပြောခွင့်ရပုဂ္ဂိုလ် မရတနာမောင်က ပြောသည်။
အထူးလေယာဉ် A319-112 မှာ ကမ္ဘောဇအုပ်စုပိုင် MAI လေကြောင်းလိုင်း၏ လေယာဉ်ဖြစ်ပြီး ထိုလေယာဉ်ကို တပ်မတော်လေတပ်က အဆင့်မြင့်ပြောင်းလဲမှုများ ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု Justice for Myanmarက ဆိုသော်လည်း ကမ္ဘောဇအုပ်စုထံမှ ထိုလေယာဉ်ကို တပ်မတော်က မည်ကဲ့သို့ လွှဲပြောင်းရယူခဲ့သည်ကိုမူ မသိရပေ။
အဆိုပါအထူးလေယာဉ် အဆင့်မြှင့်ပြောင်းလဲခြင်းကို ဟောင်ကောင်အခြေစိုက် HAECO လေယာဉ်ကုမ္ပဏီ၏ လက်ခွဲ HAECO Xiamen က အကောင်အထည်ဖော်ပေးမည်ဖြစ်ပြီး ဟောင်ကောင်လေကြောင်းဌာနက ပြောင်းလဲမှုကို တရားဝင်အသိအမှတ်ပြုပေးမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ HAECO လေယာဉ်ကုမ္ပဏီ၏ မိခင်ကုမ္ပဏီ Swire Group သည် Cathay Pacific လေကြောင်းကို ပိုင်ဆိုင်သော Swire Pacific ၏ မိခင်ကုမ္ပဏီလည်း ဖြစ်သည်။
Airbus အမှတ်တံဆိပ် C-295 အမျိုးအစား ပို့ဆောင်ရေးလေယာဉ်နှစ်စင်းကိုမူ တော်ဝင်ဂျော်ဒန်လေတပ်ဆီမှ မြန်မာလေတပ်က ယခုနှစ် ဒီဇင်ဘာလနောက်ဆုံးထားကာ ဝယ်ယူသွားမည်ဖြစ်ကြောင်း Justice for Myanmar က ရေးသားထားသည်။
“မြန်မာစစ်တပ်နဲ့ ဆက်နွှယ်မှုတွေကို ဖြတ်တောက်ဖို့ စီးပွားရေးလုပ်ငန်းအားလုံးကို တောင်းဆိုပါတယ်။ စစ်တပ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ နိုင်ငံခြားအစိုးရတွေကို တောင်းဆိုပါတယ်” ဟုလည်း မရတနာမောင်က ပြောသည်။
C-295 လေယာဉ်အမျိုးအစားသည် လေထီးတပ်များ အပါအဝင် တပ်ဖွဲ့များသယ်ယူပို့ဆောင်ရေးအပြင် လက်နက်လည်းတပ်ဆင်အသုံးပြုနိုင်ပြီး ဆက်သွယ်ရေးထောက်လှမ်းမှုများလည်း ပြုလုပ်နိုင်ကြောင်း လေယာဉ်ကုမ္ပဏီ၏ ဝက်ဆိုက်အချက်အလက်များအရ သိရသည်။
လေယာဉ်ဝယ်ယူမှုအစီအစဉ်တွင် လေယာဉ်မောင်း ၈ ဦးနှင့် စက်ဘက်ကျွမ်းကျင် ၄ ဦးတို့ကို မြန်မာနိုင်ငံသို့မဟုတ် သင့်တော်သောနေရာတွင် လေယာဉ်အသုံးပြုပုံသင်တန်းပေးရန်လည်း ပါဝင်ရာ ထိုအစီအစဉ်ဖြစ်မြောက်ပါက ဥရောပသမဂ္ဂ၏ လက်နက်ကုန်သွယ်ရေးပိတ်ဆို့မှုကို ချိုးဖောက်ရာကျမည်ဖြစ်သည်။
အထူးလေယာဉ်အဆင့်မြှင့်ပြောင်းလဲခြင်းနှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်း ဝယ်ယူရေးအစီအစဉ်တို့ကို ပုဂ္ဂလိကပိုင် Aero Sofi လေယာဉ်ဝန်ဆောင်မှုကုမ္ပဏီက ကြားခံညှိနှိုင်းဖော်ဆောင်ပေးမည်ဖြစ်ကြောင်းလည်း Justice for Myanmar က ဆိုထားသည်။
Aero Sofi ကုမ္ပဏီကို Air Mandalay လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ်ဟောင်း Sai Khan Park Hpa က ပူးပေါင်းတည်ထောင်င်ထားပြီး ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ပက်ထရစ်အောင်မှာ တပ်ပိုင်ဆက်သွယ်ရေးကုမ္ပဏီ Mytel ကို တာဝါတိုင်ဝန်ဆောင်မှုပေးသည့် National Tower Development ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။
အထူးလေယာဉ်အဆင့်မြှင့်ပြောင်းလဲခြင်းအတွက် သဘောတူစာချုပ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ ဗိုလ်မှူးချုပ်စိုးတင်လတ်နှင့် Aero Sofi ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ပက်ထရစ်အောင်တို့ လက်မှတ်ရေးထိုးထား ပြီး Sai Khan Park Hpa က အသိသက်သေဖြစ်သည်။
