
မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် Facebook ပေါ်တွင် တပ်မတော်ခေါင်းဆောင်များကို ဝေဖန်ရေးသားခဲ့သော တပ်မတော်ဆေးတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသား ကိုခိုင်ခန့်ကျော်ကို တပ်မတော်အက်ဥပဒေဖြင့် အရေးယူမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။
“ဆေးကျောင်းသားကိုလည်း ကျွန်တော်တို့က တရားစွဲဆိုဖို့ လုပ်နေတုန်းပဲရှိပါသေးတယ်။ သူကတော့ စစ်တရားရုံးနဲ့သွားမှာပါ” ဟု နေပြည်တော်၌ နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။
“စစ်တရားရုံးတို့ပြီးသွားရင် (မိသားစုနှင့်)တွေ့ခွင့်ရမှာပါ။ ဒါတွေက လုပ်ငန်းစဉ်အတိုင်းပဲ ပြီးသွားရင် တွေ့ရမှာပါ။ မတွေ့ရမှာလည်း မပူပါနဲ့” ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် တက်ရောက်နေသူ ကိုခိုင်ခန့်ကျော်သည် တပ်ခေါင်းဆောင်များကို ဝေဖန်ရေးသားခဲ့ပြီးနောက် မိသားစုနှင့် အဆက်အသွယ်မရတော့သည်မှာ ဩဂုတ်လပိုင်းကတည်းက ဖြစ်သည်။
လေးလအကြာတွင် တပ်မတော်က သတင်းစာရှင်းလင်းပွဲမှတဆင့် ထိုသို့ ထုတ်ဖော်ပြောကြားလာမှုနှင့်ပတ်သက်၍ ကိုခိုင်ခန့်ကျော်၏ ဖခင်ဖြစ်သူကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် “ဘာမှ ဖြေစရာမရှိပါဘူး” ဟုသာ အကြောင်းပြန်ခဲ့သည်။
ကိုခိုင်ခန့်ကျော်သည် ဦးနေဝင်း၊ ဦးခင်ညွန့်၊ ဦးသန်းရွှေ စသော အာဏာသိမ်းခေါင်းဆောင်များ၏ သမိုင်းများကို ဒေါ်အောင်ဆန်းစုကြည်နှင့် နှိုင်းယှဉ်ရေးသားထားသော စာများကို ပြီးခဲ့သည့်ဩဂုတ်အတွင်း ၎င်း၏ Facebook စာမျက်နှာတွင် ပြန်လည်ရေးသားမျှဝေခဲ့သည်။
ထို့အပြင် ၂၀၁၃ခုနှစ်က ဒီပဲယင်းလုပ်ကြံမှုမှ ဓာတ်ပုံများကို ပြန်လည်မျှဝေ၍ လက်နက်မပါသော ကျောင်းသားများကို သေနတ်ဖြင့်ပစ်ရန် ပြောဆိုသူများနှင့်ပတ်သက်၍လည်း ဝေဖန်ရေးသားခဲ့သည်။
စစ်တပ်ကို ချစ်လို့ဝင်တာမဟုတ်ကြောင်း၊ တပ်မတော်၏ ကျင့်ဝတ် ၆၀ ထဲတွင် ‘တော်တည့် မှန်ကန်စွာ သစ္စာစောင့်ပါ’ ဟုသာ ပါရှိပြီး မဟုတ်တာကို ဟုတ်ပါတယ်ဟု အတင်းလက်ခံခိုင်းထားခြင်း မဟုတ်ကြောင်းလည်း ကိုခိုင်ခန့်ကျော်က လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။
တပ်မတော်ခေါင်းဆောင်းများကို ဝေဖန်ရေးသားခဲ့သူ ကိုခိုင်ခန့်ကျော်အနေဖြင့် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်သည့် တပ်မတော်အက်ဥပဒေ ပုဒ်မ ၆၅ စည်းကမ်းစနစ်တကျမရှိမှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆ (ဃ)တို့ဖြင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ဗိုလ်မှူးဟောင်းကျော်စွာဝင်းက သုံးသပ်သည်။
“အရေးယူတော့မယ်ဆိုရင် တပ်မတော်အက်ဥပဒေပုဒ်မ ၆၅ အမြင်ကပ်ပုဒ်မခေါ်တာပေါ့။ အဲဒါနဲ့တွဲပြီး ၆၆ (ဃ)ကလည်း မြောက်နေတယ်။ အွန်လိုင်းသုံးတာဆိုတော့။ ကျန်တာကတော့ တပ်မယ်ဆိုရင်တော့ ရှာကြံတပ်တာတွေ ရှိနိုင်ပါတယ်”ဟု ဗိုလ်မှူးဟောင်းကျော်စွာဝင်းက ဆိုသည်။
ဗိုလ်မှူးဟောင်းကျော်စွာဝင်း ၂၀၀၈ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလှုံ့ဆော်ပွဲတွင် ပါဝင်ခဲ့သဖြင် ထောင်ဒဏ်၂ နှစ်ချခဲ့ရသူဖြစ်သည်။
၂၀၁၂ အတွင်းက တပ်မတော်လေတပ်မှ ဗိုလ်ကြီးနေလင်းဒွေးသည် တပ်မတော်အတွင်း ဖိနှိပ်မှုများ၊ ရဲမေများ ဒုက္ခရောက်သည့်အခြေအနေများကို ဝတ္ထုဆန်ဆန်ရေးသား၍ ပြည်ပအခြေစိုက် အင်တာနက်စာမျက်နှာတစ်ခုဖြစ်သည့် Photayokeသို့ ပေးပို့သည်ဆိုကာ သံသယဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ နောက်ပိုင်းတွင် အီလက်ထရွန်နစ်ပုဒ်မ၊ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပေါက်ကြားမှုတို့ဖြင့် ထောင်ဒဏ်တစ်ကျွန်း ချမှတ်ခံရသည့်ဖြစ်စဉ်များရှိကြောင်းလည်း ဗိုလ်မှူးဟောင်းကျော်စွာဝင်း ဆိုသည်။
“လူသိများတဲ့အမှုဆိုရင် ခြောက်လအတွင်း ဖြတ်ဖို့ များတယ်။ မဟုတ်ရင် အချုပ်ထဲထည့်လိုက်၊ ထုတ်လိုက်နဲ့ လုပ်ချင်သလို လုပ်နေမှာ။ စစ်တပ်က တော်တော်ကို အခွင့်အရေးမရှိတာ။ စစ်သားတွေက လူ့အခွင့်အရေးတအားဆုံးရှုံးတာ၊ ဘာဥပဒေ၊ ဘာအမှန်တရားမှ မရှိဘူး” ဟု ဗိုလ်မှူးဟောင်းကျော်စွာဝင်းက ဆိုသည်။