နိုင်ငံအတွက် မရှိမဖြစ်လိုအပ်နေသည့် ပညာရေးနှင့် ပြည်သူ့ကျန်းမာရေးတို့တွင် ငွေကြေးမသုံးစွဲဘဲ ထိုကဲ့သို့သော လေယာဉ်အဆင့်မြင့်ခြင်းနှင့် ဝယ်ယူရေးအစီအစဉ်များတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံခြင်းသည် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ထောက်ပံ့ပေးနေသကဲ့သို့ ဖြစ်နေသည်ဟုလည်း Justice for Myanmar က ဝေဖန်ထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဆိုင်ရာအသုံးစရိတ်များတွင်လည်း ဩစတြီးယားနိုင်ငံထုတ် အဆင့်မြင့်မောင်းသူမဲ့ Camcopter S-100 များဝယ်ယူရန် (ယူရို ၁၆ သန်းနှင့်ညီမျှသော) ကျပ် ၂၇ ဘီလျံတောင်းခံခဲ့သည်ကို တွေ့ရသည်။
မိုင်ရာချီခရီးနှင်ကာ ကင်းထောက်ခြင်း၊ ဓာတ်ပုံအချက်အလက်များ တိုက်ရိုက် ရိုက်ကူးပေးပို့နိုင်ခြင်း စသည့်လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်သည့် Camcopter S-100 ရဟတ်ယာဉ်များကို မြန်မာ့တပ်မတော်က ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ၂၀၁၈ ဒီဇင်ဘာလ ၂၄ တွင် ရန်ကုန်မြို့တောင်ဘက် ပင်လယ်ထွက်ပေါက် သီလဝါ၌ ကျင်းပခဲ့သည့် မြန်မာ့တပ်မတော်ရေတပ် ၇၁ နှစ်မြောက် အခမ်းအနားတွင် တပ်မတော်က တရားဝင် ထုတ်ဖော်ပြသခဲ့ဖူးသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသော အချက်အလက်များအရ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များမှာ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၂,၉၉၀ ဘီလျံကျော်၊ ၂၀၁၇ – ၁၈ တွင် ၃,၁၉၂ ဘီလျံကျော်၊ ၂၀၁၈ – ၁၉ တွင် ၃,၂၅၀ ဘီလျံကျော်၊ ၂၀၁၉ – ၂၀ တွင် ၃,၃၈၅ ဘီလျံကျော်၊ ၂၀၂၀ – ၂၁ တွင် ၃,၄၁၄ ဘီလျံကျော် ရှိသည်။
တပ်မတော်၏ ထုတ်ပြန်ချက်များအရ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တပ်မတော် (လေ) အတွက် တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်များ အပါအဝင် လေယာဉ်မျိုးစုံ ၉၀ နီးပါးအထိ တပ်တော်ဝင်ခဲ့သည်။
၂၀၁၉ ဒီဇင်ဘာ ၁၅ တွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ခဲ့သည့် တပ်မတော် (လေ) ၏ ၇၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် JF-17 B ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် ၂ စင်း၊ Yak-130 အပေါ့စားတိုက်လေယာဉ် ၆ စင်းနှင့် MI-35P တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး၊ စုစုပေါင်း လေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်း ပြုလုပ်ခဲ့သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် JF-17 အမျိုးအစား တိုက်လေယာဉ် ၄ စီး၊ ATR 72-500 အမျိုးအစားသယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စီး၊ Eurocopter အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီး တပ်တော်ဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်လည်း Yak-130 အမျိုးအစား လေယာဉ် ၆ စီး၊ Fokker-70 အမျိုးအစား လေယာဉ် ၂ စီးနှင့် ATR 42-320 အမျိုးအစား လေယာဉ် ၂ စီး စုစုပေါင်း ၁၀ တပ်မတော်ဝင်ခဲ့သည်။
ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လေယာဉ်အမျိုးအစား ခြောက်မျိုး အစင်းရေ ၅၁ စင်း၊ ရဟတ်ယာဉ်အမျိုးအစား သုံးမျိုး၊ အစင်းရေ ၁၀ စင်း တပ်တော်ဝင်ခဲ့ကြောင်း ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်က ပြုလုပ်သည့် တပ်တော်ဝင်အခမ်းအနားတစ်ခုတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